သံသယ၌သက်ဝင်ခြင်း..(သို့မဟုတ်) လွတ်လပ်စွာတွေး

သံသယ(doubt ) ဆိုတာရှိလို့ပဲလွတ်လပ်စွာတွေးခြင်းမျိုး(free speculation )ဖြစ်လာပါတယ်,ဒီလိုလွတ်လပ်စွာတွေးခြင်းကြောင့်ပဲ သံသယဆိုတာရှိလာတာပါ, ဆိုတော့အနှီအင်္ဂါရပ်နှစ်ပါးဟာ  အညမညသဘောနဲ့ယှက်နွယ်နေတဲ့ ဒသနဗေဒလက္ခဏာရပ်များလို့ ကျနော်တို့ယေဘူယပြုမယ်ဆို လွန်မယ်မထင်ပါဘူး။

သံသယ၀ါဒ(skepticism)ဟာ ဒသနဗေဒနယ်မှာအရှိန်အဟုန်နဲ့သန္ဓေတည်ခဲ့တာ ကြာခဲ့ပြီကောဗျာ, လွန်ခဲ့တဲ့ဘီစီနှစ်ကာလများဆီကတည်းက ဂရိမှာပဲကြည့်ကြည့်, အိန္ဒိယမှာပဲရှာရှာ သံသယ၀ါဒနဲ့သံသယ၀ါဒီတွေကိုတနည်းမဟုတ်တနည်းတွေ့နိုင်မြင်နိုင်တာလည်းလက်တွေ့ပါပဲ, အစွန်းရောက် radical | hard skepticim နဲ့ အလယ်အလတ် soft |liberal skepticismဆိုတာပဲကွာပါမယ်, တကယ့်တကယ်တော့ သံသယဆိုတာ ဒသနဗေဒရဲ့အသက်လို့တောင်ဆိုချင်ဆိုနိုင်သလို  သူ့ကို ဘာသာရေး(religion )နဲ့ကွာခြားသွားစေခဲ့တဲ့အင်္ဂါရပ်တစ်ခုလည်းဖြစ်ပါတယ်။

သံသယ၀ါဒရဲ့ပုံပန်းသဏ္ဍန်ကို အနောက်တိုင်းဒသနဗေဒအစ ဘီစီ(၆)ရာစု သေးလိစ် Thales တို့ရဲ့ မိုင်လေးရှင်းခေတ်ကစတွေ့တယ်လို့တောင် ကျနော်ထင်ပါတယ်, အားလုံးသိတဲ့အတိုင်း ဂရိရဲ့အတွေးအခေါ်အစဟာ  စိတ်ကူးယဉ်ဒဏ္ဍရီသဘော Myths တွေပါ,သူလည်းအရှေ့တိုင်းကဝေဒစာပေများမှာလိုပဲ မရေတွက်နိုင်တဲ့ နတ်ဘုရားအထီးအမတွေနဲ့သူတို့စောင့်ရှောက်တယ်ဆိုတဲ့ သက်မဲ့အရာတွေကိုယုံကြည်ကြတာပါ, ဘယ်လိုသောသဘာဝဖြစ်ရပ်တွေကိုမဆို ဒီနတ်ဘုရား gods,deities တွေကြောင့်လို့ယူဆထင်မြင်ကြပါတယ်,ဒါပေမယ့် ဒီလိုရှေးရိုးဒဏ္ဍာရီလာအယူအဆတွေအပေါ်မှာ မိုင်းလေးရှင်းတွေးခေါ်သူ Miletus thinkersတွေကလက်ခံချင်ပုံမပေါက်ပါ, စောဒနာတွေလည်းများစွာတက်ကြတာ ကျနော်တို့အထောက်အထားတွေ့ရပါတယ်,တကယ်တော့ ထိုခေတ်ထိုအခါကသဘာဝမကျတဲ့  သဘာဝလွန်တွေ celestial beings တွေနဲ့လောကပုစ္ဆာမှန်သမျှဖြေရှင်းဖို့ကြိုးစားကြသူတွေအထဲ ကျနော်ရဲရဲပြောနိုင်တာတစ်ခုကတော့ မိုင်လေးရှင်းသင်ကာများဟာ 'လွတ်လပ်စွာတွေး'သူများဆိုတာကိုပါပဲ, သေးလိစ်,အနက်စီမန်းဒါး Anaximender, စတဲ့ဖရီးသင်ကာတွေဟာ လောကအကြောင်း,ကမ္ဘာ့အကြောင်းစတာတွေကို သူတို့ခေတ်သူတို့အခါကအစဉ်အလာယုံကြည်မူ့ကနေခွာလို့ တွေးခေါ်မျှော်မြင်ခဲ့ကြပါတယ်, တကယ်တော့ သူတို့ဟာ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်အမြင်တွေကို သံသယထားချဉ်းကပ်ရာကနေရှုထောင့်ပြောင်းသုံးသပ်မူ့တွေ ကျနော်တို့ new generation အတွက်ပေးခဲ့တယ်လို့တောင်ဆိုချင်ပါတယ်, သူတို့ကြောင့်သာဒသနဗေဒဖီလော်ဆော်ဖီဆိုတာ ကမ္ဘာမြေမှာခြေချခဲ့တာပါ, ဒါဟာ လွတ်လပ်စွာတွေးခြင်းနဲ့သံသယရဲ့ စပ်ဆက်မူ့ကြောင့်ရလာတဲ့ result တစ်ခုဆိုရင်ကျနော်တို့ငြင်းဖို့တကယ်ကိုခက်ပါလိမ့်မယ်။

တစ်ခုတော့ရှိပါတယ်,မိုင်လေးရှင်းသင်ကာတွေရဲ့ကမ္ဘာ့အကြောင်းတစေ့တစောင်းအဖြေထုတ်တာမှန်သလားဆိုတော့, လုံးစေ့ပတ်စေ့တော့မမှန်တာအသေအချာပါပဲ,ဒါတောင် သေလိစ်ဟာ နေကြတ်ခြင်းကိုကြိုတင်ပြီးတိတိကျကျ predit လုပ်ခဲ့တယ်လို့သိရပါတယ်,ဘယ်အကြားအမြင်နဲ့ပရလောကသားတွေကြောင့်မှမဟုတ်ပါဘူး,တကယ့်ကိုသိပ္ပံနည်းကျတဲ့နက္ခတ္တရှုထောင့်ကပါပဲ,ကျနော့်အမြင်တော့ဒီဘီစီ၆ရာစုက ဖရီးသင်ကာတစ်စုဟာ အခုခေတ်၂၁ရာစုရဲ့အစဉ်အလာဟောင်းဥခွံ ထဲကနေ(မှန်၏မှား၏ကိုယ်တိုင်မသုံးသပ်ပဲ)ဖောက်ထွက်မတွေးနိုင်တဲ့ လူ့ဗာလတစ်ချို့ထက်တော့သာတယ်ဆိုတာပါပဲ, တကယ်တော့ အတွေးအခေါ်ဆိုတာ မှန်ခြင်းမှားခြင်းထက်, ရှေးဟောင်းစာပေလူတွေဆိုခဲ့မိန့်ခဲ့ဆိုခဲ့တာတွေကို သံသယမထား,အနက်လက်စစ်မလုပ်ဘဲလက်ခံတာထက်, မိမိရှုထောင့်ကနေတွေးခေါ်မျှော်မြင်တင်ပြတက်ဖို့ပဲအဓိကလို့ယူဆပါတယ်, သေးလိစ်အစပြုလို့အရစ္စတိုတယ်,တိုလမီအကုန်လုံး ကမ္ဘာကိုပုံဖော်မူ့မှားယွင်းခဲ့သမျှ  ဘရုနိုနဲ့ဂယ်လီလီယိုလက်ထက်မှအမှန်တရားနဲ့နီးစပ်ခဲ့တာပါ, အတွေးအခေါ်ဟာမှားနိုင်ခြေ,လွဲနိုင်ခြေရှိပါတယ်, မှားမှာဆိုးလို့ကျနော်တို့မတွေးရင် ဒုံရင်းအခြေအနေကနေတက်လာမှာမဟုတ်တော့သလို အခန့်မသင့်ရင်လူ့မျက်နှာပါပျောက်သွားနိုင်ပါတယ်, စပ်ဆက်လို့ မှားယွင်းမူ့ကိုကြောက်ခြင်းဟာတိုးတက်မူ့ကိုရပ်တန့်စေတယ်( a panic of error is a death of progress )ဆိုတဲ့ ဂျာမန်နာမ်ဝါဒီကြီး ဟေဂယ် Hegel ရဲ့စကားလေးလည်းသတိရပါတယ်။

ဘယ်လိုဖြစ်ဖြစ် ဒသနဗေဒရဲ့အသက်ဟာ သံသယနဲ့လွတ်လပ်စွာတွေးခြင်း(doubt and free speculation )ပဲဖြစ်တယ်ဆိုတာပေါ်လွင်ပါတယ်,တဖက်ကသူတို့နဲ့ဆန့်ကျင်ဘက်တွေဖြစ်တဲ့ မျက်ကန်းယုံကြည်မူ့နဲ့ တရားသေသဘောတရား(blind faith and dogmatism )ကတော့ ဒသနဗေဒရဲ့ရန်သူတွေ (the enemies of philosophy )လို့ပဲကျနော်တော့ မှတ်ယူပါတယ်,ဒါတွေဟာဒသနဗေဒသာမက လွတ်လပ်စွာတွေးသူ,တွေးချင်သူမည်သူမဆိုရဲ့ ရန်သူတွေဆိုလည်းမှန်ပါရဲ့,မှန်နေပါရဲ့။  ။
(ဆက်ပါမည်)

With Respect
#Nyikyaw (#မှတ်စုကြမ်း)

Post a Comment

Previous Post Next Post