အချိန်ပွဲစားများ

လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း ဒီကောင်လေးတွေကို တွေ့လိုက်ရတယ်။ သူတို့ဟာ အမြဲလိုလို အိတ်တစ်လုံးနဲ့ ဆေးထိုးအပ် စိမ်းစိမ်းလေးတွေ ကိုင်ပြီးတော့ ဟိုမှဒီကို ကူးသန်းနေလေ့ ရှိတယ်။ သူ တို့ ကို လူတွေ မမြင်ရဘူး။

ကျွန်တော် ကားတိုက်ခံရပြီးကထဲက ဒီကောင်လေးတွေကို စမြင် လာရ တာပဲ။ ဒါ့ကြောင့် မြင်မိတာ သိပ်မကြာသေးပေမယ့် ထူးဆန်းလှတဲ့ သူတို့ကို လေ့လာရင်းနဲ့ သူတို့ ဘာလုပ်နေတယ် ဆိုတာကို ရိပ်မိလာတယ်။ အချိန် အရောင်းအဝယ် လုပ်နေကြတာမို့ သူတို့ကို ကျွန်တော့် ဖာသာ နာမည် ပေး ထားတာတော့ "အချိန်ပွဲစား" လို့။

လူတွေဆီမှာ ပိုနေတဲ့ အချိန်တွေ၊ ဖြုန်းတီးနေတဲ့ အချိန်တွေ ရှိတယ်။ ဒါတွေကို သူတို့ဟာ စနစ်တကျ လိုက်ကောက်တယ်။ သူတို့ အခေါ်တော့ ရောင်းသူ ကိုယ်တိုင် မသိလိုက်တဲ့ အဝယ် ထွက်ခြင်း ပေါ့ဗျာ။

အဝယ်ထွက်တယ် လို့ ဘာလို့ သုံးလဲဆိုတော့ အကြောင်း ရှိတယ်။ တန်ရာတန်ကြေး ပြန်ပေးလို့ပဲ။ ဆေးထိုးအပ် စိမ်းစိမ်းလေး ထဲမှာ သူတို့ရဲ့ ငွေကြေး ရှိတယ်။ အဲဒီ အစိမ်းရောင် တောက် နေတဲ့ အရည်တွေက လူသားတွေရဲ့ စိတ်ဖိစီးပူပန်မှု ပဲ ဖြစ်တယ်။ ဝယ်လိုက်တဲ့ အချိန်ပိုတွေ၊ အချိန်ဖြုန်းတွေ အတွက် တန်ရာ တန်ကြေး အဲဒီ စိတ်ဖိစီး ပူပန်ရည် အလုံအလောက် ပေးပြီးမှ သူတို့ဟာ ရောင်းသူ ဆီက ထွက်ခွာတယ်။

ဒီတော့ ရလာတဲ့ အချိန် ကုန်ပစ္စည်းတွေကို ဘယ်မှာ သွားရောင်းသလဲ။ သူတို့ဈေးကွက်က နေ့ခင်းမှာ ရှားတယ်။ မနက်အစောနဲ့ ညမိုးချုပ်ချိန်တွေမှာ အလုပ် ဖြစ်လေ့ ရှိတယ်။ အချိန်ပို အလုပ်သမားတွေ မနက်စောစော ဈေးရောင်း ရတဲ့ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေဟာ သူတို့ customer တွေ ဖြစ်တယ်။

ဒီလူတွေကို သူတို့ အချိန်ပိုတွေ ရောင်းချတယ်။ တစ်ချိန်ထဲ တန်ရာ တန်ကြေး အဖြစ် ဆေးထိုးအပ် အလွတ်နဲ့ စိတ်ဖိစီး ပူပန်မှုတွေနဲ့ လုပ်အားကို စုပ်ယူတယ်။ ဒီထဲက လုပ်အား ကိုသူတို့ အတွက် ဖယ်ပြီး တော့ နောက်ထပ် အချိန်ပိုတွေ ထပ်ဝယ်ဖို့အတွက် စိတ်ဖိစီးပူပန်မှုရည်တွေကို အသုံး ပြုတယ်။

အရမ်းစနစ်ကျတဲ့ အတွေးအခေါ်ရှင်တွေနော်။ ပရလောက ရဲ့ စီးပွားရေး သမားတွေ လို့ တောင် ကျွန်တော် တင်စားလိုက်ချင်တယ်။ အခုလည်း တစ်ဖွဲ့ အဝယ်ကောက်ဖို့ ပြေးသွားပြန်ပြီ။ မျက်စိ တစ်ဆုံး လိုက် ကြည့်တဲ့အခါ တစ်ချို့က ဂျာနယ်ဖတ်နေတဲ့ ဝန်ထမ်းတစ်ယောက်ဆီက အချိန်တွေ သွားကောက်နေတယ်။ ဆေးစိမ်းစိမ်းလေးတွေ ထိုးပေးလိုက်တယ်။ အင်း... ညနေတော့ ဒီ ဝန်ထမ်း အလုပ်မပြီးလို့ အဆူခံ အဆဲခံရတော့မယ်။ စိတ်ဖိစီးမယ်။ ပူပန်မယ်။ ဒီဆေးလေးတွေက အဲလို စွမ်းတာရယ်။

ဟော... ကောက်လို့ပြီးတော့ ဒီကောင် အချိန်ပိုတွေ ကို လက်ပြောင်းလက်လွှဲလေး ဘေးက ဂျာနယ် ရောင်းနေတဲ့ ကလေးကို ရောင်းသွားတယ်ဗျာ..။ ကြည့်စမ်း။ လည်လိုက်တဲ့ ကောင်။ ပြီးတာနဲ့ စိတ်ဖိစီးမှု ပူပန်မှုတွေနဲ့ လုပ်အားကို အခကြေးငွေအဖြစ် ဆေးထိုးအပ် အလွတ်နဲ့ စုပ်ယူသွားပြန်တယ်။ အင်း... ဒီကလေးကတော့ ပူပန်မှုတွေ မရှိတော့ ဘူးပေါ့။ တစ်နေ့တာ အရောင်းအဝယ် အပေါ် အားစိုက်မှုကြောင့် တစ်နေ့တာ ဝမ်းရေး ပြေလည်မယ်။ ဒါပေမယ့် နောက်နေ့တွေမှာလည်း အချိန် ပွဲစားနဲ့ ဆက်အလုပ်လုပ် ရဦးမှာပဲ။ ဪ... ဘဝ ဘဝ..။

ဒီလိုပဲ။ အချို့ကောင်တွေက ဈေးထဲက အတင်းတုပ်နေတဲ့ ငါးသည် တွေနား ကောက်ဖို့ သွားသလို အချို့က ငါးဖမ်းသမားတွေကို ရောင်းဖို့ မြစ်ဆိပ်ဖက်ကို ထွက်သွားတယ်။

အချို့က ဒီလက်ဖက်ရည်ဆိုင်ထဲက စားပွဲထိုးလေးတွေကို ရောင်းဖို့ ထွက်လာကြသလို... လက်ဖက် ရည် သောက်နေတဲ့ ကျွန်တော့်ဆီလဲ အပ်စိမ်းစိမ်းလေးကိုင်ထားတဲ့ တစ်ကောင် အိတ်နဲ့ လာနေလေရဲ့။ ဟူး.......

- မှတ်စုကြမ်း #kyawnge

Post a Comment

Previous Post Next Post