cross

cross

1

2

3

4

Saturday, January 30, 2016

ဆုံးဖြတ်မစောပါနဲ့...

" ဟိုမှာ...ဟိုမှာ ကျမပိုက်ဆံအိတ် ဟိုလူ့လက်ထဲမှာ ကယ်ပါဦး... မိအောင်ဖမ်းပေးပါဦးရှင်..."

အမျိုးသမီးတစ်ယောက်က ရဲဝန်ထမ်းတစ်ယောက်ကို အတင်းခေါ်လာရင်းပြောလိုက်တယ်...။ သူညွှန်ပြတဲ့နေရာမှာတော့ ခပ်နွမ်းနွမ်းလူတစ်ယောက်ဟာ ပိုက်ဆံအိတ်တစ်လုံးကိုဖွင့်ကြည့်နေတယ်...။ သူတို့အနားရောက်တော့ ရဲကတရားခံလို့ယူဆရတဲ့လူကို ဂုတ်ကနေကိုင်လိုက်တယ်။ အမျိုးသမီးကလည်း ပိုက်ဆံအိတ်ကိုဆတ်ကနဲဆွဲယူပြီး ဖွင့်ကြည့်တယ်...။

" ဟင်... ကျမပိုက်ဆံတွေလည်းမရှိတော့ဘူး... ဘယ်မလဲကျမပိုက်ဆံတွေ ပြန်ပေး... ကျမသားကျောင်းလခပေးဖို့ ခြစ်ကုတ်စုထားတာလေးတွေ ... ဒီနေ့နောက်ဆုံးပေးရမှာ...ဘယ်မလဲ ...ပြန်ပေးပါ... ကျမနောက်ကျနေပြီ..."

ဟိုလူကလည်း အမျိုးသမီးကို သေချာကြည့်ရင်း သူ့အိတ်ကပ်ထဲက ပိုက်ဆံအချို့ ထုတ်ပေးလိုက်တယ်။ ဒီတော့ရဲဝန်ထမ်းက...

" အမကြီး ပိုက်ဆံပြန်ရပြီမဟုတ်လား... ကျောင်းလခပေးစရာရှိသွားပေးပေတော့... ကျနော်သူ့ကို စခန်းခေါ်သွားလိုက်မယ်..."

" ကျေးဇူးတင်လိုက်တာ ရဲမင်းကြီးရယ်...ကျမနောက်ကျနေတာအမှန်ပါ... သွားလိုက်ပါဦးမယ်..."

အမျိုးသမီးလည်း ကျောင်းဆီကို သုတ်ချေတင်တော့တာပေါ့... ကျောင်းလခအချိန်မှီ မပေးသွင်းနိုင်ရင် သားလေးမျက်နှာငယ်ရမှာကိုး... ဒီလိုနဲ့ လမ်းရောက်တော့ ပိုက်ဆံတွေပြန်ရေကြည့်တယ်...။ ဟင်... ပိုက်ဆံတွေကပိုနေပါလား......!!!

ဒီလိုနဲ့ နောက်တစ်လလောက်ကြာတော့ ထုံးစံအတိုင်းကျောင်း လခသွင်းဖို့ ထွက်လာခဲ့ပြန်တယ်... အရင်လက ပိုက်ဆံအိတ်အနှိုက်ခံထားရတော့ သတိထားပြီးသွားနေရတာပေါ့ ...ဒါ့ကြောင့် လမ်းမှာ  လူတစ်ယောက် သူ့နောက်ကလိုက်နေတာ သူသတိထားမိလိုက်တယ်... ကြည့်လိုက်တော့ ဟိုတစ်ခေါက်က ဖမ်းမိခဲ့တဲ့သူ... ရင်ထဲထိတ်သွားတယ်...။ ခပ်သွက်သွက်လျှောက်လာရင်း လမ်းမှာ ရဲဝန်ထမ်းတစ်ယောက်ကိုတွေ့တော့ အကူညီတောင်းလိုက်တယ်...။ တိုက်တိုက်ဆိုင်ဆိုင် ဟိုတစ်ခါကူညီပေးခဲ့တဲ့ရဲပဲ...။ ရဲကလည်း နောက်ကလိုက်နေသူကိုခေါ်လိုက်တယ်... ဟိုအရင်ဖမ်းခဲ့ဖူးတဲ့သူဆိုတာသိတော့မှ အမျိုးသမီးကိုရှင်းပြတယ်...

" ဟိုတစ်ခေါက်က အမကြီးပိုက်ဆံအိတ်ကိုနှိုက်တာသူမဟုတ်ပါဘူး... သူက လမ်းမှာတွေ့လို့ ပိုင်ရှင်ပြန်အပ်ဖို့ရာ ပိုက်ဆံအိတ်ကိုရှာဖွေနေတုန်း ကျနော်တို့ တွေ့တာပဲ..."

" ဟင်... ဒါဆို သူကဘာမှမပြောဘဲ ဘာလို့ပိုက်ဆံထုတ်ပေးလိုက်သလဲ"  ဒီတော့ ဟိုလူကဖြေတယ်...

"အစ်မရဲ့ကလေး ကျောင်းလခပေးဖို့လို့ကြားလိုက်လို့ပါ...ကျနော်ကိုယ်တိုင် မိဘက ကျောင်းမထားနိုင်လို့ ပညာကောင်းကောင်းမသင်ခဲ့ရဘူးလေ... ခုလိုက်လာတာဟာလည်း ဒီလအတွက် ကျောင်းလခကို ခါးပိုက်နှိုက်မခံရအောင်... နောက်ကနေစောင့်ရှောက်ပေးဖို့ပါ..."

" ရှင် !!! "


နှလုံးသားကို ဂရုစိုက်ပါ

တစ်ခါက အက်ဒီဆင်ဟာ မီးလုံးကိုတီထွင်ပြီးခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်…။

စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ အက်ဒီဆင်က သူအိမ်ကအလုပ်သမားကောင်လေးတစ်ယောက်ကို သူ့ရဲ့ မီးလုံးကို သွားယူခိုင်းပါတယ်…။

ကောင်လေးဟာ မီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီး မီးလုံးဟာ ကျကွဲသွားပါတယ်…။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာ အားလုံးသိပါတယ်…။

ဒါပေမယ့် အင်ဒီဆင်ကတော့ ကောင်လေးကို ဘာမှမပြောဘဲ ... စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက်ပါတယ်…။ သူအသစ်ထပ်မံပြုလုပ်ပြီးရင် ပြန်လည်ဖိတ်ကြားပါမယ်ပေါ့…။ ကောင်လေးကတော့ သူ့ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဒီလိုဖြစ်သွားရတာကို စိုးရိမ်ကြောက်ရွံ့ နေပါသတဲ့…။

အက်ဒီဆင်ဟာလည်း ဒီမီးလုံးကို ထပ်မံပြုလုပ်ဖို့ရာ လနဲ့ချီပြီးအချိန်ယူလုပ်ဆောင်လိုက်ရပါသတဲ့…။ မီးလုံးပြီးသွားချိန်မှာတော့ စာနယ်ဇင်းသမားတွေကိုထပ်မံဖိတ်ခေါ်လိုက်ပြန်ပါသတဲ့…။ သတင်းထောက်တွေရောက်လာပြီးအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ သူရဲ့ မီးလုံးကိုသွားယူဖို့ရာ ယခင်ကောင်လေးကိုပဲ သွားယူခိုင်းပြန်ပါတယ်…။ ကောင်လေးဟာလည်း ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်…။ စာနယ်ဇင်းမိတ်ဆက်ပွဲပြီးဆုံးချိန်မှာတော့ သတင်းထောက်တစ်ချို့က မေးပါတယ်…။

“မစ္စတာအက်ဒီဆင်ခင်ဗျား… မီးလုံးသွားယူတဲ့ကောင်လေးဟာဟိုတစ်ခါ သူ့ကြောင့် မီးလုံးကျကွဲသွားဖူးတယ်မဟုတ်လား…ဆရာ့မှာ တစ်ခြားခိုင်းစရာလူတွေအများကြီးရှိတဲ့အနက်က ဒီကောင်လေးကိုပဲ ဘာလို့ပြန်ခိုင်းရတာလဲ… ဒီတစ်ခါကျကွဲသွားရင် နောက်တစ်ခါ အချိန်အများကြီးပြန်ယူရမှာမစိုးရိမ်ဘူးလား …”

လို့မေးပါသတဲ့…။
ဒီတော့ အက်ဒီဆင်ကြီးပြန်ဖြေလိုက်ပုံကတော့…

“ကျုပ်တမင်တကာ သူ့ကိုခိုင်းလိုက်တာဗျ… မီးလုံးထပ်ကွဲသွားရင် ကျုပ်ပြန်လုပ်လို့ရပါတယ်… ဒါပေမယ့် ဒီတစ်ခါဒီကောင်လေးကို မခိုင်းခဲ့ရင် ဒီကောင်လေးရဲ့ နှလုံးသားကျကွဲသွားမှာဗျ…”

လို့ပြန်ဖြေလိုက်ပါတော့သတဲ့…။

##နှလုံးသားဆိုတာ အင်မတန်နူးညံ့ပါတယ်…
ကွဲကြေသွားတဲ့နှလုံးသားကို ပြန်လည်ကုစားဖို့ဆိုတာ အချိန်ကာလသတ်မှတ်လို့မရနိုင်ပါဘူး…
ကိုယ့်ကြောင့် ဘယ်သူ့ဘယ်သူရဲ့  နှလုံးသားကိုမှ မကွဲကြေပါစေနဲ့ သယ်ရင်းရာ…##


Thursday, January 14, 2016

မိန်းကလေးအပျိုအရွယ်မှာသေဆုံးသွားလျှင်

ရှာဒီ (အိမ်ထောင်) မပြုခင် မိန်းမပျို၊ သမီးပျို သေဆုံးသွားလျှင် ကိယာမသ်နေ့၌ သူမသည် ရှဟီဒီအုပ်စုတွင် ရှင်ပြန်ထရမည်။ အဘယ့်ကြောင့်နည်း။
သူမသည် မိဘအိမ်မှာနေပြီး မိမိ သိက္ခာကို ထိန်းသိမ်းခဲ့သည်။ လင်ယောက်ျား၏ အိမ်ကို မတွေ့ဘူးသေး။ စည်းစိမ်မခံစားရမီ သေဆုံးသွားခဲ့သည်။
အလ္လာအရှင်မြတ်က သူမကို နောင်အာခိရသ်၏ ရှဟီဒီ အဆင့်ကို ချီးမြှင့်ပေးမည်။ လောကမှာတော့ ရှဟီဒီ မဖြစ်ပေ။ အာခေရသ်မှာ ရှဟီဒီ ဖြစ်မည်။
အမျိုးသမီးတို့ကို အဘယ်မျှ ဦးစားပေးထားပါသနည်း။

“ အိမ်ထောင်ပြုသည့်အပေါ် အကျိုးစ၀ါးဗ်တိုးမှု ”
--------------------------------------------------
သမီးမိန်းကလေး အိမ်ထောင်ကျသွား၏။ ခင်ပွန်းအမိန့် နာခံပြီး အရှင့်အေဗာဒသ်လဲ ကျေပွန်လျှင် နမာဇ်တစ်ကြိမ်ဖတ်သည့်အပေါ် (၂၁) ကြိမ်ဖတ်သည့် စ၀ါးဗ် ရပေသည်။
ဘာကြောင့်လဲ။ အိမ်ထောင်သည် အမျိုးသမီးသည် ခစ်သ် နှစ်ခု တပြိုင်တည်း ထမ်းဆောင်နေရသောကြောင့် ဖြစ်ပေသည်။
အလ္လာအသျှင့်တာဝန်နှင့် ခင်ပွန်းတာဝန် ဖြစ်ပေသည်။ ဒါလည်း အမျိုးသမီးအပါ် သက်ညှာပေးထားမှုပင် ဖြစ်ပေသည်။

“ အလ္လာဟ်အသျှင်မြတ် ကိုယ်တော်တိုင်က တောင်းပန်အသနားခံပေးထားခြင်း ”
---------------------------------------------------------------------------------
အိမ်ထောင်ရေးနှင့်ပတ်သတ်ပြီး အလ္လာဟ်အသျှင်မြတ်က အမျိုးသားတို့အား ကျမ်းတော်မြတ် ကုရ်အာန်တွင် အမိန့်ရှိထားပေသည်။
“ အသင်တို့သည် ထိုဇနီးအမျိုးသမီးတို့နှင့် ကောင်းမွန်စွာ ဆက်ဆံကြပါလော။ ” လောကမှာ အစ်မ/ညီမက တောင်းပန် အသနားခံပေးကြသည်။
အမေက တောင်းပန် အသနားခံပေးသည်။ အဒေါ်က အသနားခံပေးသည်။ ဆွေမျိုးများက ကြားဝင် အသနားခံပေးကြသည်။
သို့သော် ဇနီးသည်များဘက်မှ အလ္လာဟ်အသျှင်မြတ် ကိုယ်တော်တိုင် အမျိုးသားတို့အား အသနားခံထားလေသည်။

“ ကိုယ်ဝန်တည်လျှင် အပြစ်များမှ ပလပ်ခွင့်ရရှိခြင်း ”
-------------------------------------------------------
ဇနီးမောင်နှံ ပြေလည်ကောင်းမွန်စွာ နေထိုင်ရင်း ဇနီးသည် ကိုယ်ဝန်ရလာလျှင် ကိုယ်ဝန်စတည်သည်နှင့် သူမ၏ ရှေးယခင်က အပြစ်များကို ပလပ်ခွင့် ပြုလိုက်လေသည်။
ဘာကြောင့်လဲ။ (၃)ကာလ အတန်ကြာ ရောဂါသည်အဖြစ် နေထိုင်ရမည်။ ကိုယ်ဝန်(၉)လ လွယ်ရသောအချိန်သည် ရောဂါသည်ကာလပမာ ဖြစ်ပေသည်။
အလ္လာဟ်အသျှင်မြတ်က ကြင်နာသနားသောအားဖြင့် ရှေးယခင်က အပြစ်များကို ပလပ် ချမ်းသာခွင့် ပေးလိုက်လေသည်။

“ ကိုယ်ဝန်လွယ်ထားစဉ် ငြီးတွားခြင်းအပေါ်မှာပင် အကျိုးစ၀ါးဗ် ရရှိမည် ”
----------------------------------------------------------------------------
ကိုယ်ဝန်လွယ်ထားစဉ် အိမ်အလုပ်လုပ်ရင်း မောပန်း၍ နှုတ်မှညီးတွားပြီး “ ဟူး... ဟူး... ” ဟူ၍ ထွက်သည့်အသံအပေါ် အရှင်ပေးတဲ့ တာဝန်ကို ထမ်းရွက်နေသည်ဖြစ်၍ “ ဟူး.

.. ဟူး... ” တစ်ခွန်း ထွက်သည့်အပေါ်မှာပင် “ အလ်ဟမ်ဒုလိလ္လာ ၊ စွဗ်ဟားနလ္လာ ” အစရှိတဲ့ ဇစ်ကစ်ရ်များဖတ်သည့် အကျိုးစ၀ါးဗ်ကို ရေးမှတ်စေရန် ဖရစ်ရှ်သာအား
အလ္လာဟ်အသျှင်မြတ်က အမိန့်ပေးသည်ဟူ၍ ဟဒီးစ်တော် တစ်ရပ်တွင် လာရှိပေသည်။

ကလေးမွေးခါနီးသော် အမျိုးသမီးသည် နာကျင်လိုက် ပျောက်သွားလိုက်နှင့် အကြိမ်ကြိမ် ခံစားရသည်။ ဟဒီးစ်တော်တစ်ရပ်တွင် လာရှိသည်မှာ နာကျင်သည့် အကြိမ်တိုင်းအပေါ် အလ္လာဟ်အသျှင်မြတ်က သူမအား အာရဗ်မျိုးနွယ် ကျေးကျွန်တစ်ဦး သူကောင်းပြုသည့် အကျိုးစ၀ါးဗ်မျိုးကိုချီးမြှင့်ပေး၏။ အခြား ဟဒီးစ်တော်တစ်ရပ်တွင် အာရဗ်မျိုးနွယ် ကျေးကျွန်တစ်ဦး သူကောင်းပြုသူကို ဂျဟန္နမ်မီးဘေးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြု၏။

ကလေးမီးဖွားစဉ် သေဆုံးသွားသော အမျိုးသမီးသည် ရှဟီးဒ်အဖြစ် သေဆုံးခြင်းဖြစ်သည်ဟု မိန့်ဆိုထားသည်။ ကိယာမသ်နေ့တွင် ရှဟီဒီ အုပ်စုများတွင် ရှင်ပြန်ထရပေမည်။

တဖန် ကလေးကို ကောင်းမွန်စွာ မွေးဖွားပြီးသောအခါ အလ္လာဟ်အသျှင်မြတ်က ဖရစ်ရှ်သာ တစ်ပါးအား အမိန့်ပေး၍ ၄င်း ဖရစ်ရှ်သာက အမျိုးသမီးအား
လာရောက်ပြောကြားသည်မှာ - အို! ကလေး၏မိခင် ယခုအသင်မကိစ္စပြီးစီးသွားပြီ အသင်မက အသင်မ၏ မိဘနှစ်ပါးက မွေးဖွားစဉ်အပြစ်ကင်းသကဲ့သို့
ယခုအသင်မသည်လည်း အပြစ်အားလုံးမှ ကင်းစင်သွားပြီဖြစ်တယ်လို့ ပြောဆိုကြောင်း ဟဒီးစ်တော်တစ်ရပ်တွင် လာရှိပေသည်။

တဖန် မိခင်က ကလေးကို ကောင်းစွာ သရ်ဗီယသ်ပေး၏။ အလ္လာဟ် အလ္လာဟ် ဆိုတတ်အောင် သင်ပေး၏။ ဟဒီးစ်တော် တစ်ရပ်လာရှိသည်မှာ ကလေး၏ နှုတ်မှ ပထမဆုံး အလ္လာဟ်ဟု ရွတ်ဆိုသည်နှင့် မိဘနှစ်ပါး၏ ရှေးယခင်က အပြစ်များကို ပလပ်ချမ်းသာခွင့် ပြုလိုက်၏။

ကလေး (၄-၅)နှစ်အရွယ် ရောက်လာသော် ကုရ်အာန် သင်ယူရန်ကျောင်းသို့ ပို့သော် ကုရ်အာန်ကို ကြည့်၍ ဖတ်တတ်လာသော် ကုရ်အာန်ကိုကြည့်၍ ဖတ်တတ်သည့်အချိန်မှစ၍ မိဘနှစ်ပါး၏ ရှေးယခင် အပြစ်များမှ ပလပ်ချမ်းသာခွင့် ပေးလိုက်ပေသည်။

သားနှင့်သမီးကို ကုရ်အာန် အာဂုံဆောင်ဖြစ်အောင် ဟာဖီးဇ်ဖြစ်အောင် သင်ယူစေလျှင် ကိယာမသ်နေ့တွင် မိဘနှစ်ပါးအား နေထက်လင်းဝင်းစေသော
သရဖူဆောင်းပေးမည် ဖြစ်ကြောင်း ဟဒီးစ်တော်တစ်ရပ်တွင် လာရှိထားပေသည်။

“ အိမ်၏ အလုပ်များလုပ်ခြင်းအပေါ် ရရှိမည့်အကျိုးစ၀ါးဗ် ”
------------------------------------------------------------
အိမ်၏အလုပ်များကို လုပ်ကိုင်ဆောင်ရွက်သည့်အပေါ်တွင်လည်း အကျိုးစ၀ါးဗ် ရရှိပေသည်။ မည်သည့် အမျိုးသမီးသည် အိမ်၏အလုပ်ကို မလုပ်ဘဲရှိမည်နည်း။ အမျိုးသမီးတိုင်း

လုပ်ကြသည်။ အမျိုးသမီးတစ်ဦးသည် မိမိခင်ပွန်းအိမ်တွင် စည်းကမ်းမဲ့ ဖရိုဖရဲဖြစ်နေသော ပစ္စည်းတစ်ခုကို စနစ်တကျ ကောက်သိမ်းလိုက်လျှင် ဂုနာဟ်တစ်ခု ပလပ်ခံရပြီး၊

စ၀ါးဗ်ကောင်းမှုတစ်ခုရရှိသွားသည့်အပြင် ဂျန္နသ်တွင်လဲ အဆင့်တစ်ခု မြင့်သွားကြောင်း ဟဒီးစ်တော်တစ်ရပ်တွင် လာရှိထားပေသည်။

အဆိုပါဟဒီးစ်တော်အရ အမျိုးသမီးများ နေ့စဉ် မြောက်မြားစွာ ကုသိုလ်ရရှိနေမည်မှာ အမှန်ပင် ဖြစ်သည်။ နီယသ်မှန်လျှင် စ၀ါးဗ်ရမည်။ နီယသ်မမှန်လျှင် စ၀ါးဗ်ရမည် မဟုတ်ပေ။ ပမာအားဖြင့် လူတစ်ယောက် အိမ်ဆောက်ပြီး ပြတင်းပေါက် ဖောက်၏။ အလင်းရောင်ရရန် နီယသ်ထားလျှင် စ၀ါးဗ်မရ။ အဇာန်သံကြားရန် နီယသ်ထားလိုက်ပါက စ၀ါးဗ်လည်းရမည်။ လေ၊ အလင်းရောင်လည်းရမည်။

ထိုနည်းအတိုင်း အိမ်တွင် ထမင်းဟင်း ချက်ပြုတ်သည့်အခါ ရေတစ်ခွက် ပိုထည့်လိုက်သည်။ အကယ်လို့ ဧည့်သည် ရောက်လာသော်၊ အိမ်နီးချင်းက အကူအညီ တောင်းခံလာ

သော် ပေးရန်နီယသ်ဖြင့် တကယ်တမ်းပေးရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ စ၀ါးဗ်ရရှိသွားပေမည်။ ထိုစ၀ါးဗ်ကို မယူနိုင်သည့် အမျိုးသမီး အဘယ်မှာ ရှိနိုင်အံ့နည်း။ အမျိုးသမီးတိုင်း လွယ်လွယ်ကူကူနှင့် ရယူနိုင်သည်။

အလ္လာဟ်အသျှင်မြတ်က ကုရ်အာန်ကျမ်းမြတ်တွင် အမိန့်ရှိထားသည်မှာ ' အလ္လာအသျှင်မြတ်သည် အတွင်းစိတ်ထားသန့်အောင် ပြုသူများနှင့် အပြင်ပိုင်းဆိုင်ရာ သန့်ရှင်းအောင်

ပြုသူတို့အား နှစ်သက် မြတ်နိုးတော်မူလေသည်။ '
အဆိုပါအာယသ်တောအရ အလ္လာနှစ်သက်စေဖို့ နီယသ်ဖြင့် အိမ်၏သန့်ရှင်းမှု၊ ကိုယ်ခန္ဓာ၏သန့်ရှင်းမှု စသည်တို့ကို ပြုလုပ်ကြရမည်။ စ၀ါးဗ်လည်း ရမည်။
အိမ်လည်း သန့်ရှင်းသွားပေမည်။ သေးငယ်သော ကိစ္စရပ်လေးများအပေါ် မသိနားမလည်ကြ၍ များစွာသော စ၀ါးဗ်များမှ လက်မဲ့ဖြစ်ကြရသည်။ အိမ်တွင် ကျနေသော ပစ္စည်း

တစ်ခုကို စနစ်တကျ ကောက်၍ထားလိုက်လျှင် စ၀ါးဗ်ကောင်းမှုတစ်ခုရ၍ ဂုနာဟ်တစ်ခု ပလပ်ခံရပြီး ဂျန္နသ်တွင် အဆင့်တစ်ခု မြင့်သွားမည်။

“ အိမ်ထောင်ပြုပြီး မိဘနှင့်တွေ့ရန် သွားသည့်အကျိုးစ၀ါးဗ် ”
--------------------------------------------------------------
ဟဒီးစ်တော်တစ်ရပ်တွင် လာရှိထားသည်မှာ မိန်းကလေးတစ်ဦး အိမ်ထောင်ကျပြီး ခင်ပွန်းသည်ထံမှ ခွင့်ပန်၍ မိဘနှစ်ပါးကိုတွေ့ရန် နီယသ်ဖြင့် လာခဲ့သော် ဤအမလ်ဖြင့်

အလ္လာဟ်အသျှင်မြတ် ကျေနပ်နှစ်သက်စေရန် ရည်စူးခဲ့သော် သူမ၏ခြေတစ်လှမ်းတိုင်းအပေါ်တွင် ကောင်းမှုတစ်ခုစီရရှိ၍ဂိုနာဟ်အပြစ်တစ်ရာပလပ်ချမ်းသာခွင့်ရရှိပြီး ဂျန္နသ်တွင် အဆင့်အတန်းတစ်ရာ မြင့်မားစေမည်။

မိဘထံရောက်လာပြီး မိဘနှစ်ပါးကို ချစ်ခင်ကြသော စိတ်ဖြင့်တစ်ကြိမ် ကြည့်လျှင် အလ္လာဟ်အသျှင်မြတ်သခင်လက်ခံပြီး အွမ္မရာဟ်နှင့် ဟဂ်ျတစ်ကြိမ်ပြုသည့် အကျိုးစ၀ါးဗ် ရရှိပေသည်ဟု ဟဒီးစ်တော်တစ်ရပ်တွင် လာရှိပေသည်။ ကြည့်သော အကြိမ်အရေအတွက်နှင့်အမျှ အကျိုးစ၀ါးဗ် ရရှိပေမည်။

လူတစ်ယောက် အခြားသူတစ်ယောက်ကို ကောင်းမှုလုပ်ငန်း တစ်ခုခုပြောပြလျှင် ထိုကောင်းမှုကို ထိုသူပြုလုပ်လိုက်လျှင် ပြောပြသူသည် ကောင်းမှုပြုသူနှင့် အတူ ထပ်တူထပ်မျှ အကျိုးစ၀ါးဗ်ရရှိပေမည်။ ကောင်းမှုပြုသူ၏ စ၀ါးဗ်မှာလည်း လျော့နည်းသွားမည် မဟုတ်ပေ။

ဟဒီးစ်တော်တစ်ရပ်၏ အလိုသဘောမှာ ကိယာမသ်နေ့တွင် လူတစ်ယောက်အား ရပ်တည်စေ၍ သူ၏အအ်မလ်စာရင်းများကို ပေးအပ်လိုက်သည်။
၎င်းစာရင်းကိုကြည့်လိုက်ရာ နှစ်ထောင်ချီ ဖတ်သော နမာဇ်စ၀ါးဗ်များ၊ ရိုဇာဟ်စ၀ါးဗ်များ၊ ဟဂ်ျနှင့်အွမ္မရဟ်စ၀ါးဗ်များ စသည့်ကောင်းမှုကုသိုလ် စ၀ါးဗ်များကိုတွေ့ရှိ၍ ၄င်းက

အလ္လာဟ်အသျှင်မြတ်ထံ လျှောက်တင်သည်မှာ- အို! အရှင်မြတ် ကျွန်တော်မျိုးသည် လောကတွင် နှစ်တစ်ရာပင် ပြည့်အောင် မနေခဲ့ရပါ။ ဤအအ်မလ်များသည် အခြားသူ၏ စာရင်းဖြစ်ပေလိမ့်မည်။ ကျွန်တော်မျိုးသည် ဟဂ်ျတစ်ကြိမ်၊ နှစ်ကြိမ်သာ ပြုခဲ့ဖူးပါသည်။ ဤအမလ်နာမာတွင် နှစ်ထောင်ချီသော ဟဂ်ျစ၀ါးဗ်များ ရေးသားထားပါသည်။ ဤသည် ကျွန်တော်မျိုး၏ အအ်မလ်နာမာမဟုတ်ပါဟု လျှောက်တင်ရာတွင် အလ္လာဟ်အသျှင်မြတ်က အမိန့်တော်ရှိသည်မှာ- အအ်မလ်နာမာကတော့ အသင့်ဟာပင် ဖြစ်သည်။

ဒါပေမဲ့ အသင်သည် အခြားသူများအား ဟဂ်ျ၊ အွမ္မရာဟ်၊ နမာဇ်၊ ရိုဇာဟ်၊ ဆွဒ်ကဟ်စသည့် ကောင်းမှုကုသိုလ်များကို ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ခဲ့သည့်အတွက် ထိုကောင်းမှုများကို ရာထောင်ချီသောလူတို့က ပြုလုပ်ကြသည့်အတွက် ၄င်းတို့ ပြုခဲ့သမျှ စ၀ါးဗ်များအားလုံး အသင်၏ အမလ်နာမာတွင် စာရင်းဝင်သွားပေသည်ဟု အမိန့်ရှိတော်မူလေသည်။

လူသည် နှစ်တစ်ရာမနေရပေမဲ့ နှစ်ထောင်ချီသောကုသိုလ်စ၀ါးဗ်များကိုတော့ရယူနိုင်ပေသည်။
သို့ဖြစ်၍ အချင်းချင်း ကောင်းမှုလုပ်ငန်းများကို ပြုလုပ်ရန် တိုက်တွန်းသင့်ပေသည်။


Wednesday, January 13, 2016

မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချခဲ့ပါ


ဝမ်းနည်းကြေကွဲနေတဲ့ လူငယ်တစ်ဦးဟာ အထုပ်ကြီးတစ်ထုပ်ထမ်းပိုးပြီး မိုင်ပေါင်းများစွာကနေ ဆရာတော်တစ်ပါးဆီ ရောက်လာခဲ့တယ်။ ဆရာတော်ဆီရောက်တာနဲ့ သူက “ဆရာတော်.. တပည့်တော် အထီးကျန်လွန်းနေပါတယ်။ နာကျင်ကြေကွဲနေပါတယ်။ နှစ်ရှည်လကြာ လျှောက်လှမ်းခဲ့ရတဲ့ ဘဝခရီးလမ်းကြောင့် တပည့်တော် ပင်ပန်းနွမ်းနယ်နေပါတယ်။ ဖိနပ်လည်း ပေါက်ပြဲခဲ့ပါပြီ။
ခြေထောက်နှစ်ဘက်မှာလည်း ဆူးဒဏ်ရာတွေပြည့်ခဲ့ပါပြီ။ လက်တွေလည်း သွေးတစိမ့်စိမ့်နဲ့ ထိရှခဲ့ပါပြီ။ နှစ်အတော်ကြာ ဟစ်အော်ခဲ့ရတဲ့ လည်ချောင်းလည်း ကွဲအက်နေခဲ့ပါပြီ….. ဘာဖြစ်လို့ တပည့်တော်ရင်ထဲကနေရောင်ခြည်ကို တပည့်တော်မတွေ့ရသေးတာလဲ ဘုရား” လို့ လျှောက်တင်တယ်။

အဲဒီအခါမှာ ဆရာတော်က “ဒကာတော် အိတ်ထဲမှာ ဘာတွေထည့်ထားတာလဲ”လို့ မေးတယ်။

လူငယ်က “အိတ်ထဲကပစ္စည်းတွေဟာ တပည့်တော်အတွက် အင်မတန်အရေးပါတဲ့ ပစ္စည်းတွေပါဘုရား။ ထည့်ထားတာတွေက လဲကျတိုင်း တပည့်တော် နာကျင်ခံစားခဲ့ရတဲ့ ဝေဒနာတွေ၊ ထိခိုက်တိုင်း ငိုကြွေးခဲ့ရတာတွေ၊ အထီးကျန်တိုင်း စိတ်ရှုပ်ခဲ့ရတာတွေ… အဲဒါတွေနဲ့ ဆရာတော်ဆီ တပည့်တော် အရောက်လာခဲ့တာပါဘုရား” လို့ လျှောက်တင်တယ်။

ဒီလိုနဲ့ ဆရာတော်ဟာ လူငယ်ကိုခေါ်ပြီး မြစ်ကမ်းတစ်ခုဆီ ရောက်လာခဲ့တယ်။ သူတို့က လှေတစ်စီးကိုလှော်ပြီး မြစ်ကိုဖြတ်ခဲ့ကြတယ်။ တစ်ဘက်မြစ်ကမ်းပေါ် ရောက်တာနဲ့ ဆရာတော်က “ဒကာတော် ဒီလှေကိုထမ်းပိုးပြီး ခရီးဆက်ပါ”လို့ ဆိုတယ်။

ဒါကို လူငယ်က တအံ့တသြနဲ့ “လှေကိုထမ်းပြီး ခရီးဆက်ရမယ်။ ဒီလောက်လေးတဲ့လှေကို တပည့်တော် ဘယ်ထမ်းပိုးနိုင်မှာလဲ ဘုရား” လို့ ပြန်မေးတယ်။

“ဟုတ်ပါတယ်။ ဒီလှေကို ဒကာ မထမ်းပိုးနိုင်ပါဘူး။ ဆရာတော်တို့ မြစ်ကိုဖြတ်တော့ လှေကိုအသုံးပြုခဲ့ကြတယ်။ တဘက်ကမ်းရောက်တာနဲ့ လှေကိုထားခဲ့ပြီး ခရီးဆက်ကြတယ်။ တကယ်လို့ မထားခဲ့ရင် အဲဒီလှေဟာ ဆရာတော်တို့အတွက် ကြီးလေးတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်သွားပြီ။ နာကျင်တာတွေ၊ အထီးကျန်တာတွေ၊ ဝမ်းနည်းကြေကွဲတာတွေ၊ မျက်ရည်တွေ.. ဒါတွေဟာ လူ့ဘဝအတွက် အသုံးဝင်ပါတယ်။ ဘဝကို တိုးတက်၊ ကြိုးစားစေတဲ့အရာတွေပါ။ ဒါပေမယ့် ဒါတွေကိုမမေ့ဘဲ တမ်းတမ်းတတစွဲလမ်းနေရင်တော့ ဒါတွေဟာ ဘဝရဲ့ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်သွားတော့တယ်။ ဒါကြောင့် ဒါတွေကို လွှတ်ချပါ။ ဘဝကို ဝန်ထုပ်ဝန်ပိုးတွေနဲ့ မလေးလံနေပါစေနဲ့”

လူငယ်ဟာ ဆရာတော်မိန့်ကြားတဲ့အတိုင်း ကြီးလေးတဲ့အိတ်ကိုချပြီး ခရီးဆက်ခဲ့တယ်။ ဒီတစ်ကြိမ်မှာ သူ့ရဲ့ခြေလှမ်းတွေဟာ သွက်လက်ပေါ့ပါးလာတာကို ခံစားမိတယ်။ အရင်ကထက် သူ ပိုပျော်ရွှင်လာခဲ့တော့တယ်။

ဘဝမှာ စိတ်ဖိစီးမှုတွေများတယ်၊ စိတ်ရှုပ်စရာတွေများတယ်၊ မပျော်ရွှင်ဘူးလို့ ကျွန်မတို့ မကြာခဏခံစားကြရတယ်။ ဒါဟာ မလိုအပ်တဲ့ဝန်ထုပ်တွေကို ကျွန်မတို့ရဲ့စိတ်ကထမ်းပိုးထားလို့ဖြစ်တယ်။ ဒါတွေဟာ ကျွန်မတို့ရဲ့အလုပ်အကိုင်၊ နေ့စဉ်ဘဝကို ပင်ပန်းနွမ်းနယ်စေပါတယ်။

တကယ်လည်း လူ့ဘဝမှာ ဖယ်ရှားလို့မရနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးများစွာရှိတယ်။ ဒီဝန်ထုပ်တွေထဲမှာ မလိုအပ်တာတွေလည်းပါတယ်။ လွန်ကဲတဲ့ လိုချင်တောင့်တမှုတွေ၊ တောင်းဆိုမှုတွေ ဒါမှမဟုတ် စိုးရိမ်ပူပန်မှုတွေက ဒီဝန်ထုပ်တွေကို ပိုလေးလံစေပါတယ်။

ပိုလျှံနေတဲ့၊ မလိုအပ်တဲ့ဝန်ထုပ်တွေကို လွှတ်ချလိုက်ပါ။ ဘဝဟာရိုးရှင်းပြီး သက်တောင့်သက်သာဖြစ်သွားတာကို ခံစားမိပါလိမ့်မယ်။ စာရေးဆရာတစ်ဦးက ဒီလိုရေးခဲ့ဖူးတယ်။

“ဘဝမှာ မလိုအပ်တဲ့၊ ထမ်းမထားနိုင်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ဆိုင်ရာဆိုင်ရာဆီ လွှဲထားလိုက်ပါ။

ငွေကြေးကို ဘဏ်ဆီလွှဲထားလိုက်ပါ။

မေ့လျော့တတ်တဲ့အရာကို မှတ်စုစာအုပ်ဆီလွှဲထားလိုက်ပါ။

လုပ်စရာအလုပ်ကို တာဝန်ရှိတဲ့ဝန်ထမ်းတွေဆီလွှဲထားလိုက်ပါ။

ကြိုတင်ခန့်မှန်းမသိနိုင်တဲ့ အနာဂတ်ကို ကံကြမ္မာဆီလွှဲထားလိုက်ပါ။

ဒီနေ့မပြီးဆုံးနိုင်တဲ့ကိစ္စကို မနက်ဖြန်ဆီလွှဲထားလိုက်ပါ။

စိတ်ရှုပ်စရာကို အလိုလိုပျောက်သွားနိုင်တဲ့ခံစားချက်ဆီ လွှဲထားလိုက်ပါ။

အရွယ်ရောက်ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို သူတို့ကိုယ်တိုင်ထမ်းပိုးဖို့ လွှဲထားလိုက်ပါ။

ပိုလျှံတဲ့လွမ်းဆွတ်မှုတွေကို မျက်စိရှေ့ကတိမ်လွှာတွေဆီလွှဲထားလိုက်ပါ။

သည်းမခံနိုင်တဲ့အရာ၊ စိတ်ထိခိုက်စရာတွေကို အတွင်းသိသူငယ်ချင်းတွေဆီ လွှဲထားလိုက်ပါ။

ချစ်သူရဲ့ကတိသစ္စာတွေကို ချစ်သူကိုယ်တိုင်ထိန်းသိမ်းဖို့ လွှဲထားလိုက်ပါ။

မိမိရဲ့အပြုအမူ၊ သဘောထားတွေကို တခြားသူအဖိုးဖြတ်ဖို့ လွှဲထားလိုက်ပါ။

မိမိနဲ့မဆိုင်တဲ့အရာတွေကို ဘုရားသခင်ဆီလွှဲထားလိုက်ပါ။

အနာဂတ်အတွက် တွေးပူတဲ့ကိုယ့်အပူကို အနာဂတ်ဆီလွှဲထားလိုက်ပါ။

ပင်ပန်းနွမ်းနယ်ခဲ့တဲ့လမ်းခရီးကို ရေချိုးသန့်စင်ဖို့ လွှဲထားလိုက်ပါ။

စိတ်ပင်ပန်းမှုဒဏ်တွေကို နှစ်ခြိုက်တဲ့အနားယူခြင်းဆီလွှဲထားလိုက်ပါ။

မနက်ဖြန်အတွက်ရိတ်သိမ်းမှုကို ဒီကနေ့ရဲ့ကြိုးစားမှုဆီလွှဲထားလိုက်ပါ။

ချစ်သူခင်သူဆုံးရှုံးရတဲ့ဝေဒနာကို အလိုလိုမေ့လျော့၊ မေ့ပျောက်သွားနိုင်မယ့် အချိန်ဆီ လွှဲထားလိုက်ပါ။”

ရင်ဘတ်ထဲကမြေရိုင်းကို မကြာခဏ သန့်ရှင်းပြုပြင်ပေးပါ။ မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လွှတ်ချခဲ့ပါ။ နေ့စဉ်ဘဝကို ဖွံ့ဖြိုးတဲ့အားအင်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ကျွန်မတို့ ရှင်သန်နိုင်ကြပါတယ်။