cross

cross

Saturday, May 21, 2016

ကမ္ဘာကျာ် သိပ္ပံပညာရှင် အဲလ်ဘတ် အိုင်းစတိုင်း

အဲလ်ဘတ် အိုင်းစတိုင်းကို ဂျာမနီနိုင်ငံ၊ အမ်းမြို့မှာ ၁၈၇၉ ခုနှစ် မတ်လ (၁၄) ရက်နေ့က ဖွားမြင်ခဲ့ပါတယ်။ သူ၏မိဘများသည် ယဟူဒီ (ဂျူးလူမျိုး) နွယ်ဖွားများဖြစ်ပြီး လျှပ်စစ်ပစ္စည်း အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။ အိုင်းစတိုင်း၏ ဖခင် Hermann Einstein သည် အောင်မြင်သော စီးပွားရေးသမားတစ်ယောက်မဟုတ်ဘဲ ဂျာမန်  ဂန္တဝင်မြောက်စာပေများနှင့် ကဗျာစာပေများ ကိုမြတ်မြတ်နိုးနိုး နှစ်သက် တတ်သူတစ်ယောက်ဖြစ်တယ်။ အိုင်းစတိုင်း၏ မိခင် Pauline Koch သည် ဂီတအနုပညာကို နှစ်သက်သူဖြစ်ပြီး စန္ဒယားတီးကောင်းသူ တစ်ယောက် ဖြစ်တယ်။

အိုင်းစတိုင်းသည် ငယ်စဉ် ကလေးဘဝမှာ အလွန်ထုံထိုင်းလေးလံရုံသာမက စကားလည်းနည်းလှတယ်။ မူလတန်း စတတ်သည့်အခါတွင်လည်း ဉာဏ်ထိုင်းသည်ဟု ဆရာများက မှတ်ချက်ပေးခြင်းကိုလည်း ခံခဲ့ရတယ်။ သူသည် သင်္ချာဘာသာရပ်တွင် အလွန်ညံ့ဖျင်းခဲ့ပါတယ်။ သူ့ကို ဦးလေးဖြစ်သူ Jakob က အက္ခရာသင်္ချာနှင့် ဂျီဩမေတြီ သဘောတရားများကို နားလည်အောင် ရှင်းလင်းပြသပေးခဲ့သည့်အတွက် အိုင်းစတိုင်းသည် သင်္ချာပညာတွင် ဆရာများအံ့ဩလောက်အောင် ထူးချွန်လာခဲ့ပြီး ပညာ ဆက်သင်နိုင်ခဲ့လေသည်။

ကျောင်းပြီးသွားသည့်အချိန်တွင် သူငယ်ချင်းဖြစ်သူ Grossmann ၏ အကူအညီဖြင့် ဘန်းမြို့မှ စက်မှုလုပ်ငန်းဆိုင်ရာ မူပိုင်ခွင့် ကန့်သတ်လက်မှတ် ထုတ်ပေးသည့် ရုံးတစ်ရုံးတွင် ၁၉၀၂ ဇူလိုင်လမှ စတင်အလုပ်ဝင်ခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်တွင် သူ၏ နှိုင်းရသီအိုရီ (Relativity Theory) ကို ကမ္ဘာသိအောင် တင်ပြနိုင်ခဲ့တယ်။ ထို့နောက်မှာတော့ ဇူးရစ်သိပ္ပံကျောင်း တိုက်က အိုင်းစတိုင်းကို အထူးပါမောက္ခရာထူးပေးပြီး အလုပ်ခန့်ခဲ့ပါတယ်။ အိုင်းစတိုင်းသည် သူ၏သီအိုရီကို ကမ္ဘာသိအောင် ထုတ်ပြန်ပြီးသည့်နောက် တွင် သဘောတရားပိုင်း ကနေ သင်္ချာ၊ ရူပဗေဒ ဖြစ်လာအောင် ကိန်းဂဏန်းတွေ၊ ညီမျှခြင်းတွေနဲ့ ပြည့်စုံလာသည် အထိ ခြောက်နှစ် ကြာကြိုးစားခဲ့ရပါတယ်။ ၁၉၁၁ ခုနှစ်ရောက်သောအခါ သူ၏ အထူးရီလေ တီဗတီ သီအိုရီ (Special Relativity Theory) သည် သင်္ချာပညာရပ်ဆိုင်ရာ ညီမျှခြင်းများနှင့် ပြည့်စုံသွားခဲ့တယ်။ ၁၉၁၀ နှစ်ကုန်ခါနီးတွင် ဩစတြီးယား ဟန်ဂေရီအင်ပါယာ၏ ဘုရင်က အိုင်းစတိုင်းကို ပရပ်တက္ကသိုလ် (University of Prague) တွင် ပါမောက္ခတာဝန်ထမ်းဆောင်ဖို့ ဖိတ်ကြားခြင်း ခံခဲ့ရတယ်။ အိုင်းစတိုင်းကတော့ ပရပ်တက္ကသိုလ်တွင် သုံးနှစ်ကြာ တာဝန်ထမ်းဆောင် ဖြစ်ခဲ့တယ်။

အိုင်းစတိုင်းသည် လူမျိုးရေးကျဉ်းမြောင်းမှုများကို စိတ်ပျက်သည့်အတွက် ၁၉၁၃ ခုနှစ်တွင် ဆွစ်ဇာလန်နိုင်ငံသို့ ပြန်လာခဲ့တယ်။ သူ့အား ဇူးရစ်သိပ္ပံကျောင်းတိုက်က ရူပဗေဒဌာန အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ရန်ဖိတ်ခေါ် သလို ဂျာမန်ဘုရင်ကလည်း ဘာလင်တက္ကသိုလ် ပါမောက္ခတာဝန် ထမ်းဆောင်ဖို့ ကမ်းလှမ်းခြင်း ခံခဲ့ရတယ်။ အိုင်းစတိုင်းသည် ဂျာမန်ဘုရင်၏ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ၁၉၁၃ ခုနှစ်မှာပင် ဂျာမနီကို ပြန် သွားခဲ့တယ်။ ၁၉၁၄ ခုနှစ် ပထမကမ္ဘာစစ်ကြီး စဖြစ်နေသော်လည်း အိုင်းစတိုင်းကတော့ သူ၏ ရီလေတီဗတီသီအိုရီကိုပဲ ဆက်လက်တိုးချဲ့ ဆန့်ထုတ်နေခဲ့တယ်။ ၁၉၁၆ ခုနှစ် စစ်ဖြစ်နေဆဲအချိန်တွင်ပင် အိုင်းစတိုင်းသည် သူ၏ ယေဘုယျနှိုင်းရသီအိုရီ (General Theory of Relativity) ကို ပုံနှိပ်ထုတ်ဝေလိုက်ပါတယ်။ ၁၉၂၃ ခုနှစ်တွင် ရူပဗေဒ ပညာရပ်ဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ထိုဆုသည် သူ၏ ကျော်ကြားလှသော ရီလေတီဗတီ သီအိုရီအတွက် မဟုတ်ဘဲ အလင်းလျှပ်စစ်အကျိုး (ဖိုတွန်သဘောတရား) အတွက် ရရှိခြင်းဖြစ်တယ်။ ၁၉၃၃ ခုနှစ်နောက်ပိုင်း ဟစ်တလာအာဏာ ရလာသည့်အခါတွင် လူမျိုးကြီးဝါဒများ ပြန်လည်ခေါင်းထောင်လာသည့် အတွက် အိုင်းစတိုင်းသည် အမေရိကန်ကို အပြီးအပိုင် ထွက်ခွာသွား ခဲ့ပါတယ်။ သူသည် အမေရိကန် ပရင့်စတန်တက္ကသိုလ်တွင် တာဝန် ထမ်းဆောင်နေရင်း ဒုတိယကမ္ဘာစစ်ကြီး အစပျိုးနေချိန် ၁၉၃၉ ခုနှစ် ဩဂုတ်လ (၂)ရက်နေ့တွင် အမေရိကန်သမ္မတ ဖရင်ကလင်ဒီရုစဗဲ့ဆီသို့ အဏုမြူဗုံးနှင့်ပတ်သက်ပြီး သတိပေးစာ ရေးသားခဲ့ပါတယ်။ သူ၏စာကြောင့် သမ္မတရုစဗဲ့သည် မန်ဟက်တန် စီမံကိန်းကိုရေးဆွဲပြီး အဏုမြူဗုံး ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်တယ်။ ၎င်းအဏုမြူဗုံး (သို့) အက်တမ်ဗုံးကို ထုတ်လုပ်နည်းသည် အိုင်းစတိုင်း၏ ကမ္ဘာကျော်ညီမျှခြင်းဖြစ်သည့် E=mc2 ဆိုသည့် ဒြပ်ထုစွမ်းအင်တူညီခြင်း နိယာမတရားပင်ဖြစ်တယ်။

သူသည် စစ်ကြီးပြီးသည့်နောက်တွင် အဏုမြူစွမ်းအင်ကို ကောင်းသည့် ဘက်တွင် အသုံးချရန် တိုက်တွန်းခဲ့ပါတယ်။ ထို့နောက် သူ၏ ပေါင်းစပ် စက်ကွင်း သီအိုရီကို ထပ်မံတင်ပြခဲ့တယ်။ ထိုသီအိုရီသည် ရှင်းလင်း လွယ်ကူမှုမရှိသည့်အတွက် အများနားမလည်ခဲ့ဘဲ ထိုသီအိုရီကို ပို၍ ရှင်းလင်းလွယ်ကူအောင် ထပ်မံရှင်းမပြနိုင်ခင် ၁၉၅၅ ခုနှစ်၊ ဧပြီလ (၁၈) ရက် မနက်( ၁ )နာရီ (၂၅) မိနစ်တွင် အိုင်းစတိုင်းသည်ပရင်စတန်ဆေး ရုံကြီးပေါ်မှာသေဆုံးသွားခဲ့ပါတယ်။

1 comment:

  1. လေးစားစရာ ကောင်းတဲ့ပညာရှင်ကြီး
    တကယ့်အတုယူစရာ အကောင်းဆုံး
    ကမ္ဘာကျော် အလ်ဘက် အိုင်းစတိုင်း

    ReplyDelete