cross

cross

Saturday, April 9, 2016

"မှန်တာပြော ရွာပြင်ထုတ်" ဟူသောပုံပြင်၏ အဓိပ္ပာယ်

ကျွန်တော်တို့ လူမှုဝန်းကျင်တွင် “မှန်တာပြော ရွာပြင်ထုတ်” ဆိုသော စကားလုံးကို ယနေ့ခေတ်တွင် တွင်ကျယ်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။ သို့သော် လူတိုင်း၏ အမြင်မှာ “မှန်တာပြော ရွာပြင်ထုတ်”သည်ကို “ငါတကယ်ပဲ အမှန်တရားတွေကို ပြောလိုက်လျင် လူ့အသိုင်းအ၀ိုင်း၊လူ့ပတ်ဝန်းကျင်မှ ကြဉ်ဖယ်ခံရတော့မည်လား၊ Social Relationship မှာ ညံ့ဖျင်းတဲ့သူတစ်ယောက် ဖြစ်သွားတော့မည်လား” ဟု မှားယွင်းစွာ တွေးထင်မိပါတော့သည်။ ထိုစကားပုံ၏ မူလဇာတ်ကြောင်းကို ပြန်လည်ဖောက်သည်ချပါမည်။

တစ်ခါက လူငယ်လေးတစ်ယောက်ဟာ ခရီးဝေးတစ်ခုကို ထွက်လာပါတယ်။ လမ်းလျောက်လာရတာမှာ ရေဆာလွန်းလို့ အမောပြောခရီးတထောက်နားရလျင် ကောင်းမှာပဲလို့တွေးလျက် ရှေးခပ်လှမ်းလှမ်းမှာ ရွာငယ်တစ်ခုကို လှမ်းမြင်ပြီး အားတက်သွားပါတယ်။ရွာမရောက်ခင် ထူးခြားမှုတစ်ခုကို သူငယ်တွေ့လိုက်ပါတယ်။ ရွာနဲ့ ခပ်လှမ်းလှမ်းမှာ အိမ်လေးတစ်လုံးကို မြင်တာနဲ့ နဂိုရှိရင်းစွဲ စပ်စုလိုစိတ်ကို မထိန်းနိုင်ကာ ရွာထဲကိုတိုက်ရိုက်မသွားတော့ဘဲ ရွာပြင်မှတဲအိမ်ငယ်လေးဆီသို့ ဦးတည်လိုက်ပါသည်။ တဲအိမ်နားရောက်တယ်ဆိုရင်ပဲ “အိမ်ရှင်တို့ ကျွန်တော်ခရီးသွားပါ ခင်ဗျာ ရေဆာလွန်းလို့ ရေလေးတစ်ပေါက်များ ရနိုင်မလား ခင်ဗျာ” လို့ အသံမြှင့်ပြီး ခေါ်လိုက်ပါတယ်။ ထိုအချိန်မှာ အဖွားအိုတစ်ယောက် တဲအိမ်ထဲမှ ထွက်လာပြီး “ အမောင် သားငယ် ပင်ပန်းနေမှာပေါ့ အိမ်ပေါ် တက်ပါကွယ် နားနားနေနေ အပန်းဖြေပါ” လို့ ကြင်နာယုယစွာ ခေါ်လိုက်ပါသည်။ ထိုသူငယ်သည် အဖွားအို ကျွေးမွေးသော အစားအသောက်များကို စားသောက်ကာ အပန်းဖြေပြီး “အဖွားရယ် အိုကြီးအိုမနဲ့ ဘာလို့ရွာထဲကို မနေတာလဲ၊ရွာအပြင်ဆိုတော့ စားရေး၊သောက်ရေး မလွယ်ဘူး အဖွား” လို့ မေးလိုက်တယ်ဆိုရင်ပဲ အဖွားအိုက “ အဖွားက မှန်တာတွေကို ပြောလွန်းလို့ သူတို့က ရွာအပြင်ကို မောင်းထုတ်ထားတာ သားရယ်” လို့ ဆွေးမြေ့စွာ ပြန်ဖြေလိုက်ပါသည်။ ထိုအခါမှာ သူငယ်က “ ဟာ . . . ဒါတော့ ဘယ်တရားမလဲ မှန်တောပြောလို့ ရွာပြင်ထုတ်တယ်ဆိုတာ ကျနော် အဖွားကို ရွာထဲပြန်ထားဖို့ သူကြီးအိမ်ကို သွားပြောမယ်” ဟု ဆိုကာ အဖွားအိမ်မှ သူကြီးအိမ်သို့ ထွက်လိုက်ပါသည်။ ခပ်လှမ်းလှမ်းကို ရောက်တော့ အိမ်ထဲက အဖွားအိုက “ဟို မျက်စိတစ်ဖက်လပ်နဲ့ ငရမန်လေး မင်းထီးကျန်ခဲ့ပြီလေ” လို့ အော်ပြောလိုက်ပါတယ်။ထိုအခါ အားနည်းချက်ကို အာလုတ်စကားအဖြစ် အပြောခံလိုက်ရသောလူငယ်က ဒေါသတကြီးနဲ့ “ရွာထဲက လူတွေက သဘောကောင်းလို့ ခင်ဗျားကို ရွာပြင်တင် ထုတ်တာ၊ ကျနော်သာဆို သတ်ပစ်မှာ” လို့  ကြိမ်းဝါးလိုက်ပါသည်။

ကျွန်တော်တို့ ထိုပုံပြင်လေးကို ဖတ်ပြီး ရယ်မောရပါတယ်။ ဤပုံပြင်လေးကို ဖတ်ပြီး လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ထားသော ကျွန်တော်တို့ ပညာဓိကဂေါတမမြတ်စွာဘုရား၏ စကား (၆) ခွန်း မိန့်ကြားချက်ကို ပြန်လည်သတိရမိပါတယ်။လူတို့ပြောဆိုနေသော စကားလုံးများကို အနှစ်ချုပ်လိုက်လျင် စကား (၆) ခွန်းပဲ ရှိပါသည်။

၁။ မမှန်ဘူး၊အကျိုးမရှိဘူး၊တဖက်သား မကြိုက်ဖူး။(မဟုတ်မမှန် သူတစ်ပါးနံမည်ဖျတ်သလိုမျိုး)

၂၊ မှန်တယ်၊အကျိုးမရှိဘူး၊တဖက်သား မကြိုက်ဖူး။(ပုံပြင်ထဲက အဖွားကြီးစကားလိုမျိုး)

၃။ မမှန်ဘူး၊အကျိုးမရှိဘူး၊တဖက်သား ကြိုက်တယ်။ (မြှောက်ပင့် စကားလိုမျိုး)

၎။ မှန်တယ်၊အကျိုးမရှိဘူး၊တဖက်သား ကြိုက်တယ်။(မဆိုင်တဲ့ကိစ္စကို ဝေဖန်ခြင်း)

၅။ မှန်တယ်၊အကျိုးရှိတယ်၊တဖက်သား ကြိုက်တယ်။(တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း ဖလှယ်သလိုမျိုး)

၆။ မှန်တယ်၊အကျိုးရှိတယ်၊တဖက်သား မကြိုက်ဖူး။ (ဆရာ၊မိဘက တပည့်သားကို ဆုံးမသလိုမျိုး) ဟူ၍ ဖြစ်ပါသည်။

ထိုစကား (၆)ခွန်းအနက် နံပါတ် (၅) နှင့် နံပါတ် (၆) တို့သာလျင် လူ့လောကတွင် ပြောသင့်သော စကားများမည်ပါသည်။ ထို့ကြောင့်ပင် “စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုမျှော၊ ၂ ခွန်းပြော “ ဟူ၍ ရှေးဆရာတို့ စကားပုံထားခဲ့ခြင်းဖြစ်သည်။ချစ်စေလိုသော ခံတွင်းသည် လက်လေးသစ်သာရှိသလို မုန်းစေလိုသော ခံတွင်းသည်လည်း လက်လေးသစ်သာ ရှိပါသည်။ ထို့ကြောင့်ပင် “ ၆လက်မခန့်ရှိသောလျှာသည် ၆ပေခန့်ရှိသောလူကိုသေစေနိုင်သည်” ဟုဆိုခဲ့ခြင်းဖြစ်ပေသည်။အချုပ်အားဖြင့်ဆိုသော် ပုံပြင်ထဲမှအဖွားအို မှန်တာပြောပြီး ရွာပြင်ထုတ်ခံရခြင်း အဓိကအကြောင်းမှာ မှန်သောစကားကို ဆိုသော်လည်း အကျိုးမရှိသောစကားဖြစ်ကာ သူတစ်ပါးမကြိုက်သောကြောင့်ဖြစ်ပါသည်။

0 comments:

Post a Comment