ခေါင်း(၂)လုံးသတ္တဝါ

ရှေးရှေးတုန်းက ခြေ ၈ ချောင်းနဲ့ ခေါင်း ၂ လုံး ပါတဲ့ သတ္တဝါကြီး တစ်ကောင် ရှိတယ်။ သတ္တဝါကြီးဟာ အရမ်းတန်ခိုးကြီး လွန်းတော့ ဘာကိုမှ မကြောက်တတ်ဘူးတဲ့။ ပြောရမယ်ဆိုရင် နတ်ဘုရား တွေကို တောင် မကြောက်တတ်ဘူး။ နတ်ဘုရားတွေရဲ့ အထက်မှာ သတ္တဝါကြီး ရှိတယ်။

အဲဒီတော့ တစ်နေ့မှာ နတ်ဘုရားတွေ စုပြီးတော့ တိုင်ပင်ကြတယ်။ ဒီ သတ္တဝါကြီးကို ချေမှုန်းပစ် မယ်ပေါ့။ ဒါနဲ့ ချေမှုန်းဖို့ အတွက်ကို ဘယ်လိုလုပ်မလဲ စဉ်းစားတော့ သူတို့ နတ်ဘုရားတွေ အားလုံးရဲ့ တန်ခိုးတွေ ပေါင်းပြီးတော့ ယှဉ်ရင်တောင် သတ္တဝါကြီးရဲ့ တန်ခိုးက အဆမတန် ကြီးမား နေတဲ့ အတွက် ဘယ်လိုလုပ်ရမလဲ မစဉ်းစား တတ်ကြဘူး။

အဲဒီလို စဉ်းစားရကြပ်နေတုန်း အမုန်း နတ်ဘုရားက အကြံတစ်ခုပေးတယ်။ သတ္တဝါကြီးကို အရင်ဆုံး အားယုတ်လာအောင် လုပ်မယ်။ အားယုတ်လာတော့မှ အားလုံး ဝိုင်းပေါင်းပြီး တိုက်ကြမယ် ဆိုရင် နိုင် လောက်မလား။ နိုင်မယ်ဆိုရင်တော့ ဒီကိစ္စ သူ့တာဝန်ထားပါ။ သတ္တဝါကြီး အားယုတ် လာအောင် သူ လုပ်ပေးပါ့မယ်လို့ တာဝန်ယူလိုက်တယ်။ အားလုံးက အမုန်းနတ်ဘုရားရဲ့ အကြံအတိုင်း သဘောတူ လိုက်ကြတယ်။

အဲဒီနေ့ကစလို့ အမုန်းနတ်ဘုရားဟာ သတ္တဝါကြီး ကိုချဉ်းကပ်တယ်။ အလုပ်အကျွေး ပြုလုပ်ပေး လို ကြောင်း ပြောပြီး အနီးကပ် အယုံသွင်းတယ်။ ပြီးတာနဲ့ စားမယ့် အစာထဲမှာ တစ်နေ့ကို နည်းနည်းစီ နည်းနည်းစီ အားယုတ်လျော့ လာစေမယ့် အဆိပ်ကို ထည့်ကျွေး လာခဲ့တယ်။ ဒီလိုနဲ့ပဲ လ အတန်ကြာ လာတဲ့အခါ သတ္တဝါကြီး အားအတော် ယုတ်လျော့ လာခဲ့တယ်။

လုံးဝ ရှုံးနိမ့်လောက်အောင် အားအနည်းဆုံးအချိန်ရောက်တဲ့အခါ နတ်ဘုရားတွေ အားလုံး စုပေါင်း ပြီးတော့ သတ္တဝါကြီးကို ဖြိုခွင်းလိုက်နိုင်တယ်။ သို့သော် အသေသတ်လို့ မရဘူး။

သတ္တဝါကြီးရဲ့ ရှင် သန် လိုစိတ်ဟာ ဘယ်နတ်ဘုရားမှ ချိုးနှိမ်ပစ်လို့ မရလောက်အောင် ကြီးမားနေလို့ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆုံးမှာ၊ သတ္တဝါကြီးကို ၂ ခြမ်း ခြမ်းချ လိုက်တယ်။

ခြေ ၄ ချောင်း နဲ့ ခေါင်း ၁ လုံးပါ သတ္တဝါ ၂ ကောင် ဖြစ်လာခဲ့တယ်။ ပြန်ပေါင်းမှာ စိုးတဲ့အတွက် တစ်ကောင် ကို ကမ္ဘာ့ အရှေ့ခြမ်း ပို့ပစ်ပြီးတော့ တစ်ကောင်ကို ကမ္ဘာ့ အနောက်ခြမ်း ပို့ပစ်လိုက်တယ်။

အဲဒါတင်မကသေးပါဘူး။ ခြေ ၄ ချောင်းနဲ့ဆိုရင် တစ်ကောင်နဲ့ တစ်ကောင် ပတ်ရှာတဲ့ အခါ မြန်မြန် တွေ့နေမှာ စိုးလို့ ခြေ ၂ ချောင်းနဲ့သာ ရပ်ခိုင်းပြီး ကျန် ခြေ ၂ ချောင်းကို လက်အဖြစ် ပြောင်းလဲ လိုက်တယ်။ အဲဒီ သတ္တဝါကို ယနေ့ အချိန်အခါမှာတော့ လူလို့ ခေါ်ကြတယ်။

လူတွေဟာ အမြဲလိုလိုပဲ သူတို့ရဲ့ ကျန်တစ်ခြမ်းကို နေ့မအား ညမနား ပတ်ရှာ နေလေ့ ရှိကြတယ်။

ဒီ ၂ ခြမ်း တစ်နေ့နေ့ တချိန်ချိန် တွေ့လို့ ပေါင်းဆုံ သွားတဲ့ အခါတိုင်း အခါတိုင်း အရာရာကို မကြောက် မရွံ့နဲ့ ပြန်လည်နေထိုင် သွားတတ် ကြတယ်။

- မှတ်စုကြမ်း


Post a Comment

Previous Post Next Post