cross

cross

Saturday, April 9, 2016

ကျန်းမာသော နေထိုင်မှုပုံစံ

ရောဂါဘယတွေ ကင်းရှင်းအောင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နေထိုင်မှုပုံစံတွေကို ပြောင်းလဲဖို့လိုပါတယ်။  ရုပ်ပိုင်းဆိုင်ရာအနေနဲ့ ကိုယ့်အသက်အရွယ်၊ ကိုယ့်အရပ်အမောင်းနဲ့ ရှိသင့်တဲ့ ကိုယ်အလေးချိန် ရှိရပါမယ်။ (အကြမ်းဖျင်းအားဖြင့် BMI -(Body Mass Index) 20-25kg/m2 ခါးအရွယ်အစားက ယောက်ျားလေးဆို ၁၀၂ စင်တီမီတာအောက်၊ မိန်းကလေးဆို ၈၈ စင်တီမီတာအောက်မှာ ထားရပါမယ်)

ဆေးလိပ်လုံးဝ မသောက်ရပါ။ အရက်အလွန်အကျွံ မသောက်ရပါ။ (ယောက်ျားလေးဆို တစ်နေ့ကို အရက်ပြင်းဆို ၇၅ မီလီလီတာ၊ ဝိုင်ဆို သုံးခွက်၊ ဘီယာဆိုရင် ဘီယာခွက်နဲ့ တစ်ခွက်ခွဲထက် မပိုရ။ မိန်းကလေးဆို အရက်ပြင်း 50 ml၊ ဝိုင်နှစ်ခွက်၊ ဘီယာ တစ်ခွက်ထက် မကျော်စေရပါဘူး။) ဆရာတို့ တိုင်းပြည်အနေနဲ့တော့ အရက် အလွယ်တကူ စွဲတတ်တာမို့ လုံးဝမသောက်ပါနဲ့လို့ပဲ လေးနက်စွာ အကြံပြုပါရစေ။

နောက်ပြီး အစားအသောက်ထဲမှာ ဆားကို တစ်နေ့ ၁၀၀  mmol အောက် (<6g Sodium Chloride)၊ အချိုလျှော့၊ အဆီလျှော့စားရပါမယ်။ တစ်နေ့ကို ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ ၅ ကြိမ်နဲ့အထက် စားရပါမယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းကို တစ်နေ့ အနည်းဆုံး မိနစ် ၃၀ နဲ့ တစ်ပတ်မှာ အနည်းဆုံးငါးရက် ကစားပေးရပါမယ်။ နောက်ထပ် အရေးကြီးတာတွေကတော့ စိတ်ဖိစီးမှုတွေကို အပြုသဘော တုံ့ပြန်တတ်ဖို့၊ ကိုယ်ရောစိတ်ပါ အနားယူတတ်ဖို့၊ မိမိကိုယ်မိမိ ယုံကြည်ချက်ရှိဖို့၊ မိသားစု အပေါင်းအသင်း မိတ်ဆွေတွေနဲ့ ပြေပြစ်ကောင်းမွန် ချောမွေ့တဲ့ ဆက်ဆံရေးရှိဖို့ ဒါတွေလည်း လိုအပ်ပါတယ်။

ရိုးရှင်းသော နေထိုင်မှုဘဝပုံစံ

စာဖတ်ရင် Positive Lifestyle Changes ဆိုပြီး တွေ့တတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့
နေထိုင်မှုပုံစံတွေကို လက်တွေ့ကျကျ ရိုးရိုးရှင်းရှင်း ရေးပြထားတာမို့ ပြန်ပြီး ဖောက်သည်ချပါရစေ။

၁။ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်ကို သကြားမထည့်ဘဲ သောက်ပါ။ ရေနွေးကြမ်း (Green Tea) သောက်ပေးပါ။

၂။ နိစ္စဓူဝ အိမ်မှုကိစ္စတွေ (အဝတ်လျှော်၊ တံမြက်စည်းလှည်း၊ ပန်းကန်ဆေး၊ အိမ်သာ သန့်ရှင်းရေး၊ မီးပူတိုက်) စတာတွေကို ကိုယ့်ဘာသာ လုပ်တဲ့အကျင့်မွေးပါ။

၃။ ကိုယ့်အခန်း၊ ကိုယ့်အိမ်ပတ်ဝန်းကျင်ကို အမြဲသန့်ရှင်းရေး လုပ်ပါ။

၎။ ဖြစ်နိုင်ရင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ကိုယ့်အိမ်မှာ ဥယျာဉ်လုပ်စိုက်ပြီး စားပါ။

၅။ ဆီကြော်စာများ လုံးဝမစားမိအောင် ကြိုးစားပါ။ တတ်နိုင်သမျှ ရှောင်ပါ။

၆။ စားတဲ့အစာပမာဏကို နံနက်စာစားပြီးနောက် ညစာအထိ လျှော့စားပါ။ နံနက်စာ၊ နေ့လယ်စာနှင့် ညစာ အဓိက၃ ကြိမ်သာ စားပါ။ မနေနိုင်၊ မဖြစ်နိုင်လို့ ဆာပြေစာ စားလိုရင် အသင့်စား အစားအစာတွေကို မစားဘဲ လတ်လတ်ဆတ်ဆတ် သစ်သီးကို ရွေးစားပါ။

၇။ ဆေးလိပ်လုံးဝ မသောက်ပါနဲ့။

၈။ စာဖတ်စဉ်၊ အလုပ်လုပ်စဉ်၊ ကစားစဉ်၊ တရားထိုင်စဉ်၊ သင့်တော်တဲ့ ကိုယ်နေဟန်ထား (Position) ရှိနေပါစေ။

၉။ မိမိစိတ်ထဲ ဘဝင်မကျတဲ့အကြောင်း တရားတွေရှိနေရင် အကြံဉာဏ်ပေးနိုင်တဲ့သူနဲ့ ဖွင့်ဟတိုင်ပင်
ဆွေးနွေးပါ။ မြုံမထားပါနဲ့။

၁၀။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကို ပုံမှန်စွဲစွဲမြဲမြဲလုပ်ဆောင်ပါ။

ဒီ ၁၀ ချက်က အလွယ်တကူ နားလည်ရလွယ်ကူပြီး ဘယ်သူမဆို အခုချက်ချင်း စတင် လုပ်ဆောင်နိုင် ပါတယ်။ အရေးကြီးတာက စိတ်ပိုင်းဖြတ်မှု ခိုင်ခိုင်မာမာ ချမှတ်ပြီး စွဲစွဲမြဲမြဲလုပ်ဆောင်ဖို့ပဲ လိုပါတယ်။

အဟန့်အတားဖြစ်စေသော အကြောင်းများ

ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်မှုပုံစံတွေ ပြောင်းလဲဖို့အတွက် အဟန့်အတားဖြစ်စေတဲ့ အကြောင်းတွေ ရှိနေတယ်ဆိုရင် အဲဒီအကြောင်းဟာ သင်ကိုယ်တိုင်ပါပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ မကျန်းမာမှုရဲ့ ဆိုးကျိုးတွေကို သိနားလည်ပြီး ကျန်းမာအောင် နေထိုင်မှ ဖြစ်မယ်ဆိုတဲ့ အခြေခံ အသိတရားရဲ့နောက်မှာ ကိုယ်တိုင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံဆိုတာကို လက်ခံဖို့ လိုပါတယ်။

စိတ်ပိုင်းဖြတ်မှု ခိုင်ခိုင်မာမာနဲ့ ကျင့်သုံးဖို့၊ စွဲစွဲမြဲမြဲလုပ်သွားဖို့ ဆုံးဖြတ်ချက်ချရမှာလည်း ကိုယ်ကိုယ်တိုင်ပဲ ဖြစ်တာမို့ ကျန်းမာရေး အသိပညာတွေ ဘယ်လောက်ပေးပေး၊ Media တွေက ဘယ်လောက်ဖော်ပြ တိုက်တွန်းတွန်း၊ကိုယ်တိုင်က မပြင်နိုင်ရင်လည်း အချည်းနှီးပါပဲ။ အဲဒီတော့ ကိုယ့်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့၊ ကျန်းမာရေးကို ထိခိုက်စေတဲ့ အမူအကျင့်မျိုး ရှိနေပြီဆိုရင် ငါကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်မှုပုံစံကို ပြောင်းမှဖြစ်မယ်ဆိုတဲ့ သံမဏိ ဆုံးဖြတ်ချက်နဲ့အတူတူ သတ္တိရှိရှိ၊ ဇွဲရှိရှိ၊ စိတ်ဓာတ်မယိမ်းမယိုင်ဘဲ လုပ်ဆောင်ဖို့ လိုပါတယ်။ ဆေးလိပ်၊ အရက်ဖြတ်ဖူးတဲ့သူတွေ၊ ကိုယ်အလေးချိန် လျှော့ဖူးတဲ့သူတွေဆိုရင် ဒီဖြစ်စဉ်လေးကို ကောင်းကောင်း သဘောပေါက်ကြပါလိမ့်မယ်။

ယနေ့ထိ တန်ဖိုးရှိ အသုံးဝင်နေသော စကားတစ်ခွန်း

Louisa Lust  (၁၈၆၈-၁၉၂၅) ဆိုသူ ဟိုးတုန်းက ပြောသွားတဲ့ စကားတစ်ခွန်းကို ပြောပြချင်ပါတယ်။ “လူတွေအားလုံးဟာ ရေကိုသာ မှန်မှန်ကန်ကန် နည်းမှန်လမ်းမှန်နဲ့ အသုံးချတတ်ရင်၊ အသုံးချမယ်ဆိုရင် ရောဂါဝေဒနာနဲ့ ခံစားနေရတဲ့ ဒုက္ခတွေ တစ်ဝက်လောက် ငြိမ်းအေးသွားလိမ့်မယ်။ ဘယ်အချိန်မှာ ဘာစားရမယ် ဆိုတာရယ်၊ အသက် ဘယ်လိုရှူရမယ် ဆိုတာရယ်၊ ကိုယ်လက်လှုပ်ရှား
လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်ဆိုတာရယ်ကိုသာ ထပ်ပြီး နားလည် သဘောပေါက်လာမယ်၊ လိုက်နာ ကျင့်သုံး မယ်ဆိုရင် ကျန်တဲ့ တစ်ဝက်ပါ ထပ်ငြိမ်းအေးသွားလိမ့်မယ်” တဲ့။ Healthy Lifestyle နဲ့ပတ်သက်ပြီး ကနဦးပြောခဲ့တဲ့ စကားလေးတစ်ခွန်းပါ။ အခုအချိန်အထိ တန်ဖိုးရှိ၊ အသုံးဝင်နေတုန်းပါပဲ။

0 comments:

Post a Comment