cross

cross

Saturday, December 12, 2015

အရေးပေါ် သန္ဓေတားဆေးအကြောင်း တစေ့တစောင်း

# 1_အီးဇီးတူး (Ecee 2)ဆိုတာဘာလဲ

Levonogestrel(လီဗိုနိုဂျက်စထရဲလ်) ၀.၇၅ မီလီဂရမ်စီ ပါဝင်တဲ့ ဆေးနှစ်လုံးပါ ကဒ်လေးဖြစ်ပါတယ်။ အရေးပေါ် ပဋိသန္ဓေတားဆေးအဖြစ် အသုံးပြုရပါတယ်။ Levonelle, Plan B ၊ Pregnon, EC, Ecee 2 အစရှိသဖြင့် နာမည်အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ တော့လူသုံးအများဆုံး Brand name Ecee 2 နဲ့ပဲ သိကြပါတယ်။

# 2_ဘယ်လိုသောက်ရသလဲ

လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာ ပထမတစ်လုံး၊ ၁၂နာရီခြားပြီးတော့ ဒုတိယတစ်လုံးသောက်ရပါတယ်။ ခုနောက်ပိုင်းမှာ တစ်ခါတည်း ၂ လုံးလုံး သောက်လိုက်ဖို့လည်း တချို့ဆရာဝန်တွေက ညွှန်ကြားတတ်ကြပါတယ်။

# 3_ဘယ်လိုအလုပ်လုပ်သလဲ

Levonogestrel ဟာ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အတွင်းမှာ Progestogen (ပရိုဂျက်စတိုဂျင်) လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးကို သွေးကြောထဲ အလုံးအရင်းနဲ့ ထုတ်လွှတ်ပေးစေပြီး မမျိုးဥ ကြွေခြင်းကို ဟန့်တားပါတယ်။
(တကယ်လို့ မမျိုးဥဟာ ဆေးသောက်ချိန်မှာ ကြွေပြီးသားဖြစ်ခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် ကြွေပြီးတဲ့အပြင် ဖိုသုက်ပိုး နဲ့တွေ့ဆုံပြီး မျိုးအောင်သွားခဲ့ပြီးပြီဆိုရင် အဲဒီဟော်မုန်းတွေဟာ မမျိုးဥ ကို သားအိမ်နံရံအတွင်းမှာ မကပ်တွယ်နိုင်အောင် ဟန့်တားပေးပါတယ်။ )* (အငြင်းပွားဆဲအချက်အလက်)
Levonogestrel ဟာကပ်တွယ်ပြီးသား မျိုးအောင်ပြီး သန္ဓေသားလောင်းကိုတော့ ကွာကျအောင်လုံးဝလုပ်မပေးနိုင်ပါဘူး။ အဲဒါကြောင့် ပဋိသန္ဓေပျက်ကျစေတဲ့ ဆေးအနေနဲ့တော့ အသုံးမပြုနိုင်ပါဘူး။

# 4_ဘယ်လောက်အထိစိတ်ချရလဲ

တကယ်လို့ ဒီဆေးကို လိင်ဆက်ဆံပြီး ၂၄ နာရီအတွင်းသောက်ရင် ကိုယ်ဝန်ရှိခြင်းကို ၉၅% ကာကွယ်ပေးနိုင်ပါတယ်။
၂၅-၄၈ နာရီအတွင်းဆိုရင်တော့ ၈၅% နဲ့ ၄၉-၇၂ နာရီအတွင်းဆိုရင်တော့ ၅၈% ကာကွယ်ပေးနိုင်ပါတယ်။

နှိုင်းယှဉ်ချက်အနေနဲ့

Condom(ကွန်ဒွန်) ဟာ ကိုယ်ဝန်ရခြင်းကို ၉၈% ကာကွယ်ပေးနိုင်ပြီး
Regular oral contraceptives/regular birth control pills (လက်ညိုးထိုးကတ်) ဟာ ကိုယ်ဝန်ရခြင်းကို ၉၉% ကာကွယ်ပေးနိုင်ပါတယ်။
အလားတူပဲ IUDs (သားအိမ်တွင်းထည့် ပစ္စည်းဟာလည်း ၉၉% စိတ်ချရပါတယ်။
# 5_ဘယ်လိုနေရာတွေမှာသုံးသင့်သလဲ

အရေးပေါ်ဆိုတဲ့အတိုင်း တကယ်အရေးပေါ်တဲ့အချိန်တွေမှာ သုံးရတာမျိုးပါ။
အခြေအနေ အကြောင်းကြောင်းရှိတဲ့ထဲက နမူနာအချို့ကို အောက်မှာ ဖော်ပြထားပါတယ်။

- အလိုမတူဘဲ မုဒိမ်းအကျင့်ခံရသောအခါ
- Condom ပေါက်ပြဲ၊ လျံကျ၊ အထဲမှာကျွတ်ကျန်သောအခါ
- လစဉ်တားဆေးသောက်နေရင်း ဆေးသောက်ဖို့မေ့သွားစဉ် အတူနေမိသောအခါ
- မပြီးမြောက်ခင် အပြင်သို့ထုတ်သောနည်းကိုသုံးရင်း အချိန်မီ ဆွဲမထုတ်နိုင်သောအခါ
- ရည်ရွယ်မထားဘဲအကာအကွယ်မဲ့ အတူနေမိပြီး ကိုယ်ဝန်ရသွားမှာ စိုးရိမ်သောအခါ

(ဆေးအပြင် IUDs ဆိုတဲ့ သားအိမ်တွင်းထည့် ပစ္စည်းကိုလည်း အရေးပေါ်သန္ဓေတားကိရိယာအဖြစ် ထည့်လို့ရပါတယ်။ ဒါပေမယ့် ဒီစာထဲမှာတော့ ဆေးအကြောင်းတစ်မျိုးတည်းကိုသာ ဖော်ပြသွားမှာဖြစ်ပါတယ်။)

# 6_ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိလဲ

ရေတိုအားဖြင့် ဆေးသောက်ပြီးခါစတွင်_
- ပျို့ချင်အန်ခြင်ဖြစ်ခြင်း
- ဗိုက်အောင့်ခြင်း
- အားအင်ကုန်ခမ်း မောပန်းခြင်း
- ခေါင်းကိုက်ခြင်း
- ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း
- ရင်သားများနာကျင်ခြင်း
- သွေးတိုးခြင်း
- ရာသီချိန်မဟုတ်ဘဲ သွေးအနည်းငယ်ဆင်းခြင်း အစရှိသည်တို့ ကြုံတွေ့ရနိုင်ပြီး

ရေရှည် ကြိမ်ဖန်များစွာသုံးစွဲပါက_
- ရာသီမမှန်ခြင်း
- ကိုယ်အလေးချိန်တိုးခြင်း
- သွေးတိုးရောဂါ အစရှိသည်ဖြင့် ဖြစ်နိုင်ကြောင်း သုတေသနများက ဆိုပါတယ်။

# 7_ရေရှည်သောက်သုံးနိုင်ပါသလား

ဘဝတသက်တာမှာ အမျိုးသမီးတစ်ဦးဟာ အရေးပေါ်သန္ဓေတားဆေးကို ၃ကြိမ်ပဲသောက်နိုင်တယ် ၆ ကြိမ်ပဲသောက်နိုင်တယ်၊ ဒီ့ထက်ပိုရင် အန္တရာယ်ရှိတယ် စသဖြင့် ပြောတာတွေကို ကြားဖူးကြပါလိမ့်မယ်။
တကယ်တော့ ခုချိန်ထိ ဘယ်သုတေသနကမှ အဲဒီလိုအဖြေမျိုးမထွက်ဖူးသေးပါဘူး။ ဒါတွေဟာ သက်သေပြထားခြင်းမရှိတဲ့ အယူအဆတွေမျှသာဖြစ်ပါတယ်။

တစ်ဖက်မှာ ဘာအန္တရာယ်မှကိုမရှိဘူး၊ အမြဲသောက်လို့ရတယ်၊ ရာသီစက်ဝန်းတစ်ခု(၂၈ရက်) မှာတစ်ခါထက်မပိုရင်ပြီးတာပဲ စသဖြင့် သုတေသနရလာဒ်တွေကိုလည်း အင်တာနက်မှာ တွေ့ရနိုင်ပါတယ်။ အဲဒါတွေဟာ မိန်းကလေးတိုင်းသာ တစ်နှစ်နေမှ တစ်ကြိမ် နှစ်နှစ်နေမှတစ်ကြိမ်လောက် အများဆုံးသောက်ဖြစ်ကြမယ်ဆိုရင် စီးပွားပျက်ရဖို့သာရှိတဲ့ ဆေးကုမ္ပဏီတွေရဲ့ လက်တစ်လုံးခြားသြဇာလွှမ်းမိုးမှု ကင်းပါရဲ့လားလို့ သံသယဖြစ်စရာရှိပါတယ်။
ဒီလိုပြောတဲ့အတွက် ဒီဆေးဟာ ရေရှည်သောက်လို့ရတယ်၊ အန္တရာယ်မရှိဘူးလို့ ယူဆလို့မရပြန်ပါဘူး။ သဘာဝဖြစ်စဉ်ကို ပြောင်းလဲစေနိုင်တဲ့ ဟော်မုန်းပမာဏအမြောက်အများကို စားသုံးခြင်းဟာ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများကို အနည်းနဲ့အများတော့ ကမောက်ကမဖြစ်စေမှာအမှန်ပါ။ ဒီဆေးကို ကြိမ်ဖန်များစွာသုံးစွဲခြင်းအားဖြင့် ဖော်ပြထားတဲ့ ဘေးထွက်ဆိုးကျိုးတွေအပြင် ကင်ဆာရောဂါအမျိုးမျိုးကို ဖြစ်ပွားစေနိုင်တယ်ဆိုတဲ့ သက်သေပြနိုင်ခြင်းမရှိသေးတဲ့ ယူဆချက်တွေ ကိုလည်း တွေ့ရှိရပါတယ်။ ခြုံငုံပြီးတော့ ပြောရရင် အရေးပေါ်ဆိုတဲ့အတိုင်း အရေးပေါ်တဲ့အချိန်မှာပဲ သုံးတာက အလျော်ကန်အသင့်မြတ်ဆုံး ဖြစ်ပါတယ်။

# နိဂုံး

ဒီနေရာမှာ အရေးပေါ်သန္ဓေတားဆေးအစား ပုံမှန်ပဋိသန္ဓေတားဆေး( regular birth control pills) တွေ၊ Depo လိုထိုးဆေးတွေ၊ Implanon လိုလက်မောင်းအရေပြားအောက်ထည့်တဲ့ဆေးတွေ ကိုရော သုံးလို့မရဘူးလားလို့ မေးစရာရှိပါတယ်။ ရပါတယ်။ သို့သော် ဟော်မုန်းတွေပါဝင်တဲ့တားဆေးကို အိမ်ထောင်မကျခင် ငယ်ရွယ်စဉ်ကတည်းကနေ့စဉ်မှန်မှန်သောက်ဖို့၊ ဒါမှမဟုတ် ၃လတစ်ခါထိုးနေဖို့ ဆိုတာ ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိနိုင်ပါတယ်။ အိမ်ထောင်ကျပြီးရင်လည်း ဒီဆေးတွေကို သောက်ဖြစ်၊ ထိုးဖြစ်၊ ထည့်ဖြစ်ဦးမှာမို့ပါ။

ဒါ့အပြင် အဲဒီဟော်မုန်းဆေးတွေအကုန်လုံးဟာကိုယ်ဝန်ရခြင်းကို အတိုင်းအတာတစ်ခုထိကာကွယ်ပေးနိုင်သော်လည်း လိင်ဆက်ဆံခြင်းမှ ကူးစက်တဲ့ HIV ပိုး၊ အသည်းရောင်အသားဝါ B , C ဗိုင်းရပ်စ်၊ ဆစ်ဖလစ်ရောဂါကို ဖြစ်စေတဲ့ ဘက်တီးရီးယား ၊ Human Papilloma Virus လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး အစရှိတဲ့ ရောဂါပိုးတွေအများကြီးထဲက ဘယ်တစ်ခုကိုမှ ကာကွယ်မပေးနိုင်ပါဘူး။ တားဆေးသက်သက်သာဖြစ်ပါတယ်။

ကိုယ့်လိင်ဆက်ဆံဖက်ဟာ ရောဂါဘယကင်းရှင်းပါတယ်လို့ ဒီခေတ်ကြီးမှာ သွေးမစစ်ဘဲ ဘယ်သူမှမပြောနိုင်ပါဘူး။ စစ်ခဲ့ဦးတောင် window period လို့ခေါ်တဲ့ ပိုးဝင်ပြီး စစ်လို့မပေါ်သေးတဲ့ကာလနဲ့ ကြုံတယ်ဆိုရင် ပိုးရှိပေမယ့် ကူးလည်းကူးစက်နိုင်ပေမယ့်လို့ ဆေးစစ်ချက်မှာ မပေါ်ပါဘူး။ စစ်ထားပြီး မရှိတာသေချာပေမယ့်လည်း ကိုယ်နဲ့ပတ်သက်နေစဉ်အတောအတွင်းမှာ တစ်ကြောင်းကြောင်းနဲ့ တခြားတစ်နေရာက ရောဂါကူးလာနိုင်တာကိုလည်း ထည့်မတွက်လို့မရပါဘူး။

အဲဒီအတွက် ရောဂါပိုးတွေကိုလည်း ကာကွယ်ပေးနိုင်တဲ့အပြင် နည်းမှန်လမ်းမှန်အသုံးပြုရင် ပဋိသန္ဓေကိုလည်း ၉၈% ထိ တားဆီးပေးနိုင်တဲ့ ကွန်ဒွန်သည်သာလျှင် လူငယ်စုံတွဲတွေအတွက် အထိရောက်ဆုံး အန္တရာယ်အကင်းဆုံး ပဋိသန္ဓေတားနည်း ဖြစ်ပါတယ်။

ကွန်ဒွန်ကို အများစု (အထူးအဖြင့်ယောက်ျားလေးတွေ) က ခံစားမှုကို အရည်အသွေးကျစေတယ်ဆိုပြီး သဘောမကျကြပါဘူး။ တစ်လွှာခြားတာကို တစ်ကမ္ဘာခြားသလိုထင်တယ်၊ မိုးကာဝတ်ပြီးရေချိုးရသလိုပဲ အစရှိသဖြင့် ပြောတတ်ကြပါတယ်။ အဲဒီလို ခံယူချက်နဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းတွေဟာ အန္တရာယ်အလွန်ကြီးပါတယ်။ ရောဂါမျိုးစုံကူးစက်နိုင်၊ ကိုယ်ကတဆင့်လည်း တခြားသူတွေကို ဖြန့်ဝေနိုင်တဲ့အပြင် မလိုလားအပ်တဲ့ကိုယ်ဝန်တွေပါ ရရှိလာနိုင်ပါတယ်။ ခုအချိန်မှာ ပုံမှန်ကွန်ဒွန်များအပြင် ပါတယ်လို့တောင်မသိသာစေတဲ့ အင်မတန်ပါးလွှာတဲ့ကွန်ဒွန်တွေကို မြန်မာပြည်မှာ ရနိုင်နေပါပြီ။ မိုးကာမကြိုက်သူတွေအနေနဲ့လည်း မလိုအပ်တဲ့စွန့်စားမှုတွေမလုပ်ဘဲ ကိုယ့်အကြိုက်နဲ့ကိုက်ညီတဲ့ ကွန်ဒွန်မျိုးကို ရှာဖွေဝယ်ယူအသုံးပြုသင့်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။

(^ ^)

(ကျွန်တော်ဟာ ဆရာဝန်၊ Pharmacist မဟုတ်လို့ ဆေးအကြောင်း ဒီထက်ကျယ်ပြန့်စွာ မပြောနိုင်ပေမယ့် ရေးသမျှအချက်အလက်တိုင်းကိုတော့ တိကျမှန်ကန်အောင် ကြိုးစားအားထုတ်ထားပါတယ်။ ဆောင်းပါးတစ်ခုကို ကွက်ပြီးဘာသာပြန်ထားတာမျိုးမဟုတ်ဘဲ ဆောင်းပါး နှစ်ဆယ်ကျော်လောက်ထိ အကြမ်းဖျဉ်းဖတ်ပြီးတော့ အဲဒီထဲကကောင်းတဲ့တချို့ကို ကိုးကားပြီးရေးထားတာဖြစ်ပါတယ်။ လက်ထပ်မထား၊ အမြဲအတူမနေတဲ့ လူငယ်စုံတွဲတွေ၊ တစ်နေ့မှာကြင်ဖော်ရှာဖြစ်ကြမယ့် လူငယ်၊ မိန်းကလေးငယ်တွေအတွက်ကို ရည်ရွယ်ပါတယ်။ ကျယ်ပြန့်စွာ ဖတ်ချင်သူများအတွက် အင်တာနက်မှာ ဆက်လက်ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ကောင်းနိုးရာရာ Link တချို့ကိုလည်း အောက်မှာချပေးထားပါတယ်။ )

http://www.who.int/mediacentre/factsheets/fs244/en/
http://www.dailymail.co.uk/femail/article-485303/The-women-use-morning-pill-everyday-contraception.html
https://www.pop.org/content/dangers-morning-after-pill-0
https://en.m.wikipedia.org/wiki/Levonorgestrel
http://rhrealitycheck.org/article/2013/04/05/court-orders-fda-to-make-emergency-contraception-available-over-the-counter-for-all-ages/


0 comments:

Post a Comment