အချိန်ဖြုန်းခြင်းသည် မိမိကိုယ်ကိုယ် သတ်သေသည်နှင့် တူခြင်း

- အချိန်ဖြုန်းခြင်းသည် မိမိကိုယ်ကိုယ် သတ်သေခြင်းတစ်မျိုး ဖြစ်သည်။
- မိမိကိုယ်ကိုယ် သတ်သေခြင်းသည် အမြဲတမ်းအတွက် ရှင်နေခြင်းမှ လက်မဲ့ဖြစ်ရသည်။
- အချိန်ဖြုန်းခြင်းသည် အချိန်ကာလတစ်ခုအထိ ရှင်နေသူကို သေသူကဲ့သို့ ပြုလုပ်လိုက်သည်။ ရှင်လျှက်နှင့် သေနေသူပင် ဖြစ်သည်။
- အချိန်ဖြုန်း၍ လောကီ၊ လောကုတ္တရာတွင် ကောင်းကျိုးမရရှိသည့် အမှုကိစ္စတွင် ကုန်ဆုံးသွားသော နာရီ၊ မိနစ်၊ နေ့၊ ရက်တို့ကို စာရင်းတွက်ကြည့်ပါက အားလုံးပေါင်းလိုက်လျှင် လမှ နှစ်အထိ ကိန်းအရေအတွက် ပြပေလိမ့်မည်။
- လူတစ်ယောက်ကို အသင်၏သက်တမ်းမှ လေး၊ ငါး၊ ဆယ်နှစ်ခန့် လျှော့ပစ်လိုက်မည်ဟု ပြောလိုက်လျှင် ထိုသူသည် အမှန်ပင် စိတ်ထိခိုက်မည်ဖြစ်သည်။ ၎င်းလုပ်ရပ်ကို လက်ခံမည်လည်း မဟုတ်ပါ။ သို့သော် ဤသို့ငြင်းဆန်မည့်သူကိုယ်တိုင်ပင် ရရှိနေသည့်အချိန်တွင် အကျိုးရှိမည့်အလုပ်ကို မလုပ်ဘဲ မိမိ၏ တန်ဖိုးရှိလှသော သက်တမ်းကို ဆုံးရှုံးပြုန်းတီးအောင် လုပ်နေသည်။ ထိုသို့ပြုနေခြင်းကိုလည်း မည်သို့မျှ ဝမ်းနည်းမှုမဖြစ်ချေ။

- အချိန်ဖြုန်းခြင်းသည် ဘဝသက်တမ်းကို လျော့နည်းအောင်လုပ်ခြင်း တစ်မျိုးပင် ဖြစ်သည်။ ဤဆုံးရှုံးမှုတစ်ခုတည်းသာ ဆိုပါက ပူစရာမရှိပါ။ သို့သော်လည်း ကြီးမားသော ဆုံးရှုံးမှုတစ်ခုမှာ အလုပ်မလုပ်ဘဲ အချိန်ဖြုန်းနေသူသည် ခန္ဓာကိုယ်နှင့် စိတ်နှလုံး နှစ်မျိုးလုံး၏ရောဂါတွင် နစ်မွန်းရပေ၏။ လောဘတက် ရမ္မက်ဇောကပ်၊ မတရားမှုပြုခြင်း၊ ဖဲကစားခြင်း၊ ကာမေသုမိစ္ဆာကံကျူးလွန်ခြင်း၊ အရက်သောက်ခြင်း၊ တခြားသော မူးယစ်ဆေးများသုံးစွဲခြင်း စသည်တို့ကို အချိန်ဖြုန်းတီးသူတို့သာ ပြုလုပ်ကျူးလွန်ကြပေသည်။

- လူသား၏ စိတ်ခံစားချက်၊ ဦးနှောက်၊ နှလုံးတို့သည် ကောင်းမွန်၍ အကျိုးရှိသောအလုပ်တွင် နစ်မွန်းမနေပါက ၎င်း၏အာရုံသည် မကောင်းမှုဒုစရိုက်ဘက်သို့ ယိမ်းယိုင်နေမည်။
- ထို့ကြောင့် လူသည် မိမိပိုင်သည့်အချိန်ကို မိမိကိုယ်တိုင် ကြီးကြပ်ထိန်းသိမ်းနေရမည်။ တစ်မိနစ်ခန့်ပင် မဖြုန်းတီးရ။

** အလုပ်တိုင်းအတွက် အချိန်တစ်ချိန်၊ အချိန်တိုင်းအတွက် အလုပ်တစ်ခု သတ်မှတ်ထားပါ။**

- အချိန်ဟူသည် မဆလာအစိမ်းသက်သက်ကဲ့သို့ ဖြစ်သည်။ ၎င်းဖြင့် မိမိနှစ်သက်ရာကို လုပ်၍ရပေသည်။
- အချိန်သည် အရှင့်ဘက်တော်မှ လူသားအားလုံးအား တပြေးညီပေးထားသော အရင်းအနှီးတစ်ခုဖြစ်သည်။
- ထိုအရင်းအနှီးကို သင့်လျော်သောနေရာတွင် အသုံးချရသည်။
- အချိန်ကို သင့်လျော်သောနေရာတွင် အသုံးချသူသည် ကိုယ်ကာယကျန်းမာမှုနှင့် စိတ်ချမ်းသာမှု နှစ်ဖြာသောချမ်းသာမှုကို ရရှိနိုင်ပေသည်။
- အချိန်ကို မှန်ကန်စွာအသုံးချတတ်လျှင် အရိုင်းတစ်ယောက်ပင်လျှင် လူ့ယဉ်ကျေးတစ်ဦး ဖြစ်သွားနိုင်သည်။
- အချိန်၏ အကျိုးရလဒ်ကြောင့် ပညာမဲ့၊ ပညာရှိ၊ ဆင်းရဲသူ၊ ချမ်းသာသူ၊ အသိဉာဏ်ရှိသူ၊ မရှိသူတို့ ကွဲပြားသွားသည်။
- အချိန်သည် ဘုရင်၊ သူတောင်းစား၊ ဆင်းရဲချမ်းသာ၊ လူဖြူလူမဲ၊ လူ့အလွှာပေါင်းစုံမှ လူအားလုံးရရှိနေသော ရတနာဖြစ်ပေသည်။

- ကိုးဆယ်ရာခိုင်နှုန်းသောသူတို့သည် မိမိတို့၏အချိန်ကို မည်သည့်နေရာတွင် ဘာ့ကြောင့်အသုံးချနေသည်ကို မသိရှိကြချေ။
- လူသည် လက်နှစ်ဖက်ကို မိမိ၏အိပ်ကပ်တွင်ထည့်၍ အချိန်ဖြုန်းလိုက်ပါက ၎င်းသည် လျင်မြန်စွာပင် မိမိပိုင်သည့် လက်နှစ်ဖက်ကို တခြားသူ၏အိပ်တွင် ထည့်ရပေလိမ့်မည်။

- အသင့်အတွက် တစ်ခုတည်းသော အောင်မြင်မှုနည်းလမ်းမှာ အသင်၏အချိန်တွင် မည်သည့်အခါမှ အားလပ်ခြင်း မရှိစေရ။
- ပျင်းရိခြင်းဟူသည့် အမည်တောင်မရှိစေရ။ သံကိုရေထိလျှင် သံချေးတက်ပြီး ပျက်စီးစေသကဲ့သို့ ပျင်းရိခြင်းသည်လည်း ခန္ဓာကိုယ်၏အကြောများကို ပျက်စီးစေသည့် အကြောချေးပင် ဖြစ်သည်။
- အသက်ရှင်နေသူအတွက် အလုပ်မရှိ အားလပ်နေခြင်းသည် အရှင်လတ်လတ် မြေမြှုပ်ခံရသည်နှင့် တူညီပေသည်။

[ ပြန့်ကျဲနေသောပုလဲလုံးများ၊ အတွဲ ၂ ]


Post a Comment

Previous Post Next Post