cross

cross

1

2

3

4

Friday, April 22, 2016

ခရီးသွားလေ့ရှိတဲ့သူတွေက ဘာလို့အောင်မြင်တတ်လဲ?

ခရီးသွားခြင်းက ဘဝအမောတွေကို ပြေပျောက်စေတယ်၊ အပန်းပြေစေတယ်၊ ဗဟုသုတတွေကို ရစေတယ်။ ဒီလိုအချက်တွေအပြင် ကိုယ်သတိမထားမိတဲ့ အရည်အသွေးတွေကိုလည်း တိုးတက်လာစေပါတယ်။ ဒီအရည်အသွေးတွေဟာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကောင်းတစ်ခုအဖြစ်နဲ့ လုပ်ငန်းခွင်မှာပါ အထောက်အကူပြုလေ့ရှိပါတယ်။

(၁) ပွင့်လင်းတဲ့သဘောထားရှိတယ်။

ခရီးသွားနေတဲ့အခါမှာ လူတစ်ယောက်ရဲ့စိတ်ဟာ ပွင့်လင်းပါတယ်။ သူ့ရဲ့အမြင်နဲ့ခံစားချက်ပေါ်မှာလည်း ရိုးသားပါတယ်။ ပုံမှန်ခရီးသွားလေ့ရှိသူတစ်ဦးအနေနဲ့ ဒီအကျင့်လေးတွေဟာ သူ့ရဲ့ လုပ်ငန်းခွင်ထဲထိ ကူးစက်လာတတ်ပါတယ်။

(၂) လူမှုဆက်ဆံရေး ကျယ်ပြန့်တယ်။

ခရီးအတူသွားတဲ့အခါ ခရီးသွားဖော်တွေရှိမယ်။ နယ်ပယ်အသစ်တွေကို ရောက်တဲ့အခါမှာ နယ်ခံတွေရှိမယ်။ ခရီးသွားရင်းနဲ့ ကိုယ်နဲ့မသိတဲ့ လူပေါင်းများစွာနဲ့ တွေ့ကြုံရပါတယ်။ မိတ်ဆွေအသစ်တွေနဲ့ ခင်မင်အောင် ပေါင်းသင်းဖို့ အခွင့်အရေးတွေ ရတတ်ပါတယ်။

(၃) လူတွေအကြောင်း နားလည်မယ်။

လူတစ်ယောက်အကြောင်း သိချင်ရင် ခရီးအတူသွားကြည့်ဆိုတဲ့ စကားရှိပါတယ်။ ဒီလိုပါပဲ ခရီးမကြာခဏသွားလေ့ရှိသူတစ်ဦးဟာလည်း လူတွေအကြောင်းကို တဖြည်းဖြည်းနားလည်လာပါတယ်။ မကောင်းမြင်စိတ်ထက်စာရင် လူတွေရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောကို နားလည်လာခြင်းလည်း ဖြစ်ပါတယ်။

(၄) အစီအစဉ်ဆွဲတာကောင်းလာတယ်။

ခရီးတစ်ခုသွားတယ်ဆိုတာ ဒီအတိုင်းကြီး ခြေဦးတည့်ရာ သွားလို့မရပါဘူး။ ဘယ်ကိုသွားမယ်။ ဘယ်ရောက်ရင် ဘာလုပ်မယ်။ စသဖြင့် ကြိုတင်အစီအစဉ်ဆွဲထားရပါတယ်။ ခရီးသွားခြင်းအားဖြင့် ဒီလို planning လုပ်တဲ့အပိုင်းမှာလည်း တိုးတက်လာနိုင်ပါတယ်။

(၅) ဗဟုသုတတိုးမယ်။

ဗဟုသုတ သိုမှီးတဲ့နည်း သုံးခုရှိပါတယ်။ ဒါတွေကတော့ စာဖတ်ခြင်း၊ သူများဆီက နားထောင်ခြင်းနဲ့ ခရီးသွားခြင်းတို့ပဲ ဖြစ်ပါတယ်။ ဒီထဲကမှ အထိရောက်ဆုံးကလည်း ခရီးသွားခြင်းလို့ ဆိုထားပါတယ်။ ခရီးတစ်ခေါက် သွားလိုက်တာနဲ့ ကိုယ့်ရဲ့ ကိုယ်ရော၊စိတ်ပါ အပြောင်းအလဲတွေကို ခံစားမိမှာပါ။

(၆) စိတ်ခွန်အားတက်ကြွနေတတ်တယ်။

ခရီးသွားတဲ့သူအများစုရဲ့ စိတ်တွေဟာ သစ်လွင်နေလေ့ရှိပါတယ်။ အတွေးဟောင်းတွေ၊ ခံစားမှုအဟောင်းတွေကိုလည်း ခရီးသွားခြင်းနဲ့အတူ ချန်လှပ်ထားလေ့ရှိပါတယ်။


လူထုရှေ့ စကားပြောကောင်းသူဖြစ်ဖို့ လိုအပ်ချက် ၉-ချက်

ခေါင်းဆောင်တွေ၊ လူကြီးတွေနှင့်
ယနေ့လူငယ် နောင်ဝယ်လူကြီးဖြစ်လာမည့် သူတွေဟာ
လူထုရှေ့မှာ နေ့တဓူဝ ပြောဆိုနေရ၊ ထိတွေ့နေကြရတာ ဖြစ်တယ်။
ပရိတ်သတ်ရှေ့မှောက်မှာ ထိရောက်တဲ့ နည်းလမ်းတွေနှင့်
စကားပြောကောင်းသူတစ်ယောက် ဖြစ်ဖို့ လိုအပ်တဲ့ အချက် ၉-ချက်ကို မျှဝေပေးပါမယ်။

အဲဒါတွေကတော့...

1. Clear Purpose
ရှင်းလင်းသော၊ တိကျသော ရည်ရွယ်ချက် ဦးတည်ချက် Purpose ဖြစ်ရမည်။

ဟုတ်ပါတယ်။ ကိုယ်ပြောမယ့် အကြောင်းအရာရဲ့ခေါင်းစဉ်၊
Aim & Objective ဟာရှင်းလင်းတိကျပြတ်သားရပါမယ်။

ခေါင်းစဉ်ကိုကြည့်လိုက်တာနဲ့ ဘာကိုပြောမယ်ဆိုတာ သိနေရပါမယ်။
ဘာကိုပြောချင်မှန်းမသိ စင်ပေါ်တက်ပြောချင်ရာပြောတာ လုံးဝမလုပ်သင့်ပါ။

2. Know the Audience
ပရိသတ်ကိုသိပါ။

သိထားသင့်တာပေါ့။ ကိုယ်ပြောမယ့် ပရိသတ်ဟာ စာတတ်ပေတတ်တွေလား။ ကလေးတွေလား။ လယ်သမားတွေလား။ ဆယ်ကျော်သတ်လူငယ်တွေလား လူကြီးပိုင်းတွေလား စသည်ဖြင့်သိရပါမယ်။ ဒါမှ ကိုယ်ဟာဘယ်လို Present လုပ်ရမယ်၊ ပရိသတ်စိတ်ဝင်စားအောင် ဘယ်လိုပြောရမယ်၊ ဘယ်အချက်တွေဟာဖြင့် ပါရမယ်၊ ပြောရမယ်ဆိုတာသိမှာပါ။ မပြောသင့်တာတွေကိုလည်း သိပါ။

3. Meet the need လိုအပ်ချက်ကို ထိမှန်စေ။

ဒီမှာ need ဆိုတာ ၂မျိုးရှိပါတယ်။
လူထု ( ပရိသတ် ) ရဲ့ need ပါ။ ကျန်းမာရေးအသိလဲဖြစ်ချင်ဖြစ်မယ်။ စီးပွားရေးဆိုင်ရာအသိလဲ ဖြစ်ချင်ဖြစ်မယ်။

ဒုတိယ တစ်ခုကတော့ ကိုယ်Presentation လုပ်မယ့်နေရာမှာ လိုအပ်တဲ့ need တွေပါ။ ဥပမာ- မီးမလာတဲ့ နေရာမျိုးမှာ ကွန်ပျူတာရယ် Projector ရယ်က need မဟုတ်ပါဘူး။

ကျောက်သင်ပုန်း ( WhiteBoard ) ၊ Flip Chart နဲ့ Promo တွေက အဓိက need ပါ။ ဒါတွေကတော့ need မတူတဲ့ပုံစံတွေပါပဲ။

4. Outcome-take home message
အိမ်အပြန် စကားလက်ဆောင်။

ရှေ့ပိုင်းမှာ ပြောချင်တာပြော၊ အဆုံးသတ်မှာတော့ ထိမိတဲ့ နားထဲစွဲနေမယ့် စကားလေး ၂ခွန်း ၃ခွန်းလောက်နဲ့ နိဂုံးချုပ်တာပါ။

ပရိသတ်တွေ တခြားအကြောင်းအရာတွေကို နားဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဒီ take home messages ကိုတော့ နားဝင်ပါစေ။ ပြီးတော့ ဒီ messages ဟာ ရှေ့ကပြောလာခဲ့သမျှကို ခြုံငုံမိဖို့လိုပါတယ်။

အသိပညာလေးတစ်ခုခု၊ ဗဟုသုတလေးတစ်ခုခု နားထဲစွဲသွားခဲ့ပြီဆိုရင် ခင်ဗျားရဲ့ Presentation ဟာ အောင်မြင်ပြီပေါ့။

5. Mode of Communication
ဒါအရေးကြီးတဲ့ အပိုင်းပါ။ ကိုယ်ပြောမယ့် အကြောင်းအရာတစ်ခုကို ဘယ်လို Present လုပ်မှာလဲဆိုတာအရေးပါပါတယ်။

Power Pointနဲ့ပြမှာလား။ Flip Chart တွေနဲ့ပြမှာလား။ Demi Model တွေသုံးမှာလား။
တရားဟောဓမ္မကထိကတွေလို ခွက်လေးတွေနဲ့ပြကြမှာလား။ ဒါက Mode တစ်ခုပါ။

နောက်ထပ်တစ်ခုက Style of Presentation ပါ။ တရားဟောသလိုပြောမှာလား။ ကွက်စိပ်ဟောသလို ပြောမှာလား။ သတင်းကြေညာသလို ပြောနေမှာလား။ ကျပန်းစကားပြောသလိုပြောမှာလား။ Discussion လုပ်တဲ့ပုံစံ Present လုပ်မှာလား စသည်ဖြင့်ပေါ့။

ပြီးတော့ Presentation ကို

Open Type Style ပြောမှာလား။
Closed Typed Style ပြောမှာလား။
One Way Presentationလား။
Community perticipated Style လားပေါ့။

ဒါတွေက Modes of Communication တွေပါ။ ဘယ်ဟာကအကောင်းဆုံးဆိုပြီးတော့ မပြောချင်ပါ။ ကိုယ်ကျွမ်းကျင်တဲ့ပုံဟာအကောင်းဆုံးပါ။

6. Structure
မိမိတင်ပြမယ့် အကြောင်းအရာ Topic တစ်ခုရဲ့ အခင်းအကျင်း Structure Framework ဟာ လှပပြီး အစီစဉ်တကျဖြစ်ရပါမယ်။ အ
ကြမ်းအားဖြင့်
Intro, မိတ်ဆက်
Body, အလယ်ကိုယ်
Conclusion အဆုံးသတ်
ဆိုပြီးအစီအစဉ်တကျဖြစ်ရမှာပါ။

အခု ရေးနေပြောနေတာတွေဆိုရင် အစီအစဉ်မကျတာအားလုံးမြင်ကြမှာပါ။ တကယ်ဆိုဒီလိုမဖြစ်သင့်ဘူး။ ကျွန်တော့အပြစ်တွေပဲဆိုပါတော့။

Intro မှာ ဘာတွေပါမှာလဲဆိုရင် ကိုယ်ပြောမယ့် အကြောင်းအရာရဲ့ ဖွဲ့ဆိုပုံတွေ ကိုယ့်ပြောမယ့်အကြောင်းအရာရဲ့ အရေးကြီးပုံ အရေးပါပုံတွေ Roll Up လို့ခေါ်တဲ့ ဖွဲတဲ့ပုံစံတွေ ပါသင့်တယ်။

Body ကတော့ Topic ရဲ့ Detail Factsတွေ၊ Graph တွေ Table တွေ ပုံတွေ ဥပမာတွေပါရပါမယ်။

Conclusion ဆိုတဲ့ နိဂုံးပိုင်းမှာတော့ အပေါ်မှာပြောခဲ့သမျှ အကြောင်းအရာတွေကိုစုစည်းပြီး အဆုံးသတ်ပေးရပါမယ်။

Take home Message လေးတွေထည့်ပေးရမယ်။ Important Facts တွေကို Note လေးထုတ်ပေးသင့်ပါတယ်။

7. Scrip-Note-(points)
ဒါကတော့ Presentation မှာ ပြောရမယ့်၊ ပြောလိုတဲ့ စကားလုံးတွေ၊ Example တွေ၊ Update လေးတွေကို မိမိဘာသာ စာရွက်လေးနဲ့ အကြမ်းရေးထားတာ List လုပ်ထားတာပါ။
Presentation Slides မှာ မပါတဲ့အကြောင်းအရာလေးတွေ ပြောရမယ့်အစီစဉ်လေးတွေကို Tips တွေ List တွေစီထားခြင်းအားဖြင့် မေ့ကျန်မှာ မှားမှာ ဗျောက်သောက်ဖြစ်မှာ မစိုးရိမ်ရတော့ဘူးပေါ့။

ပြောရမယ့်စကားလုံးတွေကို သည်၏မလွဲ ရေးထားစရာမလိုပါဘူး။ ဉပမာ မောင်ဖြူအကြောင်းပြောမယ်ဆို မောင်ဖြူလို့ List လေးရေးထားတာမျိုးပါ။

8. Rehearse/Practice
ပွဲမဝင်ခင် အပြင်မှာကျင်းပတာပါ။
များများလေ့ကျင့်လေ စင်ပေါ်ရောက်တဲ့အခါ အမှားနည်းလေပါပဲ။

ပြီးတော့ ပေးထားတဲ့အချိန်အတွင်း ပြီးအောင်ပြောနိုင်ဖို့ အချိန်အများကြီးပိုမနေဖို့ဟာ ဒီ Practice နဲ့ဆိုင်ပါတယ်။ ပြန်ပြီးတက်လာမယ့် questions တွေအတွက်လဲ ကြိုစဉ်းစားပြီး Prepare လုပ်ထားရပါမယ်။ ပြီးတော့ အခြားသူတွေရဲ့ ဟောပုံပြောပုံတွေကိုလေ့လာပြီး စုတုပြု လုပ်သင့်ပါတယ်။

9. Do if It is prepared
အပေါ်ကအချက်တွေအားလုံး စုံပြီဆိုရင်တော့ပြောပါ ဟောပါတော့တဲ့။
စင်ပေါ်တက်ပြီဟေ့ဆိုရင် လိုအပ်တဲ့အချက်လေးတွေ Tips တွေကိုဆက်ရအောင်။

On the Stage မှာ Clothing ဟာအရေးကြီးပါတယ်။ သပ်ရပ်စွာဝတ်ဆင်ပါလို့ အကြံပြုပါရစေ။

တခါတလေ ပြောမယ့် Presentation နဲ့လိုက်မယ့် အဝတ်အစားမျိုးဝတ်သင့်ပါတယ်။ ပြောမှာက အမျိုးသားယဉ်ကျေးမှုထိန်းသိမ်းရေး၊ ဝတ်လာတာက ဥရောပ Suit နဲ့ဆိုတာမျိုးကတော့ ကြည့်ရဆိုးပါတယ်။

Clothing ပြီးတော့ Confidence ပါ။ Confidence မရှိပဲ စင်ပေါ်တက်မလာပါနဲ့။ Confidence ရှိအောင်ကြိုးစားပါ။ ကြောက်သလိုလို ရှက်သလိုလိုနဲ့ကတော့ အလုပ်မဖြစ်ပါဘူး။ ရင်ကော့ပြီးမတက်နိုင်သည့်တိုင် ကြောက်တော့မနေပါနဲ့။

နောက်တစ်ခုက Overview ပါ။ ကိုယ်က စင်ပေါ်တက် နှုက်ဆက်ပြီးတာနဲ့ စင်အောက်ကပရိသတ်ကို overview လေးကြည့်လိုက်ပါ။ ဘယ်လိုတွေဖြစ်နေလဲတချက်လောက် ဝေ့ကြည့်လိုက်ပါ။ စင်ပေါ်တက် ခေါင်းကြီးငုံပြီး ပြောချင်တာလျှောက်ပြောနေမယ့်အစား ပရိသတ်ကို နဲနဲ ဂရုစိုက်ပါ။

ရီကြတယ်၊ လက်ခုပ်တီးကြတယ်ဆိုရင် ခဏလောက်စောင့်ပေးပါ။ ပြီးမှဆက်ပြောပါ။ ပြီးတော့ စင်အောက်ကပရိသတ် စိတ်ဝင်စားမှုရှိနေရဲ့လား၊ ပျင်းနေပြီလား တချက်ကြည့်ပါ။

Overview ပြီးတော့ Trust Building လိုပါတယ်။ Trust Building ဆိုတာက နားထောင်သူနဲ့မိမိအကြား ယုံကြည်မှုတည်ဆောက်လိုက်တာပါ။ မိမိကိုယ်ကို မိတ်ဆက်ရင်း မိမိရဲ့ Skillလေးတွေ ဂုဏ်လေးတွေကို ပရိသတ်ကအထင်ကြီးလေးစားလာအောင် နဲနဲရွှီးတာပါ။ ပြီးတော့ ဒီပရိသတ်ကို လေးစားကြောင်း ရင်းနှီးကြောင်းစသည်ဖြင့် မြှောက်ပြောတာပါ။

ဒီပရိသတ်နဲ့ကိုယ်နဲ့ ရင်းနှီးသွားပြီဆိုရင် ကြောက်စိတ်အတန်ငယ်လျော့ပါးသွားမှာအမှန်ပါပဲ။

နောက်တစ်ခုရှိသင့်တာက Body Language ပါ။
စင်ပေါ်မှာ စကားပြောကောင်းသူ Presenter ကောင်းတစ်ယောက်ဖြစ်ဖို့ Body Language ကောင်းကောင်းတတ်ထားရပါမယ်။
မင်းသားမင်းသမီးတွေလို ဟန်အမူအရာကောင်းစရာမလိုပေမယ့် လိုအပ်သလိုတော့ ခြေဟန်လက်ဟန်၊ အမူအရာ စတိုင် စတာတွေလုပ်နိုင်ရပါမယ်။ ကျောက်ရုပ်ကြီးလို ငုတ်တုတ်ကြီးပြောနေတာမျိုး၊ သတိဆွဲပြီး မိန့်ခွန်းခြွေနေတာမျိုးတော့ မလုပ်ပါနဲ့။ လိုအပ်ရင် အမူအရာလေးတွေ ခြေဟန်လက်ဟန်တွေထည့်ပါလို့ ဆိုပေမယ့် လက်တွေရှုပ်ရှက်ခတ်နေတာမျိုး သရော်သလိုဖြစ်နေတာမျိုး အိုဗာအိုင်တင်ကြီးတွေတော့ သတိထားပြီးရှောင်ကြဉ်ကြပါ။

Body Language  ပြီးတဲ့အခါ နောက်ထပ် သိထားသင့်တာက Participatory ပါပဲ။ ပရိသတ်ကိုပါ တစ်ပါတည်းဆွဲခေါ်တာပါ။ ရှေ့နားကဖြစ်စေ Random ဖြစ်စေ တစ်ယောက်ယောက်ကဖြစ်စေ အမေးအဖြေလုပ်တဲ့ပုံစံကိုပြောတာပါ။

Presentation တောက်လျှောက်ကြီးတော့လုပ်စရာမလိုပါ။ ကိုယ်ပြောနေတဲ့ Sub-heading တစ်ခုပြီးရင် Question တက်ခိုင်းတာမျိုး၊ တစ်ယောက်ကို သူ့အမြင်လေးမေးလိုက်တာမျိုး စသည်ဖြင့်ပေါ့။

အချိန်ကိုလဲသတိထားဦးနော်။ Participation သိပ်များရင် အချိန်မလောက်ပဲဖြစ်နေဦးမယ်။

ပြီးတော့ Humor လို့ခေါ်တဲ့ ပုံတိုပတ်စလေးတွေ၊ သမိုင်းလေးတွေ၊ ရယ်စရာလေးတွေလဲ အလျဉ်းသင့်ရင်သင့်သလို ထည့်ပြောသွားပါ။ ငိုက်နေတဲ့သူတွေ ပြန်နိုးလာပါလိမ့်မယ်။ အရမ်းကြီးလဲပေရှည်မနေနဲ့ဦးနော်။

ပြီးတော့ သတိထားရမယ့်နောက်တစ်ချက်က Voiceရဲ့ Tone ပါ။ Mono Tone ကြီးနဲ့ပျင်းစရာကောင်းအောင် မပြောသင့်သလို အသံသေးအသံကြောင်လဲမဖြစ်ရပါဘူး။ ကျက်ထားတဲ့စာပြန်ရွတ်သလို ပတွတ်ပတွတ်နဲ့ပြောရမှာမဟုတ်သလို မပြောချင်ပြောချင်ပုံဆိုလဲ မဟုတ်ပြန်ဘူး။

ဒါဖြင့်ဘယ်လိုပြောရမလဲ။
ပြောသင့်တဲ့စံပုံစံကတော့ အသံတုန်ခြင်း၊ထစ်ခြင်းမရှိဘဲ အသံအနိမ့်အမြင့်မှန်မှန် အဖြတ်အတောက်မှန်မှန်နဲ့ လိုအပ်တဲ့နေရာမှာ ဖြည်းဖြည်း သိပ်မလိုတဲ့နေရာမှာ မြန်မြန်လေးပြောပါ။
ပြီးတော့ PowerPoint Slide တွေနဲ့ Present လုပ်ရာမှာ
ပါတာဖတ်မလုပ်ပဲ အပြင်ကအကြောင်းလေးတွေကိုပါထည့်ပြောပါ။
Slide ရဲ့ အဓိက Point တွေကိုပဲပြောပါ။

ဒီလောက်ဆို ပရိတ်သတ်ရှေ့ စကားပြောနည်း Presentation Skill ကတော့ အတော်လုံလောက်ပြီထင်ပ်ါတယ်။


လီကွမ်ယု နဲ့ Singapore

၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။ လူတွေဟာ လယ်တောအိမ်မှာ ၀က်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာဝသယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံ အဆောက်အဦ ဘာမှ မတည်ဆောက်ရသေးတဲ့ တိုင်းပြည်၊ ပညာရေး စနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း ဈေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်း မရှိ။ ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ၀န်ကြီးချုပ် လီက ပြည်သူတွေဟာ တိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။
၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ ဈေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။
၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။ အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း ဈေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ ဈေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့အခါ စင်ကာပူက နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။ လုပ်အားကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ၀န်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။ ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။
ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီဝနည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။့ ၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့  တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက ဒီနေ့ ၆၅၀၀၀ ဖြစ်လို့ အဆပေါင်း ၁၀၀ ကျော် တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်း မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါဝင်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါဝင်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။ စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။ စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။
စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှ ထိပ်တန်း တွေးခေါ်ပညာရှင် ပါမောက္ခ Kishore Mahbubani ကစင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။ အဲဒါတွေကတော့ (၁) ဈေးကွက်စီးပွားရေး (၂) သိပ္ပံနှင့် နည်းပညာ၊ (၃) လူတော်လူကောင်းကို နေရာပေးခြင်း (၄) လက်တွေ့ကျခြင်း (၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊ (၆) တရားဥပဒေ စိုးမိုးမှု (၇) ပညာရေး တို့ ဖြစ်ပါတယ်။
တကယ်က လီကွမ်ယုဟာ သူ ၀န်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။ တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။ “တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လို ရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။
တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။ (၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊ (၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊ (၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊ ဒီအချက် သုံးချက်ပါပဲ။
လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။ သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။
သမ္မတ နိုင်ငံတော် ကျမ်းမှာ ပလေတိုက“ဖီလော်ဆိုဖာက တိုင်းပြည်ကို အုပ်ချုပ်၊ သတ္တိ ဗျတ္တိနဲ့ တိုက်ချင်ခိုက်ချင်စိတ် ရှိသူက စစ်တပ်ထဲကိုသွား၊ စည်းစိမ်ဥစ္စာနဲ့ လောဘ ကာမဂုဏ်မှာ ခုံမင်သူကတော့ ကုန်သည် လယ်လုပ် အလုပ်တွေနဲ့ စီးပွားရှာ”သင့်တယ်လို့ လမ်းညွန်ထားပါတယ်။


မိမိတို့အိမ်ရဲ့ ငွေကြေးကို ဘယ်လိုစီမံခန့်ခွဲကြမလဲ

အိမ်တစ်အိမ်မှာ ငွေကြေး ကို ကောင်းကောင်းစီမံဆောင်ရွက်တတ်ဖို့ဆိုတာ လူတိုင်းအတွက်ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတစ်ခုဖြစ်ပါတယ်။ စိတ်အာရုံ နောက်တတ်တဲ့ လူတွေ အတွက်ကတော့ ငွေရေးကြေးရေး အခြေအနေတွေဆိုတာ ပိုလို့တောင် ရှုပ်ထွေးနိုင်ပါတယ်။ ဒါ့အပြင် ဒီလူမှုလောကတွင် ငွေကြေး အကန့်အသတ် တွေနဲ့ဆေးကုသစရိတ်ကြီးမားခြင်း ဟာလည်း ငွေကြေး ကို စီမံခန့်ခွဲပြီး အသုံးပြုနိုင်ဖို့အတွက် တကယ့်ကို စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်ပါတယ်။ ဒီငွေရေးကြေးရေးဖိအားတွေဟာ လူတွေအတွက် တကယ့်ကို စိတ်သောကရောက်စေပါတယ်။ဒါပေမယ့် မိမိတို့ရဲ့ ငွေကြေးအအခြေအနေအပေါ်မူတည်ပြီး ကိုင်တွယ်သုံးစွဲခြင်းဖြင့် ပေါ့ပေါ့ပါးပါးနေနိုင်ဖို့အောက်ဖော်ပြပါ နည်းလမ်းတွေ က အသုံးဝင်နိုင်ပါတယ်။

ငွေကြေးသုံးစွဲခြင်း စီမံကိန်းကို ရေးဆွဲထားပါ။

တကယ်လို့ သင်ဟာ မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ ၊ဆွေမျိုးမိသားစုတွေ ဆီမှ ပိုက်ဆံချေးငှားသုံးစွဲရပြီး အကြွေးတွေတင်နေရတဲ့အထိ ငွေအထွက်များနေလျင် မိမိ ရဲ့ ငွေကြေးသုံးစွဲမှု စနစ်ကို ပြန်လည်သုံ့သပ်ပြီး ငွေကြေးသုံးစွဲခြင်းဆိုင်ရာ စီမံကိန်းတစ်ခုကိုဆွဲလိုက်ပါ။ဒီလို စီမံကိန်း ဇယားတစ်ခုကို ရေးဆွဲလိုက်ခြင်းဖြင့် နောက်ထပ်ငွေကြေးသုံးစွဲမှုအတွက်ကြိုတင်ပြင်ဆင်မှုတွင် များစွာ အထောက်အကူပြုနိုင်ပါတယ်။

အဆင့်(၁)-မိမိတို့ရဲ့ ဝင်ငွေ ကို သိပါ။

မိမိ ရဲ့ ဝင်ငွေ အနေအထားကို သိပြီး  ဘယ်လောက် အတိုင်းအတာထိ သုံးလို့ရမလဲဆိုတာ အသေအချာသိထားဖို့လိုပါတယ်။ တကယ်လို့ သင်ဟာ ပုံမှန် လစာဝင်ငွေရှိတဲ့ အစိုးရဝန်ထမ်း ၊ ကုမ္မဏီဝန်ထမ်းတွေ ဖြစ်နေခဲ့လျင် သင့်အနေနဲ့ ဒီအချက်ကို ပိုမိုသိရှိထားဖို့လိုပါတယ်။တကယ်လို့ သင်ဟာ နာရီအပိုင်းအခြားဖြင့် လုပ်အားခရတဲ့သူ ၊ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူဖြစ်နေခဲ့လျင်တော့ သင်ဟာ ပျမ်းမျ အားဖြင့် မိမိရဲ့ ဝင်ငွေပမာဏ အနေအထားကို တွက်ချက်ထားဖို့လိုပါတယ်။

အဆင့်(၂) မိမိ ရဲ့ပုံမှန်အသုံးစရိတ်ကို သိပါ။

မိမိတွင် ပုံမှန်ပေးစရာရှိတဲ့ အသုံးစရိတ်အားလုံးကိုစဉ်းစားလိုက်ပါ။ပြီးတော့ အရင်လ က သုံးစွဲခဲ့တာတွေ ကို အမှတ်ရပါ။ အချို့သော အသုံးစရိတ်တွေဖြစ်တဲ့ အိမ်ငှားခတွေ လိုမျိုး က တစ်သတ်မတ်တည်း ဖြစ်နေတဲ့ ပုံမှန်ကုန်ကျစရိတ်မျိုးဖြစ်ပါတယ်။ အခြားအသုံးစရိတ်လိုမျိုး က မိမိသုံးစွဲခဲ့တဲ့ အသုံးအစွဲအပေါ် အခြေခံပြီး များပြားနိုင်ပါတယ်။မိမိတို့ရဲ့ ပုံမှန် အသုံးစရိတ်တွေထဲမှာ အောက်ဖော်ပြပါ အသုံးစရိတ်တွေက မရှိမဖြစ်ပါဝင်နေပါလိမ့်မယ်။

• အိမ်လခ
• အထွေထွေအသုံးစရိတ် ( ဥပမာ- တယ်လီဖုန်း ခ၊ အင်တာနက်ခ ၊ရေဖိုး၊ မီးဖိုး၊ အမှိုက်ခ)
• စားသောက်ကုန်
• အာမခံကြေး
• ဆေးဝါး
• သွားလာကုန်ကျစရိတ်
• ဆေးကုသကုန်ကျစရိတ်
• အားလပ်ချိန် မှာ အပန်းဖြေသွားလာဖို့စရိတ်
• တစ်ကိုယ်ရေတစ်ကာယ အသုံးစရိတ်
• အကြွေးဆပ်ဖို့ငွေကြေး
• ကလေးကျောင်းစရိတ်

အဆင့် (၃) ဒီအချက်အလက်တွေ ကို အသုံးပြုပြီး ငွေကြေးသုံးစွဲမှုနှုန်းထား ဇယားတစ်ခု ရေးဆွဲထားပါ။

ဒီလို အသုံးစရိတ်ဆိုင်ရာ ဇယားတစ်ခု ရေးဆွဲထားခြင်းဟာ ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုအဖြစ် ထိရောက်မှုရှိစေပါတယ်။

အဆင့်(၄) နေ့စဉ်အသုံးစရိတ်ကို သိအောင်လုပ်ပါ။

ဘယ်လောက်ဘဲ မိမိ တို့မှာ ကောင်းမွန်တဲ့ စီမံကိန်းဇယားတွေ ဆွဲထားပါစေ လူတွေမှာ အများအားဖြင့် အမြဲတမ်း အပိုဝယ်စရာဆိုတာ ကြုံတတ်ကြရပါတယ်။ ဥပမာ  ကားဆီပြတ်သွားလို့ ဆီထည့်ရတာတွေ  ၊  ဖိနပ်ပြတ်သွားလို့ ဖိနပ်အသစ်ဝယ်ရတာတွေ၊ လမ်းလျောက်သွားနေရင်း စတိုးဆိုင်ရှေ့ ဖြတ်လျောက်မိတဲ့အခါ လမ်းကြုံကော်ဖီ ဝင်ဝယ်မိတာမျိုး နဲ့ မမျော်လင့်ဘဲ ကုန်ကျရတဲ့ စရိတ်တွေရှိတတ်ကြပါတယ်။ ဒါ့အပြင် စိတ်အလိုလိုက်ပြီး အကြိုက်တွေ့တိုင်း ဝယ်ယူခြင်း ကလည်း ရှိနေတတ်သလို ဒါတွေဟာ  ဆုတွေယူနေသလို ပျော်စရာကောင်းပေမယ့် ပုံမှန်ဝယ်ဖြစ်လာရင်တော့ ဒါဟာ မိမိတို့ရဲ့ ဘဏ္ဌာရေး ကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ်အသုံးစရိတ်ကို သိရှိပြီး မျတစွာ သုံးစွဲတတ်ဖို့လိုပါတယ်။ဥပမာ - မလိုအပ်ဘဲ မဝယ်ယူဘဲ တကယ်လိုအပ်လို့ ဝယ်ယူတာမျိုး ဖြစ်ဖို့လိုပါတယ်။

တိုင်ပင်ဆွေးနွေးခြင်းဖြင့် အကူအညီရယူပါ။

တကယ်လို့ သင့်မှာ မိမိရဲ့ ငွေကြေးအပေါ် ပုံမှန်စံမံခန့်ခွဲခြင်းဖြင့် ကြိုးစားဆောင်ရွက်ချက်တွေ ရှိနေပေမယ့် သင့်မှာ အခက်အခဲ တစ်စုံတစ်ရာ ရှိနေခဲ့လျင် မိမိတို့ရဲ့ ရင်းနှီးယုံကြည်ရာ မိသားစုဝင်တွေ၊ မိတ်ဆွေသူငယ်ချင်းတွေဆီမှာ အကြံဥာဏ်တောင်းခြင်းဖြင့် အကူအညီရယူပါ။သင့်ရဲ့ မိတ်ဆွေ ၊ မိသားစုဝင်တွေ က သင့်ရဲ့ သုံးစွဲမှု အနေအထားကို ကြည့်ပြီး ဘယ်ဟာ ကဖြင့် တကယ့်သုံးသင့်တယ်၊မသုံးသင့်ဘူးဆိုတာ ထောက်ပြအကြံပြုခြင်းဖြင့် အကူအညီ ရနိုင်ပါတယ်။

ငွေကြေး ကို ဘယ်လိုစုဆောင်းနိုင်ကြမလဲ ။

သင်ဟာ တစ်နေ့အသုံးစရိတ်ကို တစ်နေ့ ထိန်းချုပ်မှု ရရှိလာတာနဲ့တစ်ပြိုင်နက် ငွေကြေးကိုစုဆောာင်းဖို့အစီအစဉ် ဇယားတစ်ခု ကို ရေးဆွဲဖို့လိုလာပြီ။ ဥပမာ - DVD စက်တစ်လုံးကို ဝယ်ယူဖို့အတွက် ငွေစုဆောင်းထားခြင်း ၊အားလပ်ရက်မှာ ခရီးထွက်ဖို့အတွက် ငွေကြေးစုဆောင်းတာမျိုး ၊ မိမိ တို့ရဲ့ ကလေးတွေ ကို ကျောင်းသို့ပို့ပေးပြီး ရေရှည်စီမံကိန်းတစ်ခုအနေနဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေကြေးစုဆောင်းခြင်း ၊ ပင်စင်အနားယူတဲ့အခါ သုံးစွဲဖို့ ငွေကြေးစုဆောင်းခြင်း။ ဒါတွေဟာ   ငွေကြေးတစ်ခုကို  အလုံအလောက်ရရှိဖို့အတွက် အချိန်ယူပြီးစုဆောင်းခြင်းမျိုးဖြစ်ပါတယ်။ ဒါကြောင့် ငွေကြေးတစ်ခု ကို ဘယ်လို စုဆောင်းရမလဲဆိုတဲ့ လမ်းညွှန်ချက် အချို့ကို အောက်တွင်ဖော်ပြထားပါတယ်။

နည်းနည်းလေးစီ စုဆောင်းသွားပါ။
- တစ်ကြိမ်မှာ နည်းနည်းလေးစီ ငွေစုဆောင်းသွားခြင်း ဟာ စိုးရိမ်ကြောင့်ကြမှုနည်းစွာနဲ့ ပန်းတိုင်သို့ ရောက်ရှိနိုင်ပါတယ်။ တကယ်လို့ သင်ဟာ DVD စက်တစ်လုံး ကို ဒေါ်လာ ၁၂၀ နှင့် ဝယ်ယူချင်တယ်ဆိုပါစို့။ ဒါဟာ သင့်ရဲ့ လစဉ် အသုံးစရိတ်ထဲမှ တစ်လုံးတစ်ခဲထွက်သွားနိုင်တဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်ပြီး ပုံမှန် နည်းနည်းစီ စုဆောင်းထားခြင်း ဖြင့် တစ်ခါတည်း တစ်နင့်တစ်ပိုးကုန်ကျသွားမယ့် အခြေအနေမျိုးကို ကျော်လွှားနိုင်ပါတယ်။

ဘဏ်အကောင့်တစ်ခုဖွင့်ထားပါ။
-သင့်ရဲ့ငွေကြေးတွေကို ဘဏ်မှာသိမ်းထားလိုလျင် ဘဏ်အကောင့် တစ်ခုဖွင့်ထားလိုက်ပါ။ဥပမာ  တစ်လကိုပုံမှန် အနေနဲ့ ၁ဝ ဒေါ်လာစီ ပေါ့ပေါ့ပါးပါး စုဆောင်းထားခြင်းဖြင့် ၂ နှစ်ကျော်လာတဲ့အခါ ဒေါ်လာ ၂၅၀ စုဆောင်းပြီးသွားဖြစ်ပါလိမ့်မယ်။သင့်အနေနဲ့ တစ်လကို ၁၀ ဒေါ်လာစုဆောင်းရခြင်းအပေါ် ခံစားချက်သက်ရောက်မှု မရှိပေမယ့် ၂ နှစ်အကြာမှာ စုဆောင်းသွားမိတဲ့ ငွေကြေးပမာဏအပေါ်တွင်တော့ သက်ရောက်မှု အများကြီး ရရှိမှာပါ။

မိမိကိုယ်တိုင်မှ သဘောတူကြည်ဖြူစွာလုပ်ဆောင်ပါ။
- ငွေကြေး သုံးစွဲခြင်း နှင့် ငွေကြေး စုဆောင်းခြင်းတို့ကို မျတအောင်လုပ်ဆောင်ခြင်းဟာ သင့်ရဲ့ စိတ်နှလုံးကိုပျော်ရွှင်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဥပမာ နေ့တိုင်း သင်ဟာ ဆော်ဒါတစ်ခွက် သောက်တယ်ဆိုလျင် သင့်ရဲ့ဝင်ငွေထဲ က လေးပုံတစ်ပုံ ကို သင့်ရဲ့ ဘဏ်အကောင့်ထဲ ကိုသွင်းလိုက်ပါ။နေ့တိုင်း ရေခဲမုန့်စားဖြစ်တယ်ဆိုလျင် ရေခဲမုန့်တန်ဖိုးနှင့် ပမာဏတူတဲ့ ငွေကြေး ကို ဘဏ်အကောင့်ထဲသို့ထည့်လိုက်ပါ။

မမျော်လင့်ဘဲရရှိလာတဲ့ငွေကြေး။
-မမျော်လင့်ဘဲ ထီပေါက်သလိုမျိုးငွေတွေဝင်လာခဲ့လျင် ၊ ဒါမှမဟုတ် အမွေတွေရရှိလာတာမျိုး ကြုံလာခဲ့လျင် ဒီလိုငွေကြေးမျိုးကို မှန်ကန်စွာဖြင့်လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ပါတယ်။ တကယ်လို့ ဒီငွေကြေးတွေကို ပါ သင်က စုဆောင်းထားချင်တယ်ဆိုလျင်တော့ ဒါဟာ သင့်အတွက် ပန်းတိုင်သို့ အမြန်ရောက်စေဖို့နည်းလမ်းဘဲဖြစ်ပါတယ်။