cross

cross

1

2

3

4

Saturday, December 26, 2015

ဒန့်သလွန်ရွက်ကိုစားခြင်း၏အကျိုးကျေးဇူးများ

ပန်းသေ၊ ပန်းညှိုး---သွေးတက်နှင့်သွေးတိုး--
ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)
နားကိုက်၊ နားအူ---ခေါင်းအုံ၊ ဇက်လေး---နို့ထွက်ဆေး--
ကျား,မ မရွေး အားဆေး---

အစွမ်းထက်မြက် ဒန့်သလွန်ရွက်
နှာစေးနေသလား၊ နှာမွှန်နေသလား၊ သွေးတက်, သွေးတိုးနေ
သလား ဒန့်သလွန်ရွက်ကို ဘယ်ဈေးတွင်ရှာရှာ တွေ့ရှိနိုင်ပါတယ်။ ဒန့်သလွန်ပင်ဟာ ၁၂-ရာသီလုံး စားသုံးနိုင်သော
ယင်းရွက်ပင်တမျိုး ဖြစ်ပါတယ်။

အထူးသဖြင့် ဒန့်သလွန်ရွက်ဟာ လူကြီး လူလတ် လူငယ်များနှင့်တည့်သလို သွေးတိုးဝေဒနာများ၊ ဆီးချို, သွေးချိုဝေဒနာရှင်များ၊ လေငန်းရော၈ါဝေဒနာရှင်များ၊ ဒူလာ၊ မီးယပ်ဝေဒနာရှင်များနှင့် အဆင်သင့်တဲ့ ဆေးဖက်ဝင်
ဟင်းရွက်တမျိုး ဖြစ်ပါတယ်။

ဒန့်သလွတ်ပင်လုံးဟာ ဆေးဖက်ဝင်လှပါတယ်။ ဒန့်သလွန်ရွက်၊ အပွင့်၊ အသီး၊ အခေါက်နှင့် အမြစ်တို့ဟာ တိုင်းရင်းမြန်မာဆေးပညာမှာ သူ့နေရာနှင့်သူ အသုံးဝင်လှပါသည်။ အထူးသဖြင့် ဒန့်သလွန်ရွက်ကို
နေ့စဉ်မှန်မှန် စားပေးခြင်းကြောင့် လူ့ခန္ဓာကိုယ်ရှိ ပျစ်နေသောသွေးကို ကျဲစေတယ်။ တက်နေသောသွေးကို ကျစေတယ်။ ဆီးနှင့်ဝမ်းကို ရွှင်စေပါတယ်။ အဲဒီလို ဂုဏ်ထူးဝိသေသအပေါင်းပြည့်သော ဒန့်သလွန်ရွက်ပါ။

ဒါ့အပြင် ဒန့်သလွန်ရွက်ကို မည်သည့်ဝေဒနာရှင်
ကိုမဆို မြိန်စေတယ်။ အစာကို ကြေညက်စေတယ်။

နှုတ်ကို မြိန်စေတယ်။ မျက်စိကို အကျိုးပြုတယ်။
ဒေါသသုံးပါးလုံးကို နိုင်တယ်လို့ ဆေးကျမ်းတွေမှာD
ဖွင့်ဆိုထားပါတယ်။

ဒန့်သလွန်၏စွမ်းပကား---

(၁) ဒန့်သလွန်ရွက် ဟင်းခါးကို ကြက်သွန်ဖြူခတ်၍ နေ့, ည သောက်ပေးပါက မိုးဥတုတွင် ဖြစ်ပေါ်တတ်သည့် နှာစေးခြင်း၊ နှာမွှန်ခြင်း၊ အအေးပတ်ဖွဲ့ဖျားခြင်းတို့ကို သက်သာပျောက်ကင်း စေပါတယ်။

သွေးတက်နှင့်သွေးတိုး--

(၂) နေ့စဉ် ဒန့်သလွန်ရွက်ကို ဟင်းခါး (ငရုတ်ကောင်းနှင့်ကြက်သွန်ဖြူပါသည်) ချက်သောက်ပေးပါက သွေးတိုးနှင့် သွေးတက်ရောဂါဝေဒနာရှင်များ သက်သာပျောက်ကင်းပါသည်။

သန်ကောင်နှင့် ဒန့်သလွန်သီး---

(၃) သန်ရှိပြီး ဗိုက်ပူနံကားဖြစ်နေသော ကလေးများအား ဒန့်သလွန်သီးကို ရက်ဆက် ချက်ကျွေးပေးပါ။ ဒန့်သလွန်သီးရဲ့ စွမ်းပကားကြောင့် ကလေးငယ်များ ဝမ်းတွင်းရှိ သန်ကောင်၊ တုတ်ကောင်များသေကြေကုန်ကြပါတယ်။
ဒီနည်းဟာ ကလေးငယ်များအတွက် အန္တရာယ်ကင်းသော ရိုးရာနည်းဖြစ်ပါတယ်။

ဆီးလွန်ရောဂါ (မကြာခဏဆီးသွားခြင်း)

(၄) ဒန့်သလွန်သီးခြောက် အတွင်းသား (အစေ့ပါ) ကို အမှုန့်ပြုပြီး နေ့စဉ် သကြားနှင့် ရောသောက်ပေးပါက ဆီးများခြင်းကို သက်သာပျောက်ကင်းပါတယ်။

နားကိုက်၊ နားအူ---

(၅) အစေ့မှုန့်ကို နားနာ၊ နားကိုက်၊ နားပြည်ယိုရောဂါများအတွက် အုန်းဆီနှင့်ရောစပ်ပြီး ကြက်တောင်သန့်သန့်ဖြင့် နားကျပ်ပေးပါက အထက်ပါရောဂါများကို ပျောက်ကင်းသက်သာစေပါတယ်။

ပါးစပ်မှ နံခြင်းအတွက်---

(၆) ပါးစပ်မှ အနံ့ဆိုးများ နံခြင်း၊ သွားဖုံးများမှ သွေးယိုခြင်းများအတွက် ဒန့်သလွန်ပင်စည်ကို ဓားဖြင့်ထစ်၍ ထွက်လာသောအစေးကို ရေနွေးဖြင့်ရောစပ်ကာ ပါးလုတ်ကျင်းပေးရပါတယ်။ ဒီလို
မကြာခဏ ပြုလုပ်ပေးပါက ပါးစပ်နံခြင်း၊ သွားဖုံးသွေးယိုခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

ခေါင်းအုံ၊ ဇက်လေး---

(၇) ဒန့်သလွန်အပင်မှ အခေါက်ကိုခွါပြီး အဝတ်သန့်သန့်ဖြင့်ထုပ်ကာ ထုခြေပြီး နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေးရောဂါများ ပျောက်ကင်းစေတယ်။

နို့ထွက်ဆေး---

(၈) မီးနေသည် အမျိုးသမီးများအတွက် ဒန့်သလွန်ရွက် ဟင်းခါးချက်သောက်ပေးခြင်း (သို့မဟုတ်) ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးပါက မထွက်သောနို့မှ နို့ရည်များ ဖြိုင်ဖြိုင်ထွက်လာပါတယ်။

ပန်းသေ၊ ပန်းညှိုး---

(၉) ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားနှင့်ချက်ပြီး မကြာခဏစားပေးပါက ပန်းသေ၊ ပန်းညှိုးခြင်းမှ သက်သာပျောက်ကင်းစေပါတယ်။

ကျား,မ မရွေး အားဆေး---
ပရန္နဝါ, ပါးပါးလွှာ
သကာများနှင့်ဖက်၊
ဒန့်သလွန်ပွင့်, အုန်းဆံရင့်
ချိန်သင့်ညီမျှစွက်၊
မင်းတုန်းမင်းခေါင်, သူသုံးဆောင်
ဘုန်းခေါင်နေသို့လက်။
အထက်ပါဆေးနည်းကဗျာကို ကုန်းဘောင်ခေတ်တွင် နန်းတွင်းသမားတော်ကြီး ဆရာခဲမှ အားဆေးအဖြစ် ဖော်စပ်ပြီး မင်းတုန်းမင်းတရားကြီးကို ဆက်သခဲ့ပါတယ်။ ဒါကြောင့် မင်းတုန်းမင်းတရား ကြီးသည် ကျန်းမာခြင်း ကာယ-စိတ္တသုခ နှစ်ဝတို့ဖြင့် ပြည့်စုံကြောင်းကဗျာက ဖော်ညွှန်းဖွင့်ဆိုထားပါတယ်။

အထက်ပါဆေးနည်းကို ဖော်စပ်မည်ဆိုပါက

(၁) ပရန္နဝါပင် ပဉ္စငါးပါးကို ပါးပါးလှီးထားရမယ်။
(၂) ဒန့်သလွန်ပွင့်ကို အသင့်စုဆောင်းထားရမယ်။
(၃) အုန်းသီးဆံရင့်ရင့်ကို အသင့်ခြစ်ထားရပါမယ်။
(၄) နောက် ပျားရည်တဆ၊ သကာ (မရလျှင် သကြား) တို့ကို အလေးချိန်အညီအမျှရောထည့်ပြီး ရေလေးခွက်ထည့်ကာ တခွက်သာကျန်အောင် ကြိုရပါမယ်။

စားသုံးနည်း---

အထက်ပါဆေးရည်ကို ပိတ်စိမ်းပါးနဲ့ စစ်ယူပြီး ပုလင်းသန့်သန့်မှာထည့်ထားပေးပါ။

အဲဒီဆေးရည်ကို ည-မနက် ဟင်းစားဇွန်း တဇွန်းစီ သောက်ပေးသွားခြင်းဖြင့် မောပန်းအားနည်းသောရောဂါ၊ သွေးလေမမှန်သောရောဂါ၊ ပန်းသေ၊ ပန်းညှိုးရောဂါ၊ နှလုံးအား
နည်းခြင်း ရောဂါနှင့် ဒူလာပိန်၊ မီးယပ်ကြောင့်ပိန်သူများ အပျိုစင်ကဲ့သို့
နဂိုယဉ်ကာ လှပလာစေမည် ဖြစ်ပါတယ်။

ဆေးကုန်လျှင် အထက်ပါနည်းအတိုင်း ဖော်စပ်သောက်
သုံးနိုင်ကြောင်း တင်ပြအပ်ပါတယ်။

မှတ်ချက်။ ။ အထက်ပါ အားဆေးရည်သည် အစွမ်းသတ္တိဖြင့် ပြည့်စုံသည်။ ဆေးကို အညွှန်းထက်ပိုပြီး မသောက်ရန် သတိပြုပါ။


နားထဲတစ်ခုခု ဝင်သွားရင်ဘာလုပ်ရမလဲ?

နားထဲသို့ အကောင်ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ ဝင်သွားသောအခါ နာကျင်ခြင်း၊ ထိုမှတဆင့် အကြားအာရုံထိခိုက်ခြင်းတို့အထိဖြစ်သွားနိုင်ပါတယ်. ဒါ့ကြောင့် နားထဲကို တစ်ခုခု ဝင်တာနဲ့ ကြုံ ခဲ့လျှင် အရေးပေါ် အောက်ပါအချက်တို့ကို ဆောင်သင့်ရှောင်သင့်ပါတယ်။

- နားကြပ်တံ လို အရာမျိုးနှင့်မထိုးသင့်ပါ
နားထဲဝင်သွားသော အရာတစ်ခု ကို သေချာမမြင်ဘဲ နဲ့ ထွက်လာလို့ ထွက်လာငြားဆိုပြီး နားကြပ်တံလို အရာမျိုးနှင့် နား မကလော်သင့်ပါ၊ ထိုသို့ လုပ်ခြင်းအားဖြင့် ဝင်နေသောအကောင်သို့မဟုတ် ပစ္စည်းက နားအတွင်း ကိုပိုရောက်သွားနိုင်သလို နားရဲ့ အတွင်းပိုင်းကိုပါထိခိုက်နိုင်ပါတယ်။

- ထုတ်လို့ ရနိုင်လျှင် ထုတ်ဖို့ ကြိုးစားကြည့်ပါ
နားထဲမှာရှိနေသောအရာကို သေချာမြင်ရလျှင် ၊ ဆွဲထုတ်လို့ရနိုင်လျှင် ဇာဂနာကဲ့သို့သောအရာနှင့် ထုတ်နိုင်အောင် လုပ်ကြည့်သင့်ပါတယ်၊ ဒါပေမယ့် သေသေချာချာမြင်ရမှသာ လုပ်သင့်ပါတယ်။

- ဝင်သွားတဲ့ ဘက်ကို ခေါင်းစောင်းပြီး နားထဲက အရာကိုထွက်သွားအောင်ခါချ ကြည့်တာမျိုးလည်း ကြိုးစားကြည့်နိုင်ပါတယ်။

- နားထဲသို့အဆီတစ်မျိုးမျိုးထည့်ကြည့်ခြင်း
တကယ်လို့ နားထဲကို ဝင်သွားတဲ့ အရာက အင်းဆက်ပိုးမွားအကောင် ဖြစ်နေခဲ့ရင်တော့ နားထဲကနေထုတ်ဖို့အတွက် သံလွင်ဆီ၊ ဒါမှမဟုတ် ကလေးတွေ အသုံးပြုတဲ့ baby oil လိုအဆီကို အသုံးပြုပြီး ထုတ်ဖို့ ကြိုးစား ကြည့်နိုင်ပါတယ်... ပြုလုပ်ပုံကတော့ ဘေးတစောင်းအိပ်ပြီး ပိုးကောင်ဝင်သွားတဲ့ နားထဲကို ခပ်နွေးနွေးအဆီ (အရမ်းမပူရပါဘူး) လောင်းထဲ့ပေးရမှာ ဖြစ်ပါတယ်... ဒီလို လောင်းထဲ့ပေးခြင်းအားဖြင့် နားထဲက ပိုးကောင်ကို သေစေနိုင်သလို အဆီနဲ့ ပေါလောပေါ်ပြီး အပြင်ကို ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်... တစ်ခု သတိပြုရမှာက အဆီကို လောင်းထဲ့တဲ့အခါ နားရဲ့ တည်ဆောက်ပုံက တဖြောင့်တည်း ရှိမနေတဲ့အတွက် အဆီက နားလမ်းကြောင်းထဲ အလွယ်တကူဝင်အောင် ပြုလုပ်ပေးရမှာပါ... အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအတွက် နားရွက်ကို နောက်ကျောဖက်နဲ့ အောက်ဖက်ကို အသာဆွဲပေးရမှာ ဖြစ်ပြီး၊ လူကြီးတွေမှာတော့ နောက်ကျောဖက်နဲ့ အပေါ်ဖက်ကို အသာဆွဲကာ အဆီလောင်းထဲ့ရမှာ ဖြစ်ပါတယ်...
ဒီနည်းကိုတော့ နားထဲကို အကောင်ဝင်သွားတဲ့ အချိန်ကလွဲလို့ တခြားအချိန်တွေမှာ မသုံးသင့်ပါ... ဒါ့အပြင် နားစည်ပေါက်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ နာကျင်ခြင်း၊ နားထဲမှ သွေး သို့မဟုတ် အရည်များ စီးယိုခြင်း စတဲ့ အခြေအနေတွေ ရှိခဲ့ရင်လည်း အသုံးမပြုသင့်ပါဘူး...

ဒီအရာတွေအားလုံးကို အရေးပေါ် ကြိုးစားကြည့်သင့်တာမှန်ပေမယ့် အချိန်မဆိုင်းဘဲ နား၊နှာခေါင်း ဆရာဝန်ဆီအမြန်ဆုံးသွားပြတိုင်ပင် တာလည်း လုပ်ရမှာဖြစ်ပါတယ်။ ဒါမှသာ မလိုအပ် ပဲ အကြားအာရုံ ထိခိုက်ခြင်းမရှိအောင် ကြိုတင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။


ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တ၀ါ(၁၀)မျိုး

အဆိပ်ပြင်းတဲ့သတ္တ၀ါများကို လူအများသိရှိထားပြီး ရှောင်ရှားနိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

(၁) Jelly Fish - ဂျယ်လီငါးရဲ့အဆိပ်ဟာလူရဲ့နှလုံးအာရုံကြောစနစ် အရေပြားဆဲလ် စတာတွေကိုအလွယ်တကူ ပျက်စီးစေပါတယ်။ ရေတန်းကောင်၊ ရေခူ စသဖြင့်ခေါ်ကြပါတယ်။ ၁၅ မိနစ်အတွင်း နှလုံးခုန်မှုကို ရပ်တန့်စေပြီး သေစေနိုင်တယ်လို့ ဆိုပါတယ်။

(၂) King cobra - လူသိများတဲ့မြွေဟောက်ဘုရင်ပါ။ အဆိပ်ရှိသတ္တဝါများထဲမှာ အရှည်ဆုံးသတ္တဝါဖြစ်ပြီး ၅.၆ မီတာ (၁၈ပေ၅လက္မခန့်) အထိ ကြီးထွားပါတယ်။
သူရဲ့အခြားနာမည်က Ophiophagus Hannah ဖြစ်ပါတယ်။ မြွေအချင်းချင်းပြန်စားတတ်ပြီး တစ်ချက်ကိုက်ရုံဖြင့် လူမပြောနဲ့ အရွယ်ရောက်ပြီးသား အာရှဆင်တကောင်ပင်လျှင် ၃နာရီအတွင်း သေစေနိုင်ပါတယ်။

(၃) Marbled cone snail - စကျင်ကျောက်ပုံစံနှင့်ခရုဖြစ်ပါတယ်။ ကြည့်လှသလောက် အဆိပ်ပြင်းလှတဲ့အကောင်တွေထဲမှာ သူလဲပါပါတယ်။ အဆိပ်ရေတစက်နဲ့ပင် လူ ၂၀ထက်မနည်း သေစေနိုင်ပါတယ်။
ဆားငံရည်ပျော်ဝင်နေတဲ့ ရေနွေးရှိရာဒေသများမှာ တွေ့ရတက်ပါတယ်။
သူ့ဆူးထိမိခဲ့လျှင် အနှေးနှင့်အမြန် ကြီးမားစွာဒုက္ခပေးတက်ပြီး ရောင်ရမ်းခြင်း၊ မလှုပ်နိုင်ပဲ တဆစ်ဆစ်ခံစားရပြီး
ဆိုးရွားတဲ့ဖြစ်စဉ်အဖြစ် သွပ်ချာပါဒလိုက်သလို တုံ့ဆိုင်းသွားပြီး
အသက်ရှု ခက်ခဲလာစေပါတယ်။

(၄) Blue Ringed Octopus - အပြာရောင်လက်စွပ်ကွင်းပုံစံလေးနဲ့ ရေဘဝဲပါ။ အရွယ်အစားကတော့ ဘေ့ဘောတစ်တလုံးရဲ့
အရွယ်လောက်ပါ။ လူ(၂၆) ယောက်ခန့်ကို မိနစ်ပိုင်းအတွင်း သေစေနိုင်ပါတယ်။ သူ လက်တံနှင့် ထိမိတဲ့အခါ အာရုံကြောများမှတဆင့် အဆိပ် ပြန့်ဝင်ပြီး ကြွက်သားများ ပျော့ပြောင်းအားနည်းလာပြီး လေးလံထုံထိုင်းကာ သေစေနိုင်ပါတယ်။ ဂျပန်နှင့်သြစတြေးလျရှိ ပစိဖိတ်သမုဒ္ဒရာ ဒီရေ
ဝင်ရောက်တဲ့ ရေကန်တွေမှာ တွေ့ရ တက်ပါတယ်။

(၅) Death Stalker Scorpion - ဒီကင်းမြီးကောက်ကတော့ ကိုက်ခံရသူကို အာရုံကြောမှတဆင့် အဆိပ်ပြန့်စေပြီး လေငန်းစွဲသလိုဖြစ်ကာ မေ့မြောသေဆုံးစေနိုင်ပါတယ်။ သူ့ကိုတော့ အာဖရိကတိုက်တောင်ပိုင်းနဲ့
အရှေ့လယ်ပိုင်းတွေမှာ တွေ့ရှိရပါတယ်။

(၆) Stone Fish -
ဒီကျောက်ငါးဟာ ကမ္ဘာ့အဆိပ်ပြင်းဆုံး ငါးတစ်မျိုးပါပဲ။ အကိုက်ခံရသူကို ထိတ်လန့်ပြီး တစ်ရူှးသွေးဆဲလ်များကို သေဆုံးစေကာ
နာရီပိုင်းအတွင်းမှာပင်
ဆေးကုသမှုမပြုလုပ်မိရင် သေဆုံးနိုင်ပါတယ်။
ပစိဖိတ်နှင့်အန္ဒိယသမုဒ္ဒရာ ရေတိမ်နေရာများ၊ ပင်လယ်နီ Queensland သောင်ခုံကျောက်တန်းများတွင် တွေ့ရှိနိုင်ပါတယ်။

(၇) The Barazaillian wondering Spider - ဘရာဇီးမှာ လှည့်လည်သွားလာနေတဲ့ ဒီငှက်ပျောသီးပင့်ကူဟာ လူကိုအန္တရာယ်ဖြစ်စေနိုင်ဆုံး
ဖြစ်ပြီး နေ့ပိုင်းတွေမှာ အိမ်ရဲ့အတွင်းပိုင်းနဲ့ အင်္ကျီ၊ ဖိနပ်တွေထဲမှာ
ခိုအောင်းနေထိုင်တတ်ပါတယ်။

(၈) Island Taipan -
အပူပိုင်းဒေသမှ အဆိပ်ပြင်းလှတဲ့ မြွေပါ။ အကိုက်ခံရသူကို (၄၅)မိနစ်အတွင်းမှာ
သေဆုံးစေနိုင်ပါတယ်။ (ပုံထဲမှာ မပါဝင်ပါ)

(၉) Poison Dart Frog - အဆိပ်လက်နက်တွေနဲ့ ဖားငယ်လေးပါ။
မိုးများတဲ့ တောနက်တွေထဲမှာ ပြေးလွှားနေတက်ပြီး တခါတရံ
တောင်အမေရိကအလယ်ပိုင်းတွေမှာ
တွေ့ရတက်ပါတယ်။ ၂လက်မခန့်ရှိပါ တယ်။
လူနဲ့အခြားနို့တိုက်သတ္တဝါတွေကို သေစေနိုင်ပါတယ်။

(၁၀) Puffer Fish -
ဒီငါးပူတင်း အကိုက်ခံရပြီဆိုလျှင် နှလုံးကို ဓါတ်လိုက်ခံရသလို ဖြစ်စေပါတယ်။ သူ့ရဲ့နှုတ်ခမ်းထူထူနဲ့ လျှာတွေကလည်း အဆိပ်ရှိပါတယ်။ အကိုက်ခံရသူရဲ့ ကြွက်သားတွေ ဝမ်းဗိုက်ကြောသားတွေ ထိခိုက်ခံစားရပြီး ၂၄ နာရီအတွင်း သေစေနိုင်ပါတယ်။

အဆိပ်ရှိသတ္တ၀ါများကို လူအများသိရှိထားပြီး ရှောင်ရှားနိုင်ကြပါစေ။ အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ။


Wednesday, December 23, 2015

PK ဇာတ်ကားအကြောင်း

‪#‎PK‬ ဇာတ်ကားလေးကတော့ တစ်ကမ္ဘာလုံးရဲ့ ကြိုက်နှစ်သက်မှုကို ရရှိခဲ့တဲ့ အချစ် ဘာသာရေး ဟာသ အစရှိသည်ဖြင့် ဘက်စုံအောင် ယူတက်မယ်ဆိုရင် ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် သင်ခန်းစာတွေရရှိစေခဲ့တဲ့ ပညာပေး ရုပ်ရှင်ဇာတ်ကားကောင်းလေး တစ်ကားပါပဲ။
ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းကြောင့် ဒီဇာတ်ကားရဲ့ အဓိက သူရုပ်ဆောင် မင်းသား အမီးရ်ခန်းက အိန္ဒိယရနိုင်ငံမှာ ဟိန္ဒူဘာသာရေး ခေါင်းဆောင်လုပ်သူများရဲ့ ပြစ်တင်ဝေဖန် ပုတ်ခြင်းကို ခံခဲ့ရတဲ့အပြင် အိန္ဒိယနိုင်ငံက နာမည်ကြီး သတင်းမီဒီယာမှာ အင်တာဗျူး လုပ်ပြီး ရှင်းလင်းပွဲပါ လုပ်ခဲ့ရပါတယ်။
ဒီဇာတ်ကားနဲ့ပါတ်ပြီး သတင်းထောက်များနဲ့ မင်းသား အမီးရ်ခန်းရဲ့ အင်တာဗျူး အမေးအဖြေတွေကလည်း အရမ်းကို ပညာသားပါသည့်အပြင် စိတ်ဝင်စားစရာလည်း အရမ်းကောင်းခဲ့ပါတယ်။
အခုတင်ပြမှာကတော့ ဒီ #PK ဇာတ်ကားရဲ့ နောက်ကွယ်က သင်တို့မသိသေးတဲ့ အချက်လေးတွေကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အောက်က ဓာတ်ပုံလေးတွေမှာ ရှုစားကြည့်လိုက်ကြပါခင်ဗျာ။

Photo Credit
Behind The Movie .

Monday, December 14, 2015

ဘာသာတရားကွဲပြားနေလို့များ တရားဥပဒေက ခွဲခြားနေလေသလား ••••••••••••••••••••••••••••••

ဒီရက်ပိုင်းအတွင်းမှာ ဘာသာရေးကိုင်းရှိုင်းလှတဲ့ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ ထူးခြားဖြစ်စဉ်လို့ သတ်မှတ်နိုင်တဲ့ သတင်းထူးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီသတင်းကတော့ ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံကို ဒီဇိုင်းလုပ် အသုံးပြုပြီး Buddha-bar အမည်တပ်ထားတဲ့ VGastro bar အရက်ဘားရဲ့ ကြော်ငြာတစ်ခု မြန်မာ့လူမှုကွန်ယက်ပေါ်မှာ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ကစပြီး ဖေ့စ်ဘုတ် လူမှုကွန်ယက်မှာ အရှိန်အဟုန်နဲ့ ပြန့်နှံ့ခဲ့ပြီး နောက်နေ့မကူးဘဲ ၁၁ ဒီဇင်ဘာညမှာပဲ ဘားဆိုင်ကို အာဏာပိုင်တွေ ၀င်ရောက်စစ်ဆေးပြီး ဆိုင်းဘုတ်တွေ ဖြုတ်ကာ ဆိုင်ကို အပြီးပိတ်သိမ်းခဲ့ပါတယ်။ အရက်ဘားကို ၀င်ရောက်စစ်ဆေးတဲ့အခါ နားကြပ်တပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ဓာတ်ပုံဟာ ဆိုင်မှာတပ်ဆင်အသုံးပြုထားတာ မရှိခဲ့ပေမယ့် (ဖေ့စ်ဘုတ်ပေါ်မှာ ဒီလိုဓာတ်ပုံတင်ပြီး အရက်ဆိုင်ကို ကြော်ငြာတယ်)ဆိုတဲ့ အပြစ်တစ်ခုတည်းနဲ့တင် ဗုဒ္ဓဘာသာကိုစော်ကားရာ ရောက်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် နယူးဇီလန်နိုင်ငံသား Philip Blackwood၊ ပိုင်ရှင် ထွန်းသူရိန်နဲ့ မန်နေဂျာ ထွဋ်ကိုကိုလွင်တို့ကို ဗဟန်းရဲစခန်းမှာ (ပ) ၄၉၉/၂၀၁၄ နဲ့အမှုလက်ခံပြီး၊ ပုဒ်မ ၂၉၅ ၊ ၂၉၅(က) ပုဒ်မ နှစ်ခုတပ် အမှုဖွင့်ထားကာ အာမခံလည်းမပေးကြောင်းနဲ့ ထိထိရောက်ရောက်အရေးယူမှာဖြစ်ကြောင်း သိရပြန်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေလုပ် နားကြပ်တပ်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ အရက်ဘားကြော်ငြာတဲ့ VGastro Bar က တာဝန်ရှိသူတိုင်းဟာ ဗုဒ္ဓဘာသာကို စော်ကားတဲ့အတွက် တည်ဆဲဥပဒေအရ အပြစ်ပေးအရေးယူခြင်း ခံထိုက်ပါတယ်။ ဒီလို အရေးယူလိုက်တာဟာလည်း မှန်ကန်ထောက်ခံသင့်တဲ့ အကြောင်းအရာဖြစ်သလို ဗုဒ္ဓဘာသာဝင်အများအပြားအတွက် အင်မတန်လည်း ကျေနပ်စရာ ဖြစ်စေခဲ့ရပါတယ်။ မည်သည့်ဘာသာကိုးကွယ်နေသည်ဖြစ်စေ ဘာသာတရားတစ်ခုကို မည်သည့်အကြောင်းကြောင့်နဲ့မှ စော်ကားခွင့် ခွဲခြားခွင့်မပေးဘဲ ဥပဒေအတိုင်းထိထိရောက်ရောက် ကိုင်တွယ်တာဟာ အလွန်ကောင်းမွန်တဲ့ စံနမူနာဖြစ်စေပါတယ်။

တချိန်တည်းမှာ ဗုဒ္ဓဘာသာကို တစ်ကြိမ်တစ်ခါစော်ကားမိတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ရက်မဆိုင်း နာရီမဆိုင်းဘဲ ထိထိရောက်ရောက်အပြစ်ပေးအရေးယူသလို အခြားကိုးကွယ်ရာဘာသာတွေကို နှစ်နဲ့ချီပြီး စော်ကားချင်တိုင်း စော်ကားနေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုပဲ တူညီစွာ အရေးယူရမှာဖြစ်သလို လိုအပ်သလို တားဆီးပိတ်ပင်တာကိုလည်း လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကို စော်ကားသူတွေကိုသာ ဒီလိုဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီး အရေးယူပေမယ့် အခြားသာသာတရားတွေကို စော်ကားခဲ့၊ စော်ကားနေသူတွေကိုတော့ မသိချင်ယောင်ဆောင် ဥပက္ခာပြု တမင်လွှတ်ပေးနေရင် ဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှုမရှိဘူး၊ တရားဥပဒေ ဟာ ကွက်ကျားမိုးလိုမျိုး၊ မလိုတစ်မျိုး လိုတစ်မျိုး ကျင့်သုံးနေပါတယ်လို့ သက်သေပြနေသလို ဖြစ်နေပါလိမ့်မယ်။

"တရားဥပဒေ" ဆိုတဲ့စကားလုံးကို ကိုင်တွယ်သုံးစွဲကြတဲ့အခါ တရားဥပဒေပြုသူတွေနဲ့ အာဏာပိုင်တွေအပါအဝင် မြန်မာနယ်နိမိတ်ထဲမှာ နေထိုင်ရှင်သန်သူတိုင်းဟာ နိုင်ငံတော်က ပြဌာန်းထားတဲ့ တည်ဆဲဥပဒေတွေရဲ့ ရှေ့မှောက်မှာ ကျောသားရင်သားမခွဲခြားဘဲ တန်းတူညီမျှမှု ရှိကို ရှိဖို့ လိုအပ်ရပါတယ်။ ဒါကြောင့် "တရားဥပဒေ" လို့ပြောရင် တန်းတူညီမျှရှိမှုကို ချန်ထားလို့မရပါဘူး။ မည်သည့်နေရာမှာ ကျူးလွန်သည်ဖြစ်စေ တူညီသောပြစ်မှုကို ကျူးလွန်သူတိုင်းဟာ တူညီသောပြစ်ဒဏ်ကို ကျခံမှသာလျင် တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှုရှိတယ်လို့ ယူဆနိုင်မှာဖြစ်ပါတယ်။ ဒါဟာ No one is above the law ဆိုတဲ့ အချက်ကို သက်သေပြဖော်ဆောင်နိုင်တဲ့ တရားဥပဒေစိုးမိုးရေးရဲ့ အဓိကအကျဆုံး အချက်လည်းဖြစ်ပါတယ်။

၂၀၁၂ ရွေးကောက်ပွဲနောက်ပိုင်းမှာ ရခိုင်အဓိကရုဏ်းကနေအစပြုပြီး အသက်အိုးအိမ်ပေါင်းများစွာ သေကျေပျက်စီးခဲ့ရပါတယ်။ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို သတ်ဖြတ်ပါတယ်ဆိုတဲ့ တရားခံထက်ထက်ဟာ အချုပ်ခန်းထဲမှာပဲ သေဆုံးခဲ့သလို ကျန်တရားခံနှစ်ဦးကိုလည်း လျှင်မြန်စွာ အရေးယူဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်ရဲ့ နောက်ဆက်တွဲ ၂၀၁၂ခုနှစ် ဇွန်လ ၄ ရက်နေ့ တောင်ကုတ်မြို့မှာ နိုင်ငံသားမွတ်ဆလင်ခရီးသည် ၁၀ ဦးကို ကားပေါ်က ဆွဲချပြီး လူပေါင်း ၃၀၀ လောက်က နေ့ခင်းကြောင်တောင် လူမြင်ကွင်းအလယ်မှာ အရှင်လတ်လတ် ဦးနှောက်ထွက်အောင် ရိုက်သတ်ခဲ့ပေမယ့် အရေးယူဖမ်းဆီးမှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ နိုင်ငံပိုင်သတင်းစာတွေ ကိုယ်တိုင်က "ရိုးမသစ္စာခရီးသည်တင်မှန်လုံယဉ်ပေါ်မှ မွတ်ဆလင်ကုလား ၁၀ ဦး အသတ်ခံရ" ခေါင်းစဉ်မည်းကြီးတပ်ကာ တရားဥပဒေနဲ့အညီ ကာကွယ်မပေးတဲ့အပြင် "မသီတာထွေးကို ရက်စက်စွာ စော်ကားသတ်ဖြတ်" တဲ့အတွက် ဒီလို ပြန်လည်တုန့်ပြန် သတ်ဖြတ်တာဟာ တရားမျှတတဲ့ပုံစံမျိုး မီဒီယာကျင့်ဝတ်သိက္ခာမဲ့စွာ ရေးသားခဲ့ပါသေးတယ်။ နိုင်ငံတကာဖိအားပေါင်းများစွာ ခံရပြီးနောက်မှာတော့ ကျူးလွန်သူပေါင်း ၃၀၀ ကျော်ထဲက ၇ ဦးတည်းကိုသာ တစ်နှစ်ကျော်အကြာမှာ ဖမ်းဆီးခဲ့ပြီး နောက်ထပ် တစ်နှစ်ခွဲနီးပါးအကြာမှာမှ ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ပါတယ်။ တောင်ကုတ်လူသတ်ပွဲကြီးနောက်မှာ ဘယ်နေ့မှာ ဘယ်ရပ်ကွက်ကို ဘယ်နှစ်နာရီမှာဝင်မယ် စသည်ဖြင့် အချိန်အခါ အတိအကျနဲ့ အချိန်ဇယားထွက်ကာ မီးလောင်တိုက်သွင်းခံရတဲ့ အဓိကရုဏ်းအမည်ခံ ရခိုင်ပြည်နယ်လုံးကျွတ် မီးရှို့လူသတ် လုယက်ကာ မိမိပိုင်နေအိမ်များမှ (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် အပြည့်ရှိပါတယ်လို့ အခြေခံဥပဒေထဲမှာ ထည့်သွင်းရေးသားသတ်မှတ်ထားတဲ့နိုင်ငံမှာ အစ္စလာမ်ကို ကိုးကွယ်မိတဲ့ အပြစ်တစ်ခုတည်းကြောင့်) ကြိုတင်စီစဉ်ထားတဲ့ လုံခြုံတဲ့နေရာ (ဒုက္ခသည်စခန်း) တွေဆီကို စစ်တပ်ကားတွေနဲ့ အစီအရီအပို့ခံရတဲ့ ဖြစ်ရပ်တွေ တန်းစီဖြစ်လာခဲ့ပါတော့တယ်။ မွတ်ဆလင်တွေအတွက် တရားဥပဒေစိုးမိုးမှု၊ တရားဥပဒေရဲ့ အကာအကွယ်ပေးစောင့်ရှောက်မှုဆိုတဲ့ စကားလုံးနဲ့ တန်းတူညီမျှမှုဆိုတဲ့ စကားလုံးတွေကို ရှာမတွေ့ခဲ့ရပါဘူး။

အရေးအခင်းအတွင်း အိမ်ဖျက်ဆီးခံရတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ နိုင်ငံတော် ဒုသမ္မတကြီး ဦးစိုင်းမောက်ခမ်း ကိုယ်တိုင် လာရောက်လည်ပတ် အားပေးနှစ်သိမ့်ကာ အစားပြန်ဆောက်ပေးတဲ့ ရွာအသစ်၊ အိမ်အသစ်ကိုယ်စီနဲ့ စီစီရီရီ သပ်သပ်ယပ်ယပ်ပြန်လည်ဖြစ်ထွန်းကာ အဓိကရုဏ်းဒဏ်ရာတွေကို ကုစားပေးခြင်းခံခဲ့ရပေမယ့် အဓိကရုဏ်းနဲ့ လုံးဝမပတ်သက်ဘဲ အိုးအိမ် ဆိုင် စီးပွား လုယက်ဖျက်ဆီးခံရတဲ့ တိုင်းရင်းသားကမန်တွေ၊ နိုင်ငံသားမွတ်ဆလင်တွေရဲ့ အိမ်တွေ စီးပွားဥစ္စာတွေဟာ ဒီနေ့ထိ ပြန်လည်အစားရခြင်း လုံးဝမရှိတဲ့အပြင် တရားဥပဒေရဲ့ အကာအကွယ်ပေးမှု၊ အာဏာပိုင်အစိုးရမင်းများရဲ့ စာနာထောက်ထားတဲ့ အားပေးစကားပြောသံ တစ်ခုကလေးမှ မရခဲ့ဘဲ မိမိတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ရာ နေအိမ်စီးပွားတွေကနေ အတင်းအကျပ်စွန့်ခွာစေကာ ဒုက္ခသည်စခန်းတွေဆီကို အတင်းပို့ဆောင်ခံရတာ၊ ဒါမှမဟုတ် ရန်ကုန်မြို့က နီးစပ်ရာဆွေမျိုးတွေဆီမှာ ထွက်ပြေးခိုလှုံရတဲ့ အဆင့်ကို ရောက်ရှိသွားရပါတယ်။ တရားဝင်တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ပါဝင်တဲ့ ဒေသခံတိုင်းရင်းသားချင်းတူပေမယ့် ကိုးကွယ်ရာကွဲပြားတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ နဲ့ (ရခိုင်စကားပြော၊ ရခိုင်လိုဝတ်စားဆင်ယင်ကြတဲ့) ကမန် အစ္စလာမ်ဘာသာဝင်တွေ၊ နိုင်ငံသား မွတ်ဆလင်တွေဟာ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှု၊ စာနာထောက်ထားမှု မတူမျှခဲ့ပါဘူး။ ရခိုင်ဖြစ်ရပ်နောက်ပိုင်း ၂၀၁၃ ကစလို့ မြန်မာပြည်မမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေကိုပါ ပစ်မှတ်ထားလာပြန်ကာ မြန်မာနိုင်ငံအနှံ့ ၉၆၉ အမည်ခံလို့တစ်ဖုံ၊ မဘသ အမည်ခံလို့တစ်မျိုး အမည်ပေါင်းစုံတပ်ကာ မွတ်ဆလင်တွေနဲ့ မပေါင်းသင်းရေး၊ မွတ်ဆလင်ဆိုင်တွေမှာ ဈေးမ၀ယ်ရေး၊ မွတ်ဆလင်တွေနဲ့ လက်မထပ်ရေး၊ မွတ်ဆလင်တွေကို အိမ်မရောင်းရ စသည်ဖြင့် အခြေခံဥပဒေပါ နိုင်ငံသားတစ်ဦးချင်းစီရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး ပြဌာန်းချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့လုပ်ရပ်တွေ၊ လှုံ့ဆော်မှုတွေ၊ အမုန်းတရားဟောကြားမှုတွေဟာ ပေါ်ပေါ်ထင်ထင် ဖြစ်ပေါ်လာခဲ့ပေမယ့်လည်း မည်သည့်အာဏာပိုင်ကမှ တားမြစ်ခြင်းမရှိသလို ဥပဒေနဲ့အညီ အရေးယူခြင်းလည်း မရှိခဲ့ပြန်ပါဘူး။

အမုန်းတရားတွေရဲ့ ပြန့်နှံ့ကူးစက်လွယ်တဲ့ သဘာဝဟာ မြန်မာပြည်အနှံ့ အတားအဆီးမဲ့ လောင်ကျွမ်းပါတော့တယ်။ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ ကိုးကွယ်ရာဘာသာကြီးတစ်ခုဖြစ်တဲ့ အစ္စလာမ်ဘာသာနဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်းဟာ အမုန်းတရားလှုံ့ဆော်သူတွေ၊ ၉၆၉တွေ၊ မဘသတွေရဲ့ ပစ်မှတ်သစ်ဖြစ်လာခဲ့ပါတယ်။ အမျိုး ဘာသာ စောင့်ရှောက်ရေးတရားပွဲအမည်ခံကာ မွတ်ဆလင်ဆန့်ကျင် မုန်းတီးရေး ဟောပြောလှုံ့ဆော်ပွဲတွေကို နေရာအနှံ့ လမ်းဒေါင့်အနှံ့ ဗီနိုင်းတွေထောင်ကာ ဟောပြောချင်တိုင်း စိတ်တိုင်းကျ ဟောပြောခွင့် လွတ်လွတ်လပ်လပ်ရရှိတဲ့အပြင် မွတ်ဆလင်ဆန့်ကျင်ရေးဗီဒီယိုခွေတွေဟာ နိုင်ငံအနှံ့ ကျေးရွာအနှံ့၊ လမ်းတွေအနှံ့ ပြန့်နှံ့အောင် ဖြန့်ဝေခွင့် ရခဲ့ပြန်ပါတယ်။ မြို့နယ်အဆင့်အာဏာပိုင်တွေ ကိုယ်တိုင် ခွင့်ပြုချက်တွေပေးကာ တရားဥပဒေနဲ့ မညီတဲ့ အမုန်းတရားလောင်စာတွေကို နိုင်ငံအနှံ့ ဖြန့်ကျဲချနေတဲ့လုပ်ရပ်တွေကို သက်ဆိုင်ရာအာဏာပိုင်အဆင့်ဆင့်က တားဆီးပိတ်ပင်မှု မရှိခဲ့တဲ့အတွက် နိုင်ငံအနှံ့ အစ္စလာမ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ ပေါ်ပေါ်ထင်ထင်ဖြစ်လာကာ မိတ္ထိလာ၊ လားရှိုးကစလို့ မြန်မာပြည်အနှံ့ အစ္စလာမ်ဘာသာကိုးကွယ်သူတိုင်းကို တိုင်းရင်းသား၊ နိုင်ငံသားမခွဲခြားတော့ဘဲ "ခိုးဝင်ဘင်္ဂလီ" တွေလို့ တစ်ဖက်သတ်သမုတ်ကာ အနိုင်ကျင့် လုယက်မှုတွေ၊ ကလေးအရွယ် လူမမယ်လေးတွေကိုမချန် အရှင်လတ်လတ် မီးပုံထဲ ပစ်သွင်း သတ်ဖြတ်မှုတွေ၊ မြို့လုံးကျွတ် မီးလောင်တိုက်သွင်းမှုတွေဟာ ဥပဒေမဲ့နိုင်ငံအလား လုံခြုံရေးတွေရှေ့မှောက်၊ သတင်းထောက်တွေ ရှေ့မှောက်မှာ ကျူးလွန်ရဲတဲ့အဆင့်ကို တိုးတက်ရောက်လာခဲ့ပြန်ပါတယ်။ တရားဥပဒေရဲ့ အကာအကွယ်ပေးစောင့်ရှောက်မှုကို မရခဲ့ပြန်တဲ့အပြင် အာဏာပိုင်တွေကိုယ်တိုင်က ကျူးလွန်ခံရသူ မွတ်ဆလင်တွေကိုပဲ တစ်ဖက်သတ် အရေးယူ အပြစ်ပေးခဲ့ပြန်ပါတယ်။ မြို့လုံးကျွတ်မီးရှို့ကာ မွတ်ဆလင်တွေကို မိမိတို့နေအိမ်တွေက အတင်းအကျပ်မောင်းထုတ်တဲ့ အကြမ်းဖက်မှုကျူးလွန်သူတွေဟာ ဥပဒေရဲ့ အပြစ်ပေးခြင်းကို မခံရဘဲ ခေတ္တခဏသာ အချုပ်အနှောင်ခံရကာ နောက်ပိုင်း ကျူးလွန်သူအကြမ်းဖက်သမား အားလုံးနီးပါး ပြန်လွှတ်ပေးခံခဲ့ရပါတယ်။ တရားဥပဒေရှေ့မှောက်မှာ တန်းတူညီမျှမှု မရှိခဲ့ပြန်ပါဘူး။

၂၀၁၃ ဒီဇင်ဘာလ အာဆီယံအားကစားပြိုင်ပွဲမတိုင်မီမှာပဲ တစ်မြို့ပြီး တစ်မြို့ ခြိမ့်ခြိမ့်သဲသဲပွဲဆက်နေတဲ့ အဓိကရုဏ်းပွဲတော်ကြီးဟာ ကြိုတင်ညှိနှိုင်းထားသလို ရပ်တန့်သွားခဲ့ပြီး အမုန်းတရားလှုံ့ဆော်မှုတွေဟာလည်း အံ့သြစရာကောင်းလောက်အောင် တိကနဲရပ်တန့်သွားခဲ့ပါတယ်။ အာဆီယံအားကစားပွဲအပြီးမှာတော့ အမုန်းတရားလှုံ့ဆော်မှုတွေဟာ အချိန်အခါကိုက် ပြန်လည်ပေါ်ထွက်လာပြန်ပါတယ်။ တရားပွဲတွေအစား ပုံနှိပ်စာစောင်တွေမှာပါ အစ္စလာမ်ကို ဆန့်ကျင်ရုံသာမက တိုက်ရိုက်စော်ကားတဲ့အဆင့်ကိုပါ ရောက်လာခဲ့ပြန်ပါတယ်။ သာကီသွေးဂျာနယ်၊ အောင်ဇေယျတုဂျာနယ်စတဲ့ ၉၆၉ အမည်ပြောင်း မဘသတွေ ထုတ်ဝေတဲ့ စာစောင်တွေမှာ အစ္စလာမ်ကို အကြိမ်ကြိမ်စော်ကားမှုတွေ ပြုလုပ်တဲ့အတွက် အစိုးရအသိအမှတ်ပြုအစ္စလာမ့်ဘာသာရေးအဖွဲ့ကြီးတွေက သမ္မတအဆင့်ထိ လိပ်မူပြီး တိုင်ကြားမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် တိုင်းသိပြည်သိ ကမ္ဘာသိဖြစ်လာခဲ့ပြီး မဖြစ်မနေထုတ်ပြန်ရတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက ၂၀၁၄ အောက်တိုဘာ ၂၄၊ ၀န်ကြီးဋ္ဌာန စာအမှတ် ၁-၆(၈)/၂၀၁၄(၇၁၈၂) နဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ကြေညာချက်မှာ"အောင်ဇေယျတုဂျာနယ်ရဲ့ ရေးသားချက်တွေဟာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၃၆၂၊ ၃၆၃၊ ၃၆၄ တို့အားလည်းကောင်း၊ သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (ဇ)(ဈ) နှင့် ပုံနှိပ်ခြင်း နှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ) တို့အား လည်းကောင်း ဖောက်ဖျက်ကျူးလွန်ရာရောက်တယ်"လို့ ၀န်ခံခဲ့ပြီး ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးအချို့ အကြိမ်ကြိမ်ကျူးလွန်တဲ့ ပုဒ်မတွေကို ရွတ်ပြရုံ ရွတ်ပြပေမယ့်လည်း အရေးယူမှု တစ်စုံတစ်ရာမပြုလုပ်နိုင်တဲ့ စာနယ်ဇင်းကောင်စီ(ယာယီ) အဆင့်ကို လွှဲပေး ဖြေရှင်းစေခဲ့ပြန်ပါတယ်။

ကိုးကွယ်ရာဘာသာကြီးတစ်ခုကို ပုံနှိပ်စာစောင်တစ်ခုပေါ်မှာ ရိုက်နှိပ်ဖော်ပြပြီး စိတ်တိုင်းကျစော်ကားတာဟာ ပုဒ်မ ၉ ခုလောက်ကို တစ်ပြိုင်တည်း ကျူးလွန်ရာတယ်လို့ ၀န်ကြီးဌာနက ကိုယ်တိုင်စာထုတ်ဝန်ခံပေမယ့် နောက်ဆက်တွဲအရေးယူဆောင်ရွက်တားဆီးပိတ်ပင်ခြင်းကို ဘယ်အာဏာပိုင်ကမှ ထိထိရောက်ရောက် မလုပ်ဆောင်ပေးခဲ့ပါဘူး။ ယနေ့ထိလည်း အစ္စလာမ်ဘာသာအပေါ် ဆန့်ကျင်စော်ကားမှုတွေဟာ အရှိန်မပြယ်သေးပေမယ့် "ဗုဒ္ဓဘာသာ မဟုတ်တဲ့ အခြားဘာသာတရားတွေ"ကို စော်ကားလို့ တရားဥပဒေနဲ့အညီ အရေးယူပါတယ်ဆိုတဲ့ အသံ မရှိဖူး မကြားခဲ့ရဖူးပါဘူး။ မြန်မာတိုင်းရင်းသားမွတ်ဆလင်တွေ၊ မြန်မာနိုင်ငံသား မွတ်ဆလင်တွေအတွက် တရားဥပဒေရဲ့ အကာအကွယ်ပေးစောင့်ရှောက်မှုဆိုတဲ့စကားလုံးနဲ့ တရားဥပဒေရဲ့ ရှေ့မှောက်မှာ တန်းတူညီမျှမှုဆိုတဲ့စကားလုံးတွေဟာ တစိမ်းသက်သက်ဖြစ်နေအောင် ပြုပြင်ဖန်တီးခံထားရတာဟာ ကြာလှပါပြီ။

အစ္စလာမ်ဘာသာကို စော်ကားချင်တိုင်းစော်ကားနေသူတွေကို အရေးယူတားဆီးမှုတစ်စုံတစ်ရာမပြုလုပ်ဖူးတဲ့ မြန်မာအာဏာပိုင်တွေဟာ ဒီရက်ပိုင်းအတွင်းမှာပဲ ထူးထူးခြားခြား ဖြစ်ပွားခဲ့တဲ့ ဗုဒ္ဓရုပ်ပွားတော်မှာ နားကြပ်တပ်ထားတဲ့ပုံနဲ့ Buddha-bar အမည်တပ်ပြီး ကြေညာထားတဲ့ V.Gastro bar အရက်ဘားကလပ်တစ်ခုရဲ့ ကြော်ငြာကိုတော့ တစ်ရက်တစ်ညကလေးတောင် သည်းခံနိုင်ခြင်း မရှိခဲ့ပြန်ပါဘူး။ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေအရ မည်သည့်ဘာသာတရားကိုမဆို စော်ကားခြင်း၊ ဖျက်ဆီးခြင်း၊ ဂုဏ်သရေပျက်ပြားစေခြင်း တို့ကိုပြုလုပ်တယ်ဆိုရင် မည်သူမဆို ထောင်ဒဏ် နှစ် နှစ် ကျခံစေရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ပုံရိပ်တော်ကို မရိုမသေလုပ်ပြီး နားကြပ်တပ်ကြော်ငြာတဲ့ VGastro Bar က တာဝန်ရှိသူတိုင်းဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကို တစ်ကြိမ်တစ်ခါစော်ကားမိတာကို (သည်းခံစရာမလိုဘဲ) တည်ဆဲဥပဒေအရ အပြစ်ပေးအရေးယူခြင်း ခံထိုက်ပါတယ်။
ဗုဒ္ဓဘာသာကို တစ်ကြိမ်တစ်ခါစော်ကားမိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဖေ့စ်ဘုတ်ပေါ်မှာ တင်လိုက်တဲ့ နားကြပ်တပ်ဗုဒ္ဓရုပ်ပွားတော်ဒစ်ဂျစ်တယ်ဓာတ်ပုံတစ်ပုံကလွဲရင် ကျန်တဲ့သက်သေအထောက်အထားတစ်စုံတစ်ရာ လက်ဆုတ်လက်ကိုင် မဖမ်းမိပေမယ့် အာမခံ မရဘဲ အချုပ်ခန်းထဲကို ချက်ချင်းပို့ ချက်ချင်းအမှုဖွင့်၊ ချက်ချင်းတရားစွဲ၊ အရက်ဘားကို ချိတ်ပိတ်ကာ လိုင်စင်အပြီးပိတ်သိမ်းခံရပြီး တည်ဆဲဥပဒေတွေနဲ့အညီ ညမကူးဘဲ ချက်ချက်လက်ငင်း အရေးယူပြတာဟာ အများသဘောကျစရာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘာသာရေးလွတ်လပ်ခွင့် အပြည့်ရှိပါတယ်၊ ဖိနှိပ်ချိုးဖောက်မှုမရှိပါဘူးလို့ ဖော်ထုတ်ကြွေးကြော်ထားတဲ့ မြန်မာနိုင်ငံမှာ အစ္စလာမ်ဘာသာကို နှုတ်နဲ့တသွယ်၊ ဒီဗီဒီခွေဖြန့်လို့တစ်မျိုး၊ ပုံနှိပ်မီဒီယာတွေနဲ့တဖုံ စော်ကားချင်တိုင်း စော်ကားခဲ့ကြ စော်ကားနေကြတဲ့ ဗုဒ္ဓဘုန်းတော်ကြီးအချို့နဲ့ လူပုဂ္ဂိုလ်တွေအပြင် ဗလီဝတ်ကျောင်းတော်များစွာကို မီးလောင်တိုက်သွင်း မြေလှန်ပစ်ခဲ့ကြတဲ့ အကြမ်းဖက်သမားတွေကို သက်သေအထောက်အထားအပြည့်နဲ့ နိုင်ငံဥသျှောင်သမ္မတကြီးထိ တိုင်တန်းပေမယ့် အရေးယူတားဆီးပိတ်ပင်မှု တစ်စုံတစ်ရာမပြုလုပ်ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ "လွတ်လပ်စွာ ကိုးကွယ်ခွင့်" ဆိုတဲ့စကားလုံးဟာ အင်မတန် သံသယရှိစရာ ဖြစ်နေရပါပြီ။ မြန်မာအာဏာပိုင်တွေရဲ့ သူ့လူ ကိုယ့်ဖက်သားခွဲခြားနေတဲ့ မူဝါဒကို ကိုင်စွဲနေသမျှ တရားဥပဒေစိုးမိုးမှု မရှိဘူး၊ တရားဥပဒေရှေ့မှောက်မှာ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှမှု မရှိဘူး၊ ကိုးကွယ်ရာဘာသာတရားကို လိုက်ပြီး ကျောသားရင်သား ခွဲခြားမှုတွေ ရှိတယ်ဆိုတဲ့ အသံကျယ်ကျယ်လောင်လောင်တွေကို နိုင်ငံတကာမှာ ဆက်လက်ကြားနေရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ကို သွားနေတဲ့ လမ်းကြောင်းမှာ အမဲစက်ကြီးတစ်ခုအဖြစ် ဆက်လက် မြင်နေကြဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြည်၊ တို့ပြည်….တို့မြေ…”လို့ လိပ်ပြာသန့်သန့် ဟစ်ကြွေးနိုင်ဖို့၊

"ကျောသား ရင်သားမခွဲခြားတဲ့ တရားစီရင်ရေးစနစ်ကြီး မြန်မာပြည်မှာ ထွန်းကားနေပြီ၊ ကိုးကွယ်ရာ ဘာသာ မတူရင်လည်း တရားဥပဒေရှေ့မှောက်မှာ အကာအကွယ် တကယ်ရနိုင်နေပြီ၊ သာတူညီမျှမှု ရှိနေပြီ" လို့ အများက သတ်မှတ်နိုင်စေဖို့ ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လိုအပ်ပါဦးမယ်လို့ပဲ ထောက်ပြချင်ပါတယ်။