ဒီရက်ပိုင်းနာမည်ကြီးနေတဲ့ရာဘဆေး(သို့ မဟုတ်)မြင်းဆေးအကြောင်း

တကယ်တော့ ဒီဆေးပြားတွေရဲ့ မူလဘူတ ဖြစ်တည်ရာဟာ မြန်မာပြည်မဟုတ်ပါဘူး။ ဒီယာဘ စိတ်ကြွဆေးဆိုတာက မက်သာဖက်တာမင်း (Methamphetamine) ဆိုတဲ့ ဓါတုဓါတ်ပေါင်းဆေးဝါးနဲ့ ကာဖင်း (Caffeine) ဆိုတဲ့ သဘာဝဓါတ်တမျိုးကို ရောထားတဲ့ ဆေးဝါးပါ။ ကာဖင်းဆိုရင် လူတိုင်းလိုလိုသိကြပါတယ်၊ အဓိက ကော်ဖီစေ့မှာပါတယ်၊ လူကိုလန်းဆန်းတက်ကြွစေတဲ့ ဓါတ်ပေါ့။ ကော်ဖီတွေ ကုတ် တို့ ပက်ပစီတို့လို အချိုရည်တွေ ချော့ကလက်တွေကနေ လူတိုင်းလိုလို နေ့စဉ်စားသုံးရရှိနေကြတဲ့ဓါတ်ပါ။ အဲ ... ဒီမှာ အဓိကပြောရမှာ ကာဖင်းနဲ့ ပေါင်းတဲ့ မက်သာဖက်တမင်းဓါတုဓါတ်ပေါင်းပဲ။
မက်သာဖက်တမင်း ဓါတ်ပေါင်းကို စတင်ဖေါ်ထုတ်တွေ့ရှိသူက ရိုမေးနီယား ဓါတုဗေဒပညာရှင်တစ်ယောက်။ ဒီဓါတ်ပေါင်းကို ဂျာမဏီနိုင်ငံ ဘာလင်တက္ကသိုလ်မှာတွေ့ရှိခဲ့ပါတယ်၊ တွေ့တဲ့နှစ်က ၁၈၈၇ ပါ၊ သီပေါမင်းပါတေည်မူအပြီး ၂ နှစ်အကြာပေါ့။
မက်သာဖက်တမင်းကို စပြီးလက်တွေ့ အသုံးချခဲ့ကြသူတွေ ဂျာမန်တွေဖြစ်သတဲ့။ ဒုတိယကမ္ဘာစစ်မှာ ဂျာမန်တွေဟာ ဒီမက်သာဖက်တမင်းဆေးပြားတွေကို အမြောက်အမြားထုတ်လုပ်ပြီး သူတို့စစ်သားတွေ ပင်ပန်းနွမ်းနဲမှုတွေပျောက်အောင် ကြောက်ရွံ့စိတ်တွေ ကင်းမဲ့အောင် တိုက်ကျွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ လေ့လာသူတွေအဆိုရ ဒီမက်သာဖက်တမင်းဆေးပြားတွေကို စစ်ပွဲမှာ ဂျာမန်တဖက်တည်းက သုံးခဲ့ကြတာမဟုတ်ပဲ မဟာမိတ်တပ်တွေဘက်ကလည်း သုံးခဲ့ကြမယ် လို့ ယူဆကြပါတယ်။ ဒုတိယကမ္ဘာစစ်မှာ မက်သာဖက်တမင်း အပြားရေ ၇၂ သန်းလောက် ထုတ်လုပ်ခဲ့ကြမယ်လို့ သုံးသပ်ကြတယ်။
မက်သာဖက်တမင်းတွေ အရှေ့တောင်အာရှကို ရောက်လာတာက မြင်းတွေကို တိုက်ကျွေးဖို့ တိရစ္ဆာန်ဆေးအဖြစ် ရောက်ရှိလာခဲ့တာပါတဲ့။ ပထမတော့ မြင်းပြိုင်ပွဲတွေဝင်တဲ့ မြင်းတွေကိုကျွေးတယ်၊ ဒါကြောင့် မြင်းဆေး (ယာမ) လို့အမည်ရတယ်။ နောက်တော့ စိုက်ပျိုးရေး သယ်ယူပို့ဆောင်ရေး စတဲ့နေရာမှာ အသုံးပြုတဲ့ ဆင် မြင်း ကျွဲ နွား တွေကို လုပ်အားပိုကောင်းအောင် တိုက်ကျွေးကြတော့တာပဲတဲ့။
ဟိုအရင်တုန်းကဆို ထိုင်းတွေဟာ ဒီဆေးတွေကို နိုင်ငံခြားက တင်သွင်းပြီး အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၈၀ လောက်မှာ နွန်ထပ်ဘူရီမြို့နေ ထိုင်း-တရုတ်ကပြား ကလျာဏီအာရွန်ဝစ်အာနက် ဆိုတဲ့အမျိုးသမီးကြီးရဲ့ သားနှစ်ယောက်ဟာ ထိုင်ဝမ်ကိုသွားပြီး ပညာသင်ကြားရာကနေ ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိလာပါတယ်။ သူတို့ဟာ တိုင်ပေတက္ကသိုလ်မှာ ဓါတုဗေဒဘာသာရပ်ကို သင်ကြားခဲ့သူဖြစ်ပြီး မက်သာဖက်တမင်းနဲ့ ကာဖင်းကို ရောနှောပေါင်းစပ်ပြီး စိတ်ကြွဆေးတမျိုးကို ထုတ်လုပ်နည်း ရရှိခဲ့ကြပါတယ်။ ဒီဆေးကို အဝေးပြေးကားမောင်းသမားတွေ ဆောက်လုပ်ရေးလုပ်ငန်းလို ရေလုပ်ငန်းလို အလုပ်ကြမ်းတွေမှာက လုပ်သားတွေ သဘောကျနှစ်ချိုက်အားပေးကြတယ်။ ဒီလိုနဲ့ ကလျာဏီ ဆိုတဲ့အမျိုးသမီးကြီးက “တရုတ်တရားသူကြီးပေါင်ချိန်” အမှတ်တံဆိပ်နဲ့ စိတ်ကြွဆေးပြားတွေ ထုတ်လုပ်ရောင်းချပါတော့တယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေဟာ ထိုင်းစီးပွားရေးစတင်ပွင့်ဖူးတဲ့ ကာလပါ။
ကိုယ့်ပုဆိုးကိုယ် တင်းအောင်ခြုံပြီး လက်မစုတ်လို့ ကွေးနေတဲ့ မြန်မာ၊ စစ်ပွဲတွေနဲ့ ကမ္ဘောဒီယား၊ ဆိုရှယ်လစ်စနစ်အောက်မှာ အလူးအလဲ ရုန်းကန်နေရတဲ့ လောနဲ့ ဗီယက်နမ်။ ဒီလို နိုင်ငံတွေဝန်းရံနေတဲ့ ထိုင်းဟာ အဲဒီနိုင်ငံတွေဆီက ကုန်ကြမ်းတွေကို ဈေးပေါပေါနဲ့ရပြီး သူဆီက ကုန်ချောတွေကို ဈေးကြီးကြီးနဲ့ ပြန်ရောင်းရလို အဆင်အပြေကြီး ပြေနေချိန်ပေါ့။
ဆောက်လုပ်ရေးလုပ်ငန်းတွေ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ရေလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာခြင်းနဲ့အတူ အဝေးပြေးကားမောင်းသမားတွေနဲ့ အလုပ်ကြမ်းလုပ်သမားတွေဟာ ပေါင်ချိန်တံဆိပ် စိတ်ကြွဆေးပြားတွေကို အလုအယက်အားပေးကြပါတော့တယ်။
အဲဒီအချိန်က စိတ်ကြွဆေး အပြား ၁၀၀ ပါတဲ့ ပေါင်ချိန်တံဆိပ် ဆေးထုတ်တစ်ထုတ်မှ ဘတ် ၃၀ ပဲ တန်ဖိုးရှိပါသတဲ့။ ထိုင်းမှာ မက်သာဖက်တမင်းကို အန္တရာယ်ရှိတဲ့ဆေးဝါး၊ ရောင်းဝယ်မှုမပြုလုပ်ရလို့ ဥပဒေနဲ့တားမြစ်ထားပေမဲ့ ဒေါ်ကလျာဏီရဲ့ ပေါင်ချိန်ဆေးပြားတွေကို နယ်ပယ်စုံက အလုအယက်အားပေးခဲ့ကြပါတယ်။ ရဲတွေကိုယ်တိုင်က သုံးစွဲကြတာရှိပြီး ရံဖန်ရံခါ စီမံချက်အရ ဖမ်းတာဆီးကလွဲ ကြပ်ကြပ်မတ်မတ် ဖမ်းဆီးတာမရှိခဲ့ပါဘူး။ ဒီလိုနဲ့ ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ယာဘအထုတ်လုပ်ဆုံး နိုင်ငံဖြစ်လာပြီး သူ့ဆီက ဆေးပြားတွေကို ဟောင်ကောင် ထိုင်ဝမ်နဲ့ အင်ဒိုနီရှားက ရေလုပ်သားတွေအထိ သုံးစွဲခဲ့ကြတယ်လို့ဆိုပါတယ်။
၁၉၈၇ မှာ ဒေါ်ကလျာဏီနဲ့ သူ့သားနှစ်ယောက်အပါဝင် မိသားစုအတော်များများနဲ့အတူ သူတို့ရဲ့ စိတ်ကြွဆေးထုတ် စက်ရုံကြီးကို မူးယစ်ဆေးနှိမ်နင်းရေးတပ်ဖွဲ့က ဖမ်းဆီးပိတ်သိမ်းခဲ့ပေမဲ့ ဒေါ်ကလျာဏီရဲ့ စက်ရုံမှာ အလုပ်လုပ်တဲ့ အလုပ်သမားတွေကနေတဆင့် ယာဘ ထုတ်လုပ်နည်းတွေ တနိုင်ငံလုံး ပျံ့နှံ့သွားပါတယ်။ အဲဒီအချိန်ထိုင်းနိုင်ငံအတွင်း ယာဘ၀ယ်လက်က အထူးများပြားနေပြီး ယာဘစိတ်ကြွဆေး ဈေးကွက်ဟာ အလယ်တန်းကျောင်းသားတွေအထိ ရောက်ရှိနေခဲ့ပြီလို့ ဆိုပါတယ်။ နယ်ပယ်အသီင်္းသီးမှာ ယာဘက ထိုးဖေါက်နေရာယူထားပြီး ထိုင်းစီးပွားရေးနဲ့ နိုင်ငံရေးမှာပါ ယာဘထုတ်လုပ်သူတွေက ကြီးစိုးလာတာမို့ ၁၉၉၆ မှာဝန်ကြီးချုပ်ဖြစ်လာတဲ့ ချာဗလစ်ယောင်ချိုင်ယုလက်ထက်မှာ ယာဘနှိမ်နင်းရေးကို ဖိဖိစီးစီးလုပ်လာပါတယ်။ ယာဘားဆိုတဲ့ အသုံးအနှုံးကို ထိုင်းအစိုးရက အဲဒီကာလမှာမှ တရားဝင်သုံးနှုံးတာဖြစ်ပြီး အရူးဆေးလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးသမားတွေအပြင် ရဲနဲ့ စစ်တပ်အရာရှိကြီးတွေပါ ပါဝင်ပတ်သက်နေခဲ့တယ်လို့ ယူဆတဲ့ ဒီစိတ်ကြွဆေးစီးပွားရေးကို ချာဗာလစ်အစိုးရ မဖြိုပစ်နိုင်ခဲ့ပါဘူး။
၂၀၀၁ ခုနှစ် သက်ဆင်သျှီနာဝပ် ၀န်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာတော့ ဒီစိတ်ကြွဆေးပြား နှိမ်နင်းရေးဟာ အလွန်အားကောင်းလာပါတယ်။ စိတ်ကြွဆေး နှိမ်နင်ရေးစစ်ဆင်ရေးတွေမှာ အထူးတပ်ဖွဲ့တွေ သုတ်သင်တာနဲ့ ဆေးထုတ်လုပ်ဖြန့်ချီသူ အချင်းချင်း နောက်ကျောမလုံလို့ သုတ်သင်ကြတာ ၄ လအတွင်း လူပေါင်း ၃၀၀၀ လောက် သေကြေခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကမ္ဘာကနေတောင် အလန့်တကြား သတိပေးရပြီး ဆေးထုတ်လုပ်သူတွေလည်း သက်ဆင်ရဲ့အသက်ကို လုပ်ကြံတဲ့အထိ ဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ထိုင်းနိုင်ငံအတွင်း ယာဘ ထုတ်လုပ်ရေး သိသိသာသာလျှော့ကျသွားပါတယ်။
ယာဘဆေးပြား ထုတ်လုပ်မှုထိုင်းမှာလျှော့ကျသွားပေမဲ့ သုံးစွဲသူအရေအတွက် လျှော့မကျသွားပါဘူး။ ၀ယ်လက်များပြီး ပစ္စည်းနည်းတာမို့ ဈေးကွက်သဘောအရ ယာဘဈေးတွေ ထိုးတက်သွားပါတယ်။ ၁၉၈၇ လောက်မှာ ၃ ပြားမှ ၁ဘတ်လောက်ပေးရတဲ့ ယာဘဟာ ၂၀၀၁ မှာ ဈေးကွက်ထဲမှာ တပြား ဘတ် ၅၀ ကနေ ၂၀၀အထိ ပေါက်နေခဲ့ပြီတဲ့၊ ဒါပေမဲ့ ကုန်ကြမ်းဈေးက ဒီလောက်ကြီး အတက်မကြမ်းသေးတော့ အမြတ်အစွန်းက သိပ်ကောင်းသွားတာပေါ့။ ဒီလိုနဲ့ ထိုင်းက ယာဘထုတ်လုပ်သူတွေဟာ မြန်မာ ကမ္ဘောဒီယားနဲ့ လော နယ်စပ်တွေဆီ သူတို့စက်ရုံတွေ ရွေ့ကုန်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့ ထိုင်းမြန်မာ နယ်စပ်ဟာ စိတ်ကြွဆေးထုတ်လုပ်သူတွေရဲ့ မျက်စိကျစရာဖြစ်လာပါတယ်။
မြန်မာပြည်မှာ အခြေချပြီး ယာဘစတင်ထုတ်လုပ်သူဟာ ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံသားခံယူထားတဲ့ အီကောလူမျိုးတစ်ယောက်လို့ ဆိုပါတယ်၊ သူဟာ ၁၉၉၄-၉၅ လောက်မှာ တာချီလိတ်မြို့နယ်အတွင်းက ရွာတစ်ရွာမှာစတင်ထုတ်လုပ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်းနဲ့ တာချီလိတ်နယ်မှာ ဖြန့်ချီခဲ့တာလို့ ဆိုပါတယ်။ ပထမပိုင်းမှာ မြန်မာပြည်က လက်နက်ကိုင်တပ်ဖွဲ့တွေက ယာဘကို ဒီလောက် စီတ်မ၀င်စားခဲ့ကြဘူးလို့ ဆိုပါတယ်။ အဲဒီတုန်းက ဟီရိုးအင်း စီးပွားရေးကမှ ဆရာကြီးလို့ ယူဆခဲ့ကြတာကိုး။
ဒါပေမဲ့ ၁၉၉၆မှာ တချိန်က ဘိန်းဖြူဘုရင်ကြီးရယ်လို့ နာမည်ကျော်ခဲ့တဲ့ ခွန်ဆာတစ်ယောက် မြန်မာအစိုးရထံမှာ လက်နက်ချလိုက်ပြီးတဲ့နောက်မှာ ရွှေတြိဂံမှာ ဘိန်းထုတ်လုပ်ရေးဟာ ကျဆင်းသွားတယ်။ အချိန်ကလည်း ခွန်ဆာနဲ့ပြိုင်ဘက် UWSA ၀တပ်ကလည်း အစိုးရနဲ့အပစ်ရပ်ထားခဲ့တာမို့ ဒီဒေသဟာ တခဏတာ သေနတ်သံတိတ်သွားတဲ့အချိန်၊ နိုင်ငံတကာရဲ့ ဘိန်းပပျောက်ရေးနဲ့ ပန်းဂျုံလို ဘိန်းအစားထိုးအသီးအနှံ စီမံကိန်းတွေ ၀င်လာတဲ့အချိန်မှာ ဘိန်းစိုက်ဖို့ ခက်လာတယ် ဘိန်းထုတ်လုပ်ရေးဟာ အကန့်အသတ်နဲ့ ဖြစ်လာတယ်။ တချိန်တည်းမှာ ထိုင်းမှာ စိတ်ကြွဆေး လိုအပ်ချက်ကလည်း မြင့်တက်လာတယ်။ ဒီလိုနဲ့ အလွယ်တကူ တပ်ဆင်လည်ပတ်နိုင်တဲ့ စိတ်ကြွဆေးစက်ရုံတွေ မြန်မာပြည်မှာ အလျှိုလျှိုပေါ်လာတယ်။ ဒီစက်ရုံတွေနဲ့ပတ်သက်လို့ မြန်မာပြည်က လက်နက်ကိုင် အဖွဲ့တွေပါဝင်ပတ်သက်နေတယ် ဆိုတဲ့စွတ်စွဲချက်တွေ နိုင်ငံတကာ မူးယစ်တိုက်ဖျက်ရေးအဖွဲ့တွေကြားမှာ ရှိလာခဲ့တယ်။
နောက်ပိုင်းမှာ ဈေးကွက်က ထိုင်းတင်မဟုတ်တော့ပဲ တဟုန်ထိုးစီးပွားရေးအားကောင်းလာတဲ့ တရုတ်ပြည်ယူနန်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်တို့ပါ ၀င်လာတဲ့အခါ မြန်မာပြည်က စိတ်ကြွဆေးထုတ်လုပ်မှုဟာ မခန့်မှန်းနိုင်လောက်အောင် မြင့်တက်လာခဲ့ပြီး ကမ္ဘာပေါ်မှာ စိတ်ကြွဆေးပြားတွေ အထုတ်လုပ်ဆုံး နိုင်ငံတခုဖြစ်လာတော့တယ်။
ထုတ်လုပ်သူတွေထဲမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေပါသလို စီးပွားရေးသမားတွေလည်းပါဝင်တယ်။ နိုင်ငံသားတွေပါသလို နိုင်ငံခြားသားတွေလည်းပါ တယ်လို့ဆိုကြပါတယ်။ နိုင်ငံတကာက စွတ်စွဲနေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ UWSA ဟာ အထင်အရှားဆုံးဖြစ်ပြီး မြန်မာအစိုးရနဲ့အတူ လေ့လာသူတွေက SSA (ရှမ်းပြည်တောင်ပိုင်း) လည်း ဒီစိတ်ကြွဆေးထုတ်လုပ်တဲ့ လုပ်ငန်းလုပ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အက်စ်အက်စ်အေ ခေါင်းဆောင် ဗိုလ်မှူးကြီးရွက်ဆစ်ကတော့ သူတို့ စိတ်ကြွဆေးထုတ်တယ်ဆိုတဲ့ စွတ်စွဲချက်ကို လုံးဝပယ်ချပါတယ်။ ဒီလိုပဲ UWSA ၀ တပ်ကလည်း သူတို့ စိတ်ကြွဆေးမထုတ်ပါဘူးလို့ ငြင်းဆန်တာပါပဲ။အချို့သော လေ့လာသူတွေက ဒီစိတ်ကြွဆေးထုတ်လုပ်မှုမှာ မြန်မာတပ်မတော် ပါဝင်ပတ်သတ်တာရော ရှိလေမလားဆိုပြီး သုံးသပ်ကြပါတယ်။ ပထမဆုံး မြန်မာပြည်မှာ ယာဘထုတ်လုပ်သူလို့ ယူဆရတဲ့ တာချီလိတ်မြို့နယ် ပါစပ်ရွာက အီကောလူမျိုး အီတို ဆိုသူက သူ့စက်ရုံအတွက် ဒေသမှာ တာဝန်ကျတဲ့ မြန်မာ့စစ်အရာရှိကို အဲဒီတုန်းက တစ်လ ဘတ်ငွေ တစ်သိန်းခွဲပေးရတယ်လို့ ဆိုပါတယ်။
တာချီလိတ်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ၂၀၀၁ ခုနှစ် ထိုင်း-မြန်မာ နယ်စပ် အရေးအခင်းဟာ ထိုင်းဘက်က UWSA ၀ တပ်ဖွဲ့ရဲ့ စိတ်ကြွးဆေးနဲ့ မူးယစ်ဆေးဝါး ထိုင်းကို တင်သွင်းတဲ့ လမ်းကြောင်းကို ထိုင်းဘက်က ဖြတ်တောက်ဖို့ ကျိုးစားရာက ဖြစ်ပွားခဲ့တယ်လို့ ဆိုပြီး မြန်မာဘက်ကတော့ ထိုင်းစစ်တပ်ဟာ SSA ရဲ့ စိတ်ကြွဆေးနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို ကာကွယ်ပေးချင်လို့နဲ့ မြန်မာနယ်မြေကို ကျူးကျော်တာလို့ ဆိုပါတယ်။
ဝေဖန်သူတွေအဆိုရ အပစ်အခတ်ရပ်စဲရေးကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ဦးဆောင်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေဟာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ ပြည်သူ့စစ်တွေ ရပ်တည်ရေးအတွက် ယာဘထုတ်လုပ်မှုကို သိသိကြီးနဲ့ မျက်ကွယ်ပြုခဲ့တဲ့အပြင် ဒီယာဘ စီးပွားရေးတွေမှာပါ ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှု ကျယ်ကျယ်ပြန့်ရှိခဲ့တယ်လို့ ဆိုပါတယ်။
တနေ့က ဗိုလ်မှူးချုပ်ကျော်သက်နဲ့ ဗိုလ်မှူးကြီးစောဆန်းအောင် တို့ ဦးဆောင်တဲ့ ဒီကေဘီအေတပ်နဲ့ တိုက်ပွဲဖြစ်ရာမှာ ယာဘထုတ်လုပ်တဲ့ စက်နဲ့ ဆေးပြားတွေမိတယ်လို့ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အွန်လိုင်း မီဒီယာပေါ်မှာ စစ်ပွဲတွေမှာ နှစ်ဖက်တပ်ဖွဲ့တွေဟာ စိတ်ကြွဆေးတွေသုံးပြီး တိုက်ကြတယ်ဆိုတာမျိုး ပြောဆိုကြတာ တွေ့ရပါတယ်။ ကိုးကန့်တိုက်ပွဲမှာလည်း တပ်မတော်ဘက်က ကိုးကန့်တွေဟာ သူတို့တပ်သားတွေကို စိတ်ကြွဆေးတိုက်ပြီး သံကြိုးနဲ့ချည် တိုက်ခိုင်းတယ်လို့ စွတ်စွဲသလို ကိုးကန့်နဲ့ သူ့ရဲ့ မဟာမိတ်တွေဘက်ကလည်း မြန်မာစစ်တပ်ဟာ သူ့စစ်သားတွေကို စိတ်ကြွဆေးတွေပေးပြီး တောင်ကုန်းတွေပေါ် အတင်းတက်ကျားထိုးခိုင်းတယ်လို့ ပြန်လှန်စွတ်စွဲတာ ဖတ်ရပါတယ်။
စိတ်ကြွဆေး သုံးစွဲထားပြီး အစွမ်းကုန်စိတ်ကြွနေတဲ့ စစ်သားတစ်ယောက်ဟာ သာမန်လူသားစစ်သားတစ်ယောက်လို ဝေဖန်ဆင်ခြင်နိုင်မှာ မဟုတ်ပါဘူး။ မေလအကုန် လောက်တုန်းက တပ်မတော်အရာရှိဟောင်းတစ်ယောက်က သူ့ဖေ့ဘွတ်စာမျက်နှာပေါ်မှာ သူစစ်မှုထမ်းစဉ်က စစ်ပွဲနယ်မြေတစ်ခုမှာ ဖမ်းဆီးရမိတဲ့ ရန်သူရဲ့ ငယ်ထိပ်ကို လေးလက်မသံစိုက်သွင်းပြီး သူ့ရဲ့ာ ဂျူနီယာအရာရှိတွေကို ပြသခဲ့တယ်။ ငယ်ထိပ်သံအစိုက်ခံရတဲ့ ရန်သူဟာ နာကျင်လွန်းလို့ မသေခင် ကျင်ကြီးကျင်ငယ်တွေပါ ထွက်ကျကုန်တယ်လို့ ၀င့်ဝင့်ကြွားကြွားရေးထားတာ ဖတ်ရပါတယ်၊ ဒါ အတော်လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ဒီလုပ်ရပ်မျိုး ကျူးလွန်ဖို့ရာ သဘာဝမဟုတ်တဲ့ စိတ်ဓါတ်တက်ကြွမျုမျိုး ရှိနေဖို့ လိုမယ်ထင်ပါတယ်။
သတင်းတွေမှာ အားနွဲ့ပြီး ဘာမှမခုခံနိုင်တဲ့ မိန်းခလေးတွေကို ဒါးနဲ့အချက်ပေါင်းများစွာ ထိုးစိုက်ပြီးသတ်ပစ်တာတို့ နေ့ခင်းကြောင်တောင် လက်ဖက်ရည်ဆိုင်ထဲဝင်ပြီး ဒါးနဲ့ အချက်ပေါင်းများစွာ ၀င်ထိုးတာတို့ စတဲ့ အရင်က မကြားဖူးတဲ့ သွေးအေးအေးနဲ့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကြားနေရပြီး ကျူးလွန်သူတွေထဲမှာ အတော်များများဟာ ဆယ်ကျော်သက်တွေ ဆိုတာလည်း ကြားသိနေရပါတယ်။ ဘယ်လောက်မှ စိတ်လှုပ်စားစရာမရှိတဲ့ ဘာသာရေးလူမျိုးရေး လှုပ်ဆော်မှုလေးတစ်ခုနဲ့ တရွာလုံးတရပ်ကွက်လုံး ပြာကျသွားအောင် မီးရှို့တာ လူသတ်တာ စတာတွေလည်း ကြားသိနေရပါတယ်။ပြီးတော့ အိမ်ခြံမြေဈေးကွက်လို မြန်မာ့စီးပွားရေးမှာ ဘယ်ကရလာမှန်းမသိတဲ့ ငွေကြေးတွေနဲ့ ၀င်ရောက်ကစားနေကြတာကိုလည်း တွေ့နေရပါတယ်။ တကယ်တော့ ယာဘဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အမျိုးသားရေးအန္တရာယ်ကြီးအဖြစ် လူတန်းစားအသီးသီးကြား ကပ်ငြိနေခဲ့တာ ကာလအတန်ကြာရှိနေခဲ့ပါပြီ။ သတ္တမတန်းကျောင်းသားလေးအရွယ်လေးတောင် စိတ်ကြွဆေး သုံးစွဲတဲ့အပြင် ရောင်းဝယ်ဖေါက်ကားမှုနဲ့ ထောင်ကျခံရတဲ့ အနေအထားမှာ ပြောရမယ်ဆိုရင် ဘိန်းဖြူကတောင် အကန့်အသတ်နဲ့ ရှိဦးမှာဖြစ်ပေမဲ့ ယာဘကတော့ နယ်ပယ်စုံမှာ အခြေချထားခဲ့ပါပြီ။ လက်ရှိ ယာဘအရေအသွေးဟာလည်း ဟိုး ထိုင်းတရုတ်ကပြား ဒေါ်ကလျာဏီရဲ့ သားတွေ ဖေါ်စပ်ခဲ့တဲ့ ပေါင်ချိန်တံဆိပ်ဆေးပြားတွေနဲ့ မတူတော့ပဲ အင်မတန်ကို စွဲမက်ကပ်ငြိစေပြီး အရွယ်သုံးပါး ကျားမမရွေး အလွယ်တကူ သုံးစွဲလို့ရတာမို့ အလွယ်တကူ စွဲမက်ကပ်ငြိစေတဲ့ အဆင့်ကိုရောက်နေပါပြီ။
ဒီအန္တရာယ်ကို ဘယ်လိုတိုက်ဖျက်မလဲ၊ တိုက်ဖျက်နိုင်တဲ့ အင်အားရော မြန်မာပြည်မှာ ရှိသလား တွေးစရာကောင်းလှပါတယ်။

ကိုးကား - Itv Thai
- Wikipedia
- MOI Webportal Myanmar

Credit - Ahkter Husin

You can also read this article on facebook.

Link-==>https://mbasic.facebook.com/story.php?story_fbid=1687904128098334&id=100006362884788&refid=17&_ft_=top_level_post_id.1687904128098334&__tn__=C

Post a Comment

Previous Post Next Post