တစ်ခါက သစ်ပင်တစ်ပင်မှ သစ်တုံးတစ်တုံးကို
ပန်းပုဆရာတစ်ယောက်က တစ်ဝက်စီပိုင်းပြီး
တစ်ဝက်ကို ယမင်းရုပ်ထုလုပ်ပြီး အမြတ်တနိုး စင်မြင့်ပေါ်မှာ တင်ထားပါတယ်။ ကျန်သစ်တုံးတစ်ဝက်ကိုတော့ ခြေနင်းပြားခပ်ထူထူတစ်ခု အလွယ်တကူထုလိုက်ပြီး အိမ်အပေါက်ဝရှေ့မှာ ထားထားလိုက်ပါတယ်။
လူတိုင်းက ဒီခြေနင်းပြားကို နင်းဖြတ်လာပြီး ဧည့်ခန်းစင်မြင့်ပေါ်မှာရှိတဲ့
ယမင်းရုပ်လေးကို အားကျမက်မောစွာ ကြည့်ရှုပြီး လက်ရာဘယ်လိုမြောက်ကြောင်းတွေကို တဖွဖွချီးကြူးနေတာ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်လာတော့
ခြေနင်းပြားက မကျေနပ်ဖြစ်ပြီး ယမင်းရုပ်လေးကို လှမ်းမေးတော့တာပေါ့။
တစ်ပင်စည်ထဲ ထွက်လာကြတာချင်းတူတူ ယမင်းရုပ်ကိုတော့ လူတိုင်းက အမြတ်တနိုးထား အိမ်ရှေ့ခန်းမှာ တင့်တင့်တယ်တယ်နေခွင့်ရပြီး ငါကျတော့ အားလုံးရဲ့အနင်းခံဖြစ်ရတာလဲတဲ့။
ဒီတော့ ယမင်းရုပ်ထုလေးကလည်း
ကျွန်မဒီလို ယမင်းရုပ်ထုလေး ဖြစ်လာဖို့အတွက် ဆောက်အချက်ပေါင်း
မြောက်များစွာနဲ့ အထုဆစ်ခံ ၊ အနာခံပြီးမှ ခုလိုစင်မြင့်ပေါ်မှာ လူတွေရဲ့ အားကျမြတ်နိုးခြင်းကို ခံခဲ့ရတာပါ။ မင်းက လွယ်လွယ်ကူကူလေး ပိုင်းဖြတ်ပြီး ဘာဆောက်ချက်နဲ့မှ ထွင်းထုစရာမလိုပဲ လွယ်ကူစွာ ဖြစ်ပေါ်လာခဲ့ရပြီး မင်းကိုထုလုပ်စဉ်မှာလည်း မင်းမနာကျင်ရဘူး အထိခိုက်မရှိဘူးလေ။
လူ့ဘ၀ကြီးဟာလည်း ဒီအတိုင်းပါပဲ ။
အတိုက်ခိုက် အထိုးအနှက်တွေ ကြိမ်ပေါင်းများစွာ ခံစားရပြီးမှသာ အောင်မြင်မှုခြေလှမ်းကို စတင်ပီးလှမ်းတက်ခွင့်ရတာပါ။
ဘယ်အရာမှ လွယ်လွယ်ကူကူနဲ့ ဖြစ်တည်အောင်မြင်လာတာ မဟုတ်ပါဘူး။ အနည်းနဲ့အများ နာကျင်ရတတ်ပါတယ်။
ကြိုးစားအားထုတ်မှုကလည်း အများကြီးလိုအပ်ပါတယ်။
ဒီတော့ သူတစ်ပါးအောင်မြင်နေပြီဆိုရင် သူဘာကြောင့်အောင်မြင်ခဲ့ရသလဲ သူဘာတွေ ပေးဆပ်ခဲ့ရသလဲဆိုတာကိုလည်း လေ့လာ အတုယူစေချင်ပါတယ်။
မနာလိုချည်းဖြစ်နေမယ်ဆိုရင် မနိုင်ဝန်ပိပြီး သင်ပဲ မြှပ်တထက်မြှပ်လာပါလိမ့်မယ်။
Tags:
ဗဟုသုတများ