ဝင်ခွင့်တောင်းခြင်းဆိုင်ရာ အစ္စလာမ့်နည်းစနစ်များ

အစ္စလာမ်သည် လူသားတို့အတွက် လူ့ဘဝရှင်သန်နေစဉ် တွေ့ကြုံရမည့် အကြောင်းကြီးငယ်အားလုံး၏ နည်းစနစ်များကို ပြသပေးထားပြီးဖြစ်ပေသည်။ အစ္စလာမ်တွင်ရှိသည့် ထိုနည်းစနစ်များကို မွတ်စ်လင်မ်တို့က အပြည့်အ၀လိုက်နာကာ အစ္စလာမ်ကို ပြသရမည်။ အစ္စလာမ့်ပုံစံကို လူအများနှင့် မိတ်ဆက်ပေးရမည် ဖြစ်သည်။ ထိုသို့ကျင့်သုံးနိုင်ရန်၊ အစ္စလာမ်မသိသူများကို မိတ်ဆက်ပေးနိုင်ရန် ကိုယ်တိုင် ယင်းနည်းစနစ်များကို သိရှိထားရန် အရေးကြီးလှပေသည်။ အစ္စလာမ်တွင် လူ လူချင်း တွေ့ဆုံဆက်ဆံမှုနှင့် လူမှုရေးပိုင်းဆိုင်ရာကို ကိုးကွယ်ရေးပိုင်းဆိုင်ရာထက် သာပို၍ အလေးပေးထားသည်။

ထင်ရှားသည့်ပမာတစ်ခုပြဆိုရသော် ကမ္ဘာ့နောက်ဆုံး ကောင်းကင်ကျကျမ်းဖြစ်သည့် ကုရ်အာန်တွင် မွတ်စ်လင်မ်တို့ တစ်နေ့ငါးကြိမ်ဆောက်တည်ရသည့် ဆွလာသ်အကြောင်းမိန့်ရာတွင် ဆွလာသ်ဆောက်တည်ကြ ဟုသာမိန့်ထားသည်။ ဆွလာသ်ဟူသည် ဘယ်နှစ်ကြိမ်ဖြစ်ရမည်။ ဘာတွေဖတ်ရမည်။ ဆွလာသ်ဆောက်တည်လျှင် အဘယ်ကဲ့သို့ ဝတ်ဆင်မှ ပြည့်စုံသည် စသည်ဖြင့် အသေးစိတ် မိန့်မထားပေ။ ထိုအသေးစိတ်ကို နှစ်ဌာန၏ဂရုဏာရှင်ဖြစ်ပြီး ထိုကောင်းကင်ကျကျမ်း၏ အကြီးဆုံးသောအဖွင့်ပညာရှင်ဖြစ်သော မဟာတမန်တော်မြတ် မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကိုယ်တိုင်ဆောင်ရွက်ပြ၍လည်းကောင်း၊ မိန့်ခွန်းများဖြင့်လည်းကောင်း ညွှန်ကြားခဲ့သည်။ ထိုနည်းတူ ဇကားသ်၊ ဆောဝ်မ် (ရိုဇဟ်)၊ ဟဂ်ျ၊ ကုရ်ဗာနီ စသည်တို့၏နည်းစနစ်ကို အသေးစိတ် အကျယ်တဝင့် မမိန့်ထားပေ။ အလိုသဘောညွှန်းသည့် အမိန့်များပါမည်။ ထိုမျှသာဖြစ်သည်။ အထက်ပါ ဆွလာသ်၊ ဟဂ်ျ၊ ဇကားသ် စသည်တို့သည် ကိုးကွယ်မှုပိုင်းဆိုင်ရာဖြစ်သည်။ လူမှုရေးပိုင်းဆိုင်ရာ မဟုတ်ပေ။

ယခု လူမှုရေးပိုင်းဆိုင်ရာ ကဏ္ဍများအနက် တစ်ခုဖြစ်သော အမွေကဏ္ဍအကြောင်းကို ကောင်းကင်ကျကျမ်းကုရ်အာန်တွင် မိန့်ဆိုထားမှုကို ကြည့်ပါ။ ဆွေမျိုးတော်စပ်မှုပုံစံနှင့် ၎င်းတို့၏ရပိုင်ခွင့်များကိုပါ အသေးစိတ် အပြည့်အစုံ ကျစ်လစ်စွာ မိန့်ထားသည်။ ထိုနည်းတူ စူရဟ်နူးရ်ဟူသည့်ကဏ္ဍတွင် တစ်အိမ်နှင့်တစ်အိမ် အလည်သွားရာတွင် မည်သို့ပုံစံအခွင့်တောင်းပါ။ မည်သည့်အချိန်ဆိုလျှင် မည်သို့သွားပါ။ မိခင်ပင်ဖြစ်ပါစေ အခွင့်တောင်းပါဟု ဆရာတစ်ဦးက တပည့်ကို ခရီးစဉ်တွင် မတိမ်းစောင်းမချွတ်ချော်စေရန် ဂရုတစိုက်မှာကြားနေသကဲ့သို့ သေချာစွာ မိန့်မှာထားပေသည်။ ထိုနည်းတူ မိဘမဲ့ကလေးများကို မည်သို့ဆက်ဆံပါဟူ၍ နေရာပေါင်းများစွာတွင် မှာကြားထားသည်။ ထိုအကြောင်းကိစ္စတို့သည် လူမှုရေးဖြစ်ပေသည်။ ထိုကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် မိမိတို့ နှစ်သက်မြတ်နိုးစွာ ခံယူကျင့်သုံးနေ့သည့် အစ္စလာမ်တွင် လူမှုရေးဆိုင်ရာ နည်းစနစ်များကို မည်သို့မည်ပုံ ပြသမိန့်ထားသည်ကို ကောင်းစွာသိရှိထားရမည်။ ထိုသို့သိရှိထားပြီးနောက် လက်တွေ့ပုံဖော်ကျင့်သုံးကာ အစ္စလာမ်ကိုဖော်ဆောင်ရမည်ဖြစ်ပေသည်။ မွတ်စ်လင်မ်သည် မွတ်စ်လင်မ်နှင့် ဆက်ဆံသည်ဖြစ်စေ၊ မွတ်စ်လင်မ်မဟုတ်သူနှင့် ဆက်ဆံသည်ဖြစ်စေ လူမှုရေးကဏ္ဍကို အစ္စလာမ်၏နည်းစနစ်အတိုင်း ပြည့်ဝစွာ လိုက်နာကျင့်သုံးရပေမည်။

ယခု လူမှုရေးကိစ္စတစ်ခုဖြစ်သည့် အိမ်တစ်အိမ်မှ တစ်အိမ်သို့သွားလာကြသည့်အခါ ၀င်ခွင့်တောင်းရမည့် အစ္စလာမ့်နည်းစနစ်ကို မွတ်စ်လင်မ်တို့ လိုက်နာကျင့်သုံးနိုင်ရန်အတွက် တင်ဆက်လိုက်ပါသည်။ ကျွန်ုပ်တို့နေစဉ်နှင့်အမျှ အိမ်၊ ဆိုင်၊ ရုံး၊ ကျောင်းစသည်များနှင့် ကူးလူးဆက်ဆံနေရသည်ဖြစ်ပေသည်။ ဝင်ခွင့်ဟူသည် လူ လူချင်းတွေ့ဆုံရာတွင် မတွေ့ဆုံမီ တောင်းခံရမည့်အရာဖြစ်သည်။ လူတိုင်းသည် အဆောင်အဦးတစ်ခုနှင့် နေထိုင်စမြဲပင်ဖြစ်သည်။ အမြဲတမ်း လမ်းပေါ်နေသူ မရှိပါ။ တခါတရံ သွားရင်းလာရင်း တွေ့ကြသည်။ အများအားဖြင့် သက်ဆိုင်ရာ အခန်း၊ အိမ်၊ ရုံးတို့တွင် ရှိကြပေသည်။ ထိုနေရာများတွင် တွေ့ဆုံခြင်းဖြစ်ပါက ဝင်ခွင့်တောင်းရမည်ဖြစ်ပြီး မိမိကိုယ်တိုင်သည် ဝင်ခွင့်တောင်းခြင်းဆိုင်ရာ စည်းကမ်းများကို သိထားရပါမည်။

တစ်ဖန် ကျွန်ုပ်တို့ လူကြီးများက အစ္စလာမ့်စည်းကမ်းတကျ ဝင်ခွင့်တောင်းသည့်နည်းစနစ်များကို ဦးဆောင်ကျင့်သုံးပြမှသာလျှင် ကျွန်ုပ်တို့၏ မျိုးဆက်သစ်တို့တွင် မွတ်စ်လင်မ်ပီသစေမည့် အစ္စလာမ်၏စည်းကမ်းကောင်းများသည် ၎င်းတို့၏ရင်ထဲဝယ် စွဲမှတ်ပြီးသား ဖြစ်ပါလိမ့်မည်။ တစ်ဖန် အစ္စလာမ်၏ထူးခြားချက်တစ်ခုမှာ လောကီလူမှုရေးကိစ္စကိုပင် အစ္စလာမ့်နည်းစနစ်နှင့်အညီ မွတ်စ်လင်မ်က လိုက်နာလုပ်ဆောင်ပါက ၎င်းသူအတွက် နောင်တမလွန်အာခိရသ်တွင် မရှိမဖြစ် အသုံးဝင်သည့် ကုသိုလ်ဟူသည့်အရာကိုလည်း ပိုင်ဆိုင်ဦးမည် ဖြစ်ပေသည်။ ထို့ကြောင့် မွတ်စ်လင်မ်တို့အနေဖြင့် အစ္စလာမ်၏ လူမှုရေးနည်းစနစ်များကိုလည်း သေချာကျနာစွာ သိမှတ်ထားပြီး လက်တွေ့လိုက်နာနိုင်ရန် လူမှုရေးကဏ္ဍတစ်ခုဖြစ်သည့် ဝင်ခွင့်တောင်းခြင်းဆိုင်ရာ အစ္စလာမ်နည်းစနစ်များကို အလ်မုဖီးဒ်မှ ဖော်ပြလိုက်ပါသည်။

(၁) ဦးစွာ စလာမ်ဆို၍ ပြီးမှ ခွင့်တောင်းရန်
အိမာမ်အဗူဒါဝူးဒ် ရဟ်မသုလ်လာဟိအလိုင်းဟ်က ဝင်ခွင့်တောင်းခြင်းဆိုင်ရာ ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားသည်။ တစ်ခါက ဗနူအာမိရ်မျိုးနွယ်မှ လူတစ်ဦးသည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်နှင့် တွေ့ဆုံရန်လာပြီး ကျွန်တော် ဝင်လာနိုင်ပါသလားဟု လျှောက်ထားလိုက်သည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိမိအားအလုပ်အကျွေးပြုနေသူကို  အသင် ထိုပုဂ္ဂိုလ်ထံသွား၍ ... အစ္စလာမုအလိုင်းကွမ်း၊ ကျွန်တော်ဝင်လာနိုင်ပါသလား ဟူ၍ ၀င်ခွင့်တောင်းရမည်ဖြစ်ကြောင်း ထိုနည်းစနစ်ကို သင်ပေးလိုက်ပါဟု ညွှန်ကြားတော်မူလိုက်သည်။ ထိုပုဂ္ဂိုလ်က ယင်းညွှန်ကြားချက်ကို ကြားသည်နှင့် ချက်ချင်းပင် အစ္စလာမုအလိုင်းကွမ်း၊ ကျွန်တော် ဝင်လာနိုင်ပါသလားဟု ဝင်ခွင့်လျှောက်ထားလေသည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ခွင့်ပြုတော်မူလိုက်ပေသည်။

(၂) ဝင်ခွင့်တောင်းချိန် မိမိ၏နာမည် သို့မဟုတ် ထင်ရှားသည့်အခေါ်အဝေါ်ကို ပြောဆိုခြင်း
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတို့၌ပါဝင်သည့် မိအ်ရားဂ်ျခရီးစဉ်နှင့်ပတ်သက်သည့် ကျော်ကြားသည့်ဟဒီးစ်တွင် အမည်ပြော၍ ဝင်ခွင့်တောင်းချိန်ဆိုင်ရာ ပုံစံတစ်ခုကို ဤသို့မိန့်ထားပေသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က မိအ်ရာဂ်ျအကြောင်းကို မိန့်တော်မူရင်း ပြောသည်မှာ ... ဂျိဗ်ရအီးလ် အလိုင်းဟိစ္စလာမ်သည် ကျွန်ုပ်အား လောက၏မိုးကောင်သို့ ခေါ်ဆောင်သွားသည်။ ထိုနေရာသို့ရောက်သည့်အခါ ဝင်ခွင့်တောင်းသည်။ ထိုအခါ မည်သူပါနည်းဟု မေးလေသည်။ ဂျိဗ်ရအီးလ်ပါဟု အဖြေပေးလိုက်သည်။ တဖန် အသင်နှင့်အတူ မည်သူပါနည်းဟု ထပ်မေး၏။ မုဟမ္မဒ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ဟု အဖြေပေးလိုက်သည်။ တဖန် ဒုတိယမိုးကောင်းကင်သို့ ခေါ်ဆောင်သွားသည်။ ပြီးနောက် တတိယမိုးကောင်းကင်၊ စတုတ္ထမိုးကောင်းကင် အထပ်တိုင်း၏ ကောင်းကင်တံခါးသို့ရောက်တိုင်း မည်သူနည်းဟု မေး၏။ ၎င်းကလည်း ဂျိဗ်ရအီးလ်ပါဟု ဖြေပေသည်။

ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင်ပင် အဗူမူစာအရှ်အရီ ရသွီယလ္လာဟုအန်ဟုထံမှ ဝင်ခွင့်တောင်းသည့်အခါ အမည်ပြောသည်ကို ညွှန်းဆိုသည့် ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားပေသည်။ တစ်ခါက တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် ဥယျာဉ်တစ်ခု၏ ရေတွင်းသို့ ကြွမြန်းသွားလေသည်။ ထို့နောက် အဗူဗက္ကရ် ရသွီယလ္လာဟုအန်ဟု ရောက်လာသည်။ ၀င်ခွင့်တောင်းသည့်အခါ အဗူမူစာသခင်က ဘယ်သူလဲဟု မေးလိုက်သည်။ ၎င်းက အဗူဗက္ကရ်ပါဟု ဖြေသည်။ တဖန် ဟဇရသ်အုမရ် ရသွီယလ္လာဟုအန်ဟု ရောက်လာပြီး ဝင်ခွင့်တောင်းသည်။ အဗူမူစာသခင်က ဘယ်သူလဲဟု မေးလိုက်သည်။ အုမရ်ပါဟု အဖြေပေးသည်။ ထို့နောက် အွတ်စ်မာန် ရသွီယလ္လာဟုအန်ဟု ရောက်လာပြီး အထက်ပါအတိုင်းပင် ဝင်ခွင့်တောင်းကာ အမည်ကိုဖြေပေသည်။

ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင်ပင် ဝင်ခွင့်တောင်းသည့်အခါ အမည်ပြောရန်ကို ညွှန်းဆိုသည့် ဟဒီးစ်တစ်ပုဒ်ကို ဟဇရသ်ဂျာဗိရ် ရသွီယလ္လာဟုအန်ဟုထံမှ ဆင့်ပြန်ထားသည်။ ထိုဆွဟာဗဟ်က ပြောပြသည်မှာ ကျွန်ုပ်သည် တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်ထံ ခစားရန်အတွက် ကိုယ်တော်၏နေအိမ်ကို တံခါးခေါက်လိုက်သည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ဘယ်သူလဲဟု မေးတော်မူသည်။ ကျွန်တော်ပါ ဟုအဖြေပေးလိုက်သည်။ ထိုအခါ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ကျွန်တော်၊ ကျွန်တော် ပြီးတော့ ဘာဖြစ်သလဲ ဟုမိန့်လိုက်သည်။ ထိုမိန့်သည့်ပုံစံမှ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်သည် မရှင်းမလင်းဖြေကြားမှု မနှစ်သက်ကြောင်း သိရပေသည်။

မှတ်ချက်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မေးမြန်းမှုကို ဖြေသည့်အခါ မည်သူမည်ဝါ ဖြစ်ကြောင်း ရှင်းရှင်းလင်းပြောရမည်။ ထို့အတူ မည်သူနှင့်တွေ့ဆုံရန် လာသူဖြစ်ကြောင်း ပြောဆိုရပေမည်။

(ဤသို့အမည်ပြောခြင်းကို ဖုန်းပြောရာတွင်လည်း ကျင့်သုံးရပါမည်။ ဖုန်းကို မည်သူမဆို ဆက်သွယ်နိုင်သလို ဖုန်းအတွင်းမှ အသံကို မမှတ်မိသည်လည်း ဖြစ်တတ်ပေသည်။ မွတ်စ်လင်မ်ဖြစ်သူက မည်သူ့ကိုမဆိုဖုန်းခေါ်ပြောဆိုပါက ရင်းနှီးနေသူ နံပါတ်တွင် အမည်ထည့်ထားသူ ဖြစ်နေပါက အကြောင်းမရှိ။ ဤသို့မဟုတ်ပါက အမည်ပြောရမည်။ တဖက် ဘယ်သူလဲ ဘယ်ကလဲမေးသည်ကို ငါ့မသိရကောင်းလားဟု စိတ်ဆိုးဒေါသူပုန်မထရပေ။ ထိုသို့ဖြစ်ခြင်းသည် အစ္စလာမ့်အဆုံးအမ၊ အစ္စလာမ့်ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည်ကို သိထားရပေမည်။ ဘယ်သူလဲဟုမေးလျှင် သူငယ်ချင်းပါ ဟုမဖြေနှင့်။ သူငယ်ချင်းများစွာရှိနိုင်သည်။ အသံတူသူ၊ အမည်တူသူ များစွာရှိနိုင်ပေသည်။ ထို့ကြောင့် ပြည့်စုံစွာ တစ်ဖက်သား စိတ်ရှင်းအောင် ပြောရပါမည်။ လောကီ၏အလုပ်အကိုင်များ လျှောက်ထားရ၌ လျှောက်လွှာပေါင်းများစွာတွင်  အကြိမ်ကြိမ် အမည်ဘယ်သူ ဘယ်သူ့သား၊ အဘယ်အရပ်တွင် နေထိုင်သူ စသည်ဖြင့် ဖြည့်စွက်ကြသည်။ တချို့လျှောက်လွှာများတွင် မေးမြန်းမှုမှာ လူလူချင်းမေးသည်ဆိုပါက ထရိုက်ချင်လောက်အောင်ပင် စေ့စေ့ငှငှ မေးထားသည်။ သို့သော် ထိုသို့မေးရကောင်းလားဟု စိတ်ဆိုး၍ လျှောက်လွှာကို ဘယ်သူမှ မဖြဲပစ်၊ အင်တာဗျူးသူကို မင်း အဲ့သလောက်မေးရသလားဟု ဒေါသဖြင့် လက်သီးဖြင့်မထိုးကျိတ်ကြ။ စိတ်အေးချမ်းသာစွာဖြင့် လက်ရေးကိုပင် အကျအနပြုပြင်၍ လျှောက်လွှာရေးပေးသည်။ မျက်နှာပြုံးချိုစွာဖြင့် အင်တာဗျူးဖြေပေးသည်။ လက်မခံမည်စိုး၍ ပို၍ပင် ပြုံးပြလိုက်သေးသည်။ ယခု အစ္စလာမ်က လောက၏အဓိကအရာဖြစ်သည့် လူက လူနှင့်တွေ့ဆုံရာတွင် ကို ချိုသာပြေပြစ်၍ ပြည့်စုံစွာ ဖြေဆိုရမည့်အကြောင်း လက်တွေ့သင်ကြားပေးနေသည်။ ဤသည်ကို မွတ်စ်လင်မ်တို့က စိတ်တွင်းစွဲမှတ်၍ လိုက်နာရပါမည်။ မည်မျှပင် ရင်းနှီးသူဖြစ်စေ ၎င်းက ဘယ်သူလဲမေးသည်ကို ဘာမျှ စိတ်ဆိုး စိတ်ကွက်ရန် မလိုအပ်ပေ။)

(၃) သုံးကြိမ် ခွင့်တောင်းရန်
ဗုခါရီနှင့် မွတ်စ်လင်မ်ကျမ်းတွင် ဝင်ခွင့်တောင်းသည့် အကြိမ်အရေကို ညွှန်းဆိုသည့် ဟဒီးစ်ကို အဗူမူစာအရှ်အရီ ရသွီယလ္လာဟုအန်ဟုထံမှ ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်က ... အခွင့်ကို သုံးကြိမ်တောင်းရမည်။ ထိုသို့တောင်းစဉ် အခွင့်ရပါက ကောင်းပေသည်။ အကယ်၍ သုံးကြိမ်တောင်းပြီး အခွင့်မရပါက ပြန်လာလိုက်ရမည်။...ဟု ညွှန်ကြားထားသည်။

ထိုသို့ သုံးကြိမ်ခွင့်တောင်းရာတွင် အကောင်းဆုံးပုံစံမှာ တစ်ကြိမ်ခွင့်တောင်းပြီးနောက် နမားဇ်လေးရကအသ်ဖတ်စာမျှ အချိန်စောင့်ဆိုင်းရမည်။ ပြီးမှ နောက်တစ်ကြိမ် ခွင့်တောင်းရပေမည်။ အဘယ့်ကြောင့်ဆိုသော် မိမိခွင့်တောင်းနေသူ (တစ်နည်း မိမိကိုခွင့်ပြုမည့်သူ) သည် နမားဇ်ဖတ်နေသူ၊ သို့မဟုတ် အိမ်သာတတ်နေသည့်အချိန် သို့မဟုတ် ကိုယ်ရေးကိုယ်တာကိစ္စ တစ်ခုခုပြုလုပ်နေသည့် အခြေအနေများတွင် ရှိတတ်ပေသည်။ ထို့ကြောင့် နမားဇ် လေးရကအသ်ဖတ်သည့်အချိန်ခန့်မျှ စောင့်ဆိုင်းရပေမည်။

(၄) တံခါးကို ပြင်းထန်စွာမခေါက်ရန်
မိမိခွင့်တောင်းနေသည့်အိမ်ရှင်သည် မိမိ၏မိဘ၊ ဆရာသမား၊ အာလင်မ်၊ သူတော်စဉ်၊ သက်ကြီးဝါကြီးတို့ဖြစ်ပါက အထူးဂရုစိုက်၍ သိမ်မွေ့စွာ တံခါးခေါက်ရပေမည်။ အိမာမ်ဗုခါရီ ရဟ်မသုလ်လာဟိအလိုင်းဟ်က မိမိရေးသားသည့်စာအုပ်တစ်အုပ်တွင် ဟဇရသ်အနတ်စ် ရသွီယလ္လာဟုအန်ဟုထံမှ ဟဒီးစ်တစ်ခုကို ဆင့်ပြန်ထားသည်။ တမန်တော်မြတ် ဆွလ္လလ္လားဟုအလိုင်းဟိဝစလ္လမ်၏ တံခါးကို လက်ညှိုးဖြင့်သာ ခေါက်ပေသည်။ ထိုနည်းတူပင် ရှေးယခင် သူတော်မွန်တို့သည် မိမိတို့အကြီးအကဲများ၏ တံခါးကို လက်သည်းကိုအသုံးပြုပြီး ခေါက်လေ့ရှိသည်။ ယင်းပုဂ္ဂိုလ်ကြီးများသည် နောက်တစ်ဦးအား မည်မျှရိုသေလေးစားသည်ကို အထက်ပါလုပ်ရပ်တို့မှ သိရှိနိုင်ပေသည်။ (ကျွန်ုပ်တို့လည်း နောက်တစ်ဦးကို လေးစားရိုသေမှုကို ကျင့်ယူရပါမည်။)

အထက်ပါကဲ့သို့ ညင်သာသိမ်မွေ့စွာ တံခါးခေါက် အသံပေးသင့်သည့်အချိန်မှာ အိမ်ရှင်သည် အနီးအနားတွင်သာရှိမည်ဟု ယူဆရသည့်အချိန် ဖြစ်ပေသည်။ ဤသို့မဟုတ်ဘဲ တံခါးနှင့် ဝေးသည့်နေရာ တံခါးခေါက်သံ မကြားနိုင်သည့်နေရာတွင် ရှိနေမည်ဟု ယူဆရပါက ၎င်းသူကြားနိုင်မည့်အသံဖြင့် တံခါးခေါက်ရပါမည်။
ယနေ့အခါတွင် မြို့ပေါ်ရှိနေအိမ်အများစုတွင် လူခေါ်ခေါင်းလောင်းများ၊ ဘဲလ်များ တပ်ဆင်ထားပေသည်။ ထို့ကြောင့် ယင်းခေါင်းလောင်း၊ ဘဲလ်များကို အသုံးပြု၍ ခေါ်မည်ဆိုပါကလည်း အထဲကလူ ထိတ်လန့်မှုမဖြစ်စေမည့်ပုံစံဖြင့် နှိပ်ရမည်။ အကြိမ်ရေများစွာ ဆက်တိုက်မနှိပ်ရပေ။ ဘဲလ်နှိပ်တစ်ကြိမ်နှိပ်ပြီးသည်နှင့် ပထမစည်းကမ်းချက် သုံးခုကို လိုက်နာရပါမည်။ လေးရကအသ်နမားဇ်မျှ စောင့်ဆိုင်းရမည်။ မေးမြန်းလျှင် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းလင်းစွာ ပြောဆိုရပါမည်။ (ဤဝင်ခွင့်တောင်းခြင်းဟူသည် အိမ်တွင်းရှိ အခန်းများနှင့်လည်း သက်ဆိုင်ပါသည်။)
[သုဟ်ဖှာအေဒုလ်ဟန်၊ စာ ၁၂၄မှ ၁၂၆ အထိ)

credit=>https://m.facebook.com/almufeed.mm/photos/a.384419661678629.1073741825.383183328468929/912919708828619/?type=3

Post a Comment

Previous Post Next Post