cross

cross

Thursday, May 18, 2017

PHP Programming Language

PHP က Website တွေ Web Application တွေ ရေးရာမှာ အသုံးအများဆုံး Programming Language တစ်ခုပါ။ PHP ကို Rasmus Lerdorf ဆိုတဲ့ ပုဂ္ဂိုလ်ရေးခဲ့ပါတယ်။ PHP ရဲ့ နာမည်အရှည်ကောက်က အရင်တုန်းကတော့ Personal Home Page ( Tools ) ပါတဲ့။ နောက်တော့ နာမည်ပြောင်းသွားပြီး PHP:Hypertext Preprocessor ရယ်လို့ ဖြစ်လာပါတယ်။ PHP ဆိုတဲ့ နာမည်ကိုပဲ ပြန်ယူသုံးပြီး PHP ဖြစ်နေတာပါ။ PHP က Interpreter Language အမျိုးအစားဖြစ်ပါတယ်။

ကျနော်တို့ နေ့စဉ် အသုံးပြုနေကျ Social Network ဖြစ်တဲ့ Facebook ဟာ PHP နဲ့ ရေးသားထားတာပါ။ Internet ပေါ်မှာ PHP ကို အသုံးပြုပြီးတည်ဆောက်ထားတဲ့ Website တွေ Web Application တွေ အများကြီး ရှိပါတယ်။ PHP က သင်ရတာ လွယ်တဲ့အြပင် အခမဲ့အသုံးပြုခွင့်ရှိတဲ့ Open-source License နဲ့ Programming Language တစ်ခုလဲ ဖြစ်ပါတယ်။ Open-source ဆိုတဲ့သဘောက PHP ဘယ်လိုရေးထားလဲဆိုတဲ့ Code တွေကို လူတိုင်းဖတ်ရှုနိုင်ပြီး လူတိုင်း ဝင်ရေးနိုင်ပါတယ်။ Bug တွေပြင်နိုင်ပါတယ်။ Community Support ( Forum, Troubleshooting, Documentation ) ကလဲ အရမ်းကောင်းတယ်။ နောက်ပြီး PHP က Cross-platform ဖြစ်ပါတယ်။ Window OS တင်ထားတဲ့ PC မှာ PHP နဲ့ရေးထားတဲ့ Program တစ်ခုဟာ Linux OS တင်ထားတဲ့ PC နဲ့လဲ အလုပ်လုပ်ပါတယ်။ ဒါ့အပြင် အသင့်ရေးပြီးသား Extension တွေလဲ အများကြီးရှိပြီး အလွယ်တကူ အသုံးပြုနိုင်ပါတယ်။ Database System တော်တော်များများကိုလဲ ချိတ်ဆက်လို့ရပါတယ်။ Web API တွေရေးရာမှာလဲ မြန်မြန်ဆန်ဆန် ရေးနိုင်ပါတယ်။ နာမည်ကြီး လူသိများတဲ့ WordPress ( Content Management System ) ကိုလဲ PHP နဲ့ ရေးထားတာပါ။

ပြီးတော့ PHP ကို HTML နဲ့ အတူ တွဲရေးနိုင်တယ်။ တခုပြောစရာရှိတာက HTML ( Hyper Text Makeup Language ) က Programming Language မဟုတ်ပါဘူး။ Document တွေကို ပုံစံတမျိုးနဲ့ မှတ်ထားတဲ့ Makeup Language သာဖြစ်ပါတယ်။ ဒါပေမဲ့ သူမပါမပြီးပေါ့လေ။ HTML, CSS ချည်းသက်သက်ဆိုရင် Static Website များသာ ရေးနိုင်ပါတယ်။ PHP ကနေတဆင့် Database Management System ( DBMS )တွေကို ချိတ်ဆက်ပြီး Database ထဲကInformation တွေကို ဖျက်နိုင် ပြင်နိုင်ရေးနိုင်ဖော်ပြတာကိုတော့ Dynamic Website လို့ ခေါ်ပါတယ်။

သတင်း Website တစ်ခုရှိမယ်ဆိုပါတော့။ Website စတင်တဲ့ရက်မှာ ရေးချင်တာရေးပြီးတော့ day1.html ဆိုတဲ့ HTML File တစ်ခုထဲ မှတ်ထားလိုက်မယ်။ နောက်တရက်လဲ အဲ့လိုပဲ။ day2.html ဆိုပြီး ထပ်သိမ်းထားမယ်။ ၁၀ ရက်ရှိတယ်ဆိုပါတော့။ စုစုပေါင်း ဖိုင် ၁၀ ဖိုင် ဖြစ်သွားပြီ။ တကယ်လို့ day3.html ကိုပြင်ချင်ရင် ၁၀ ဖိုင် ထဲက day3.html ကို လိုက်ရှာပြီးပြင်နေရပါလိမ့်မယ်။ အလွယ်တကူပြင်နိုင်အောင် ရေးမဲ့ဟာတွေကို Database ထဲ ထည့်ထားပြီး PHP File တဖိုင် နဲ့ Database ထဲက လှမ်းယူပြီးပြရင် ပြင်ရလဲ လွယ်၊ ဖျက်ရလဲ လွယ်၊ File တွေအများကြီးနဲ့ အလုပ်မရှုပ်တော့ဘူးပေါ့။

Website
=======
Website တွေ ဘာအတွက်သုံးလဲ ဆိုတော့ Information တွေ သိချင်လို့ သုံးပါတယ်။ Company တစ်ခုရဲ့ Website ဆိုရင် Company က ဘာတွေလုပ်တယ်၊ ဘာပစ္စည်းရောင်းတယ်၊ ဘာ Service တွေပေးတယ်၊ ဆက်သွယ်ဖို့ ဖုန်းနံပတ် Company လိပ်စာ အစရှိသည်ဖြင့် Website ကို ကြည့်လိုက်တာနဲ့ Company အကြောင်းကို အကုန်သိသွားအောင် ပုံတွေ စာတွေနဲ့ ဝေဝေဆာဆာ ပြထားမယ်။ မင်းသားမင်းသမီးတွေအတွက် Website ဆိုရင်လဲ သူတို့ကိုယ်ရေးရာဇဝင် ဘာတွေလုပ်နေလဲ ဘာတွေလုပ်ခဲ့ဖူးလဲ အစရှိသည်ဖြင့် ဖော်ပြထားမယ်။ တချို့ Website တွေဆိုရင် Video ဖိုင်တွေ အသံဖိုင်တွေနဲ့ လာကြည့်တဲ့လူ စိတ်ဝင်စားအောင် ဆွဲဆောင်ထားမယ်။ အနှစ်ချုပ်လိုက်ရင် Website တွေက Information ပေးဖို့ပါပဲ။ Information ဆိုတဲ့ ခေါင်းစဉ်အောက်မှာ စာသားတွေ ပုံတွေ အသံဖိုင် Video ဖိုင်တွေ ပါပါမယ်။

Software
======
Software သို့မဟုတ် Application ဆိုတာ ဘာလဲလို့မေးရင် Adobe က ထုတ်တဲ့ Photoshopဆိုရင်လဲ Software တစ်ခုပါပဲ။ Microsoft Word ဆိုတာလဲ Software ပါပဲ။ Internet သုံးတဲ့ Firefox Browser ကလဲ Software ပါပဲ။Android Smart Phone ထဲမှာ ထည့်ထားတဲ့ Zapya ကလဲ Software တစ်ခုပါပဲ။ App လို့အတိုကောက် ခေါ်လေ့ရှိပါတယ်။ App တစ်ခုချင်းစီမှာ သူ့ရည်ရွယ်ချက်နဲ့သူ ရှိပြီးသားပါ။ Photoshop နဲ့ ဓာတ်ပုံတွေ ပြင်ပြီး Microsoft Word နဲ့ စာစီစာရိုက် လုပ်လို့ပဲရပါတယ်။ Photoshop နဲ့ Internet ကြည့်လို့မရသလို Microsoft Word နဲ့လဲ ရုပ်ရှင်ကြည့်လို့မရပါဘူး။

Platform
======
Microsoft ရဲ့ Window Operation System ဆိုတာကို Platform တစ်ခုလို့ ခေါ်နိုင်တယ်။ Window OS မှာ ကိုယ် သုံးချင်တဲ့ Software တွေထပ်ထည့်ပြီး ကိုယ်လုပ်ချင်တာတွေ Computer ကို ခိုင်းလို့ရပါတယ်။ Photoshop ထည့်ပြီး ဓာတ်ပုံတွေ ပြင်လို့ရသလို VLC Player ထည့်ပြီး သီချင်းနားထောင်လို့ ရပါတယ်။ Software / App တွေ အများကြီးထပ်ထည့်ပြီး Computer လုပ်နိုင်တာတွေ အများကြီးထပ်တိုးလို့ရတယ်။ Linux ဆိုတာလဲ Platform တစ်ခုပါပဲ။ Android / iOS စတာတွေလဲ Platform တွေပါပဲ။ တစ်ခုရှိတာက Android က apk file ကို iOS မှာ သွားသွင်းလို့မရပါဘူး။ Window က exe file ကိုလဲ Android မှာ သွားထည့်သုံးလို့မရပါဘူး။ Platform မတူတာကြောင့်ပါ။ Web ဆိုတာလဲ Platform တစ်ခုပါပဲ။

Web Application
=======
Website နဲ့ကွဲတဲ့အချက်က Website က Information ပြရုံသက်သက်ပဲ ဖြစ်ပြီး Web Application က Browser ကိုအသုံးပြုပြီး ဘယ်နေရာရောက်ရောက် Device တိုင်းကနေ သုံးလို့ရတဲ့ App တွေဖြစ်ပါတယ်။ ဥပမာ Facebook ဆိုရင် Web Application ပါပဲ။ Facebook ကို သုံးဖို့ Adobe Photoshop လို ကိုယ့်စက်ထဲမှာ Application သွင်းထားစရာမလိုပါဘူး။ Browser ရှိရင် ဘယ်နေရာကမဆို အသုံးပြုလို့ ရပါပြီ။ Internet Browser က Laptopမှာလဲ ရှိသလို Android Phone, iPhone စသည်ဖြင့် Device တိုင်းမှာ ပါပါတယ်။ Webကို ဘယ် Platform ကမဆို သုံးလို့ရတဲ့အတွက် Web Application က Platform မရွေးပဲ နေရာတိုင်းမှာ အသုံးပြုလို့ ရပါတယ်။

ဥပမာဆိုရရင် ဈေးဆိုင် ၄ ၅ ဆိုင်လောက်ပိုင်တဲ့ သူဌေးတယောက်က သူ့ဆိုင်က စက်တွေမှာ အရောင်းအဝယ်မှတ်တဲ့ Web Application တစ်ခုရေးထားမယ်။ တခြား Platform တွေမှာဆိုရင် စက်ထဲမှာ Install လုပ်ပြီး သုံးရပေမဲ့ Web Applicationဆိုရင် Browserကနေ အသုံးပြုရုံပါပဲ။ ပြီးရင် ဆိုင်တွေက သုံးတဲ့ Web Application က Online ပေါ်က Web Application တစ်ခုတည်းကို ယူသုံးတာဆိုရင် သူဌေးက ထိုင်ရာမထ ဘယ်ဆိုင် ဘယ်လောက်ရောင်းရတယ်။ ဘယ်ပစ္စည်းတွေက ဘယ်လောက် Stock ကျန်နေသေးတယ်ဆိုတာမျိုးကြည့်လို့ရအောင် ရေးထားလို့ ရပါတယ်။ ဆက်လက်ပြီး PHP နဲ့ ရေးသားထားတဲ့ Web Application များကို ဖော်ပြပေးထားပါတယ်။

WordPress CMS
==========
WordPress CMS ကို အသုံးပြုပြီး Dynamic Website တွေ ရေးလို့ရပါတယ်။ Personal Blog၊ ဟင်းချက်နည်း Website၊ သတင်း Website၊ Trvel and Tour Website စတဲ့ Website အမျိုးအစားပေါင်းများစွာ ရေးသားလို့ရပါတယ်။ အသုံးပြုဖို့အတွက် PHP Programming ကို တတ်မြောက်ထားစရာမလိုပါဘူး။

http://wordpress.org

Joomla! CMS
=========
Joomla! CMS ကလဲ WordPress CMS လိုပဲ မိမိနှစ်သက်ရာ Website တွေ လွယ်လင့်တကူ တည်ဆောက်နိုင်ပါတယ်။ Programming Knowledge ရှိဖို့မလိုပါဘူး။

https://www.joomla.org/

OpenCart
=======
OpenCart CMS ကို PHP နဲ့ ရေးသားထားပြီး Internet ပေါ်ကနေ ဈေးအရောင်းအဝယ်လုပ်လို့ရပါတယ်။ Online Shopping System ဖြစ်တဲ့အပြင် Internet ပေါ်ကနေ ငွေပေးချေတဲ့ စနစ်တွေပါ ပါဝင်ပါတယ်။

https://www.opencart.com/

SMF Forum
========
PHP နဲ့ရေးသားထားတဲ့ SMF Forum Software ကို အသုံးပြုပြီး Internet ပေါ်မှာ ဆွေးနွေးငြင်းခုန်နိုင်တဲ့ Forum တွေ တည်ဆောက်လို့ ရပါတယ်။

 http://www.simplemachines.org/  


0 comments:

Post a Comment