cross

cross

Saturday, April 9, 2016

ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ပြုခြင်း၏ ဆိုးကျိုးများ

အိမ်ထောင်ရေးဆိုသည်မှာ လောကကြီးအတွက် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်နေပါတယ်။သို့သော်လည်း ယနေ့ခေတ်လူငယ်များသည် ဆယ်ကျော်သက်အရွယ်မှာတင် အိမ်ထောင်ရေးလောကထဲကို ဝင်နေသည်မှာ လွန်စွာနှမြောဖွယ်ကောင်းလှပါတယ်။ “အချိန်တန် အရွယ်ရောက်” ဟူသောစကားရှိရာ အရွယ်ရောက်ခြင်းဆိုသည်မှာ လူ့ခန္ဒာကိုယ်တွင် ကြီးကောင်ဝင်ခြင်းကိုဆိုလိုပြီး အချိန်တန်ခြင်းဆိုသည်မှာ ပညာစုံလင်ကာ မိဘကိုလုပ်ကျွေးပြုစုပြီး အိမ်ထောင်ပြုချိန်တန်ပြီဟု ဆိုလိုပါတယ်။“သီးချိန်တန်သီး၊ပွင့်ချိန်တန်ပွင့်” ဆိုသော်လည်း ယနေ့ခေတ်တွင်မူ “ပွင့်ချိန်တန်သီး၊သီးချိန်တန်လန်” ဖြစ်နေပါတယ်။ ယခုဖော်ပြပေးမယ့်အကြောင်းကတော့ အရွယ်မတိုင်ခင် အိမ်ထောင်ပြုခြင်း၏ ဆိုးကျိုး(၁ဝ) ချက်ကို ဖော်ပြပါမယ်။

၁။ အချင်းချင်း နားလည်မှုမရှိခြင်း
ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ပြုခြင်းသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျတ်မှုအားနည်းသောကြောင့် တစ်ဦးကိုတစ်ဦး နားလည်စိတ်နည်းကာ ပဋိပက္ခများ အလွယ်တကူဖြစ်နိုင်ပါတယ်။ ကလေးစိတ်မကုန်သေးကာ လူ့လောကအကြောင်း ဘာမှနားမလည်းသေးဘဲ နောက်ဆုံးတွင် ငိုပွဲနှင့်အဆုံးသတ်နိုင်ပါတယ်။

၂။ အခက်အခဲအမျိုးမျိုး ကြုံတွေ့ရခြင်း
အသက် ၁၆နှစ်၊၁၇နှစ် အရွယ်တွင် အိမ်ထောင်ကျထားသော ယောက်ျားလေးအဖို့ လူငယ်ဘဝတွင် ကြိုးစားလိုစိတ်ရှိသော်လည်း မိန်းမနှင့် အစစအရာရာ နောက်ဆံတင်းကာ အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ဖို့ မလွယ်ကူလှပါ။ မိန်းကလေးအတွက်လည်း အသက်ငယ်ရွယ်သေးတာကြောင့် အိမ်ထောင်မှုကိစ္စနိုင်နင်းဖို့ မဖြစ်နိုင်ပါ။ “ဘူးသီး အမွှေးသပ်” ထားသလိုဖြစ်ပြီး လူ့ဘဝတွင် အောင်မြင်ပျော်ရွှင်ဖို့ ရုန်းကန်ရမှာ သေချာပါတယ်။

၃။ သဟဇာတမဖြစ်ခြင်း
အိမ်ထောင်သည်အများစုဟာ အတိုင်အဖောက်မညီမှုကြောင့် ပြိုကွဲရပါတယ်။ တစ်ယောက်အကျင့်စရိုက်ကို တစ်ယောက်မသိဘဲ လူငယ်အချင်းချင်း တစ်အိုးတစ်အိမ်ထူထောင်ဖို့ဆိုတာ လုံးဝအံဝင်ခွင်ကျဖြစ်မည် မဟုတ်ပါ။

၎။ မိဘနေရာကို ငယ်ငယ်ရွယ်ရွယ်ရောက်ရှိခြင်း
ကလေးမွေးတာက လွယ်ပေမယ့် ကိုယ့်သားသမီးကို ဘယ်လိုအောင်မြင်အောင် ပြုစုပျိုးထောင်ရမလဲဆိုတာက မိဘရဲ့အရည်အချင်းအပေါ်မှာပဲ မူတည်ပါတယ်။ မိဘကိုယ်တိုင်က ငယ်ရွယ်တာကြောင့် ကိုယ့်သားသမီးနောင်ရေးအတွက် ငွေကြေးကိစ္စကို လုံလောက်စွာ ထောက်ပံ့မပေးနိုင်ဘူးဆိုလျင် ကိုယ့်သားသမီးသာ မျက်နှာငယ်ရမှာပါ။ မိဘကိုယ်တိုင်ကလည်း မရင့်ကျတ်သေးတာကြောင့် သားသမီးအနာဂတ်အတွက် ဘယ်လိုဆုံးဖြတ်ရမလဲဆိုတာ နားမလည်ပါဘူး။

၅။ ငွေကြေးကိစ္စ တိုင်ပတ်မယ်။
မိဘကိုယ်တိုင် ပညာရေးဆုံးခန်းမတိုင်ဘဲ လက်ထပ်ထားတာကြောင့် စီးပွားရေးရှာရာမှာ အခက်အခဲဖြစ်မှာ သေချာပါတယ်။ လစာကောင်းသော အလုပ်မျိုးမရဘဲ ရရစားစားဖြစ်ကာ နောက်ဆုံးတွင် ငွေကြေးဥစ္စာမပြည့်စုံဘဲ အများအလယ်တွင် မျက်နှာငယ်ရတက်ပါတယ်။

၆။ လေးနက်မှုအားနည်းခြင်း
ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ပြုတာကြောင့် တည်ကြည်လေးနက်မှုအားနည်းပြီး အိမ်ထောင်ရေးမှာ အဆင်မပြေနိုင်ပါ။ အတွေ့အကြံနုနယ်သေးတာကြောင့် အိမ်ထောင်မှုအခက်အခဲများကို ဖြေရှင်းနိုင်စွမ်း အားနည်းပါတယ်။

၇။ ပန်းကောင်း အညွှန့်ကျိုးဖြစ်ခြင်း
ငယ်ငယ်ရွယ်ရွယ် လိင်ကိစ္စရင်းနှီးကျွမ်းဝင်နေခြင်းသည် ကျန်းမာရေးရှူ့ထောင်က ကြည့်လျှင် ကောင်းလှသည်မဟုတ်ပါ။ ငယ်ရွယ်လွန်းတာကြောင့် ကျန်းမာရေးထိခိုက်ကာ မလိုအပ်သော ရောဂါမျိုးစုံ ခံစားရနိုင်ပါတယ်။

၈။ ပညာရေးဆုံးခန်း မတိုင်ခြင်း
ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျထားတဲ့စုံတွဲအများစုဟာ ပညာရေးဆုံးခန်းမတိုင်ကြပါဘူး။ ပညာရည်မမြင့်မားဘဲ ဘဝမှာ အောင်မြင်ဖို့ဆိုတာ မလွယ်ကူပါ။ မိမိကိုယ်တိုင် ပညာရေးဘက်မှာ အားနည်းသောကြောင့် မိမိမျိုးဆက်များကို အနာဂတ်မှာ အောင်မြင်စေရန် ထိန်းကြောင်းနိုင်မည်မဟုတ်ပါ။

၉။ ကိုယ်ဝန်ပျက်ကျနိုင်တယ်။
“ငယ်ငယ်ရွယ်ရွယ် ကိုယ်ဝန်ဆောင်ကြသော မိခင်လောင်းတွေဟာ ကိုယ်ဝန်ပျက်နှုန်းပိုများတယ်” လို့ ကျန်းမာရေးသုတေသနပညာရှင်တွေက ဆိုပါတယ်။ သန္ဓေသား ကျန်းမာဖို့ အာဟာရကို ဘယ်လိုစားသောက်ရမယ်၊ ကိုယ်လက်လေ့ကျင့်ခန်း ဘယ်လိုလုပ်ရမယ်ဆို နားမလည်သေးလို့ပဲ ဖြစ်ပါတယ်။

၁၀။ အကြောင်းအကျိုး၊အကောင်းအဆိုး ခွဲခြားနားမလည်ခြင်း
လူတိုင်းမှာ မိမိတို့ကြုံတွေ့ရသော ဘဝသင်ခန်းစာများအပေါ်မူတည်ပြီး ဆင်ခြင်တုံတရားရှိကြပါတယ်။ ကလေးစိတ်မကုန်သေးတဲ့ အိမ်ထောင်ရှင်စုံတွဲအဖို့ ဘဝအခက်အခဲများကို ဘယ်ကွေ့ဆိုလျင် ဘယ်တက်နဲ့ လှော်မယ်ဆိုတာ ကြိုတင်ဆုံးဖြတ်နိုင်စွမ်း အားနည်းပါတယ်။ အချုပ်အားဖြင့်ဆိုသော် အိမ်ထောင်ပြုခြင်းသည် စမတ်ဖုန်းဝယ်ခြင်းနှင့် ဆင်တူပြီး နောက်ကျလေ မော်ဒယ်မြင့်လေဖြစ်ကာ “လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေး” ကြပါလို့ အကြံပြုလိုပါတယ်။

www.top10for.com မှ Top 10 Disadvantages of Early Marriages ကို ဘာသာပြန်ပါတယ်။

0 comments:

Post a Comment