မနေ့က ဆရာဟန်ရဲ့ ပုစ္ဆာလေး (အောက်ကပုစ္ဆာ)ကို မြင်မိတော့ ဖတ်ဖူးတဲ့ ဂိမ်းသီအိုရီဆောင်းပါးလေးကို ပြန်သတိရသွားတယ်။ ဒီလိုပုစ္ဆာမျိုးက ဂိမ်းစည်းမျဉ်းပြောင်းသွားတာကို ဥပမာပြချင်တဲ့အခါ သုံးတတ်တဲ့ပုစ္ဆာမျိုးပါ။
အမှန်က 1000 အကိုက်ပါပဲ။ ဒါပေမဲ့ အဖေ့ကို ပြန်ဆပ်ဖို့ 490၊ အမေ့ကို ပြန်ဆပ်ဖို့ 490 ဆိုပြီး စဉ်းစားတဲ့အခါ (490 + 490 + လက်ကျန် 10 = 990 ဆိုပြီး) 10 ပျောက်သွားပါတယ်။
ဘာဖြစ်လို့ပါလဲ။ 1000 ပေါ်မှာ အခြေခံတွက်လို့ပါ။ ပေးငွေ (1000) မှာ အခြေခံတွက်သရွေ့ 10 က ပျောက်နေဦးမှာပါ။ တကယ်လို့သာ ဖိနပ်ဖိုး (970) မှာသာ အခြေခံတွက်ရင် ကိုက်ပါတယ်။ ဖိနပ်ဖိုး + ကိုယ်ယူထားတဲ့ငွေ = 970 + 10 = 980 ၊ အကြွေးဆပ်ရမှာလည်း 980 ... ကွက်တိပါပဲ။ ဒါမှမဟုတ်လည်း ဖိနပ်ဖိုး + အဖေ့ပေးငွေ + အမေ့ပေးငွေ + ကိုယ်ယူထားတဲ့ငွေ = 970 + 10 + 10 + 10 = 1000 ... ဒါလည်း ကိုက်တာပါပဲ။
ပြောချင်တာက ဒုတိယပိုင်းမှာ အခြေခံထားတာက ဖိနပ်ဖိုးပါ။ ပေးငွေ မဟုတ်ပါဘူး။ စည်းမျဉ်းပြောင်းသွားပါပြီ။ ဒါကို စည်းမျဉ်းဟောင်းအတိုင်း (ပေးငွေအတိုင်း) လိုက်တွက်ရင် အဖြေမှန် မရပါဘူး။
လက်တွေ့မှာ ဂိမ်းတခုစီအတွက် သက်ဆိုင်ရာ စည်းမျဉ်းတွေ ရှိပါလိမ့်မယ်။ ဆိုတော့ အဖြေမှန်ချင်ရင် သူ့စည်းမျဉ်းအတိုင်း ဆော့မှ (စဉ်းစားမှ) ရပါလိမ့်မယ်။ အဲလိုမှ မဟုတ်ရင်လည်း ကိုယ်လိုချင်တဲ့အဖြေရဖို့ ဂိမ်းစည်းမျဉ်းတွေကို ကိုယ်စိတ်ကြိုက်ရေးဆွဲဖို့ပါပဲ။
ဥပမာ ရှစ်လေးလုံးအရေးတော်ပုံဟာ ဂိမ်းအသစ်၊ စည်းမျဉ်းအသစ်ပါ။ ဒါကို (စည်းမျဉ်းအသစ်ကို) စစ်အာဏာရှင်အုပ်စုက မကြိုက်ပါဘူး။ ဒါကြောင့် ဂိမ်းကို ဖျက်ပါတယ်။ 1990 ရွေးကောက်ပွဲဆိုတဲ့ ဂိမ်းအသစ်ကို ထပ်လုပ်ပါတယ်။ နိုင်မယ်ထင်လို့ လုပ်တဲ့ဂိမ်းမှာ စစ်အာဏာရှင်တွေ ၀က်ဝက်ကွဲ ရှုံးပါတယ်။ အဲဒီတော့လည်း (သူတို့လိုချင်တဲ့ရလဒ်ကို မရလို့) အဲဒီ့ဂိမ်းကို ထပ်ဖျက်ပြန်တယ်။ စိတ်ကြိုက်ဂိမ်းတခုကို ထပ်ဆော့ပြန်တယ်။
ဒါပေမဲ့ အဲ့ဒီဂိမ်းက သူတို့သာ ကြိုက်တာ (အကျိုးအမြတ်ရပြီး ကျိကျိတက်ချမ်းသာနေတာ) .... ပြည်သူတွေရော နိုင်ငံတကာကရော မကြိုက်ပါဘူး။ ရလဒ်အနေနဲ့ နိုင်ငံတကာမှာဆို အစိုးရအရာမ၀င်တဲ့ (စင်ကာပူကိုတောင် ကျော်ပြီး သွားလို့မရတဲ့) လူမလေး ခွေးမခန့် အစိုးရတခု၊ ပြည်တွင်းမှာဆို ပြည်သူတွေပေါ် အာဏာတွေ ပက်ပက်စက်စက်ပြနိုင်ပေမယ့် သြဇာတော့ တစက်လေးမှ မရှိတဲ့ အစိုးရတရပ် ဖြစ်လာပါတယ်။
ဒါကြောင့် ထွက်ပေါက်ရှာတဲ့အနေနဲ့ စိတ်ကြိုက်စည်းမျဉ်းတွေ ဆွဲပြီး ဂိမ်းအသစ်တခု ထပ်လုပ်ပြန်တယ်။ 2008 နာဂစ်ခြေဥနဲ့ 2010 ရွေးကောက်ပွဲပါ။ ဒေါ်ကြီးစုဟာ ဂိမ်းစည်းမျဉ်းအသစ်တွေကို လက်ခံပြီး ၀င်ပြိုင်ပါတယ်။ (ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ရွှေမင်းသမီးလေး စုတ်ပြတ်သတ်နေတဲ့ ဇာတ်ညွှန်းအတိုင်း ၀င်ကမယ်ဆိုတော့ ရင်နာတာပေါ့ဗျာ) သိကြတဲ့အတိုင်းပါပဲ .... ဒီပွဲမှာလည်း (2015 ရွေးကောက်ပွဲမှာလည်း) စစ်အာဏာရှင်အုပ်စု လိုချင်တဲ့ ရလဒ်ဖြစ်မလာပါဘူး။ တနိုင်ငံလုံး နီသွားခဲ့ပါတယ်။
အဲတော့ ဘာဖြစ်လဲ။ ဒေါ်ကြီးစုတို့ အာဏာရကတည်းက ကစားကွက်ပျက်အောင် အကွက်မျိုးစုံရွေ့ပါတော့တယ်။
နောက်ဆုံးအကွက်ကတော့ ဆရာဦးကိုနီကို လုပ်ကြံခြင်းပါ။ စစ်အာဏာရှင်အုပ်စုအနေဲ့ ဒါ ... strategic move လို့ ယူဆပြီး ရွေ့တာလည်း ဖြစ်နိုင်ပါတယ်။ ဂိမ်းသီအိုရီမှာ strategic move ဆိုတာ တဖက်လူရဲ့ ရွေ့ကွက် (ဦးတည်ဖက်)ကို ပြောင်းသွားအောင်၊ ဒါမှမဟုတ် တဖက်လူကို ကိုယ်ကစားချင်သလို လိုက်ကစားအောင် စရွေ့တဲ့အကွက်ပါ။ နောက်တခုက strategic move ရဲ့ သဘောက ကစားပွဲရဲ့ pay off ကို ပြောင်းသွားစေတာ မဟုတ်ဘဲ outcome ကိုသာ ပြောင်းစေတာပါ။
ဥပမာ စစ်အေးခေတ်မှာ ရုရှက နေတိုးကို ၀င်တိုက်မယ်ဆိုပါဆို့။ နေတိုးသာ သာမန်မြေပြင်စစ်အတိုင်း ခုခံမယ်ဆို ရှုံးပါမယ်။ တကယ်လို့ နယူးကလီးယားလက်နက်သုံးမယ်ဆို ... နှစ်ဖက်လုံး နာပါ့မယ်။ အဲတော့ နေတိုးဘာလုပ်မလဲ။ ငါ့ လာမတိုက်နဲ့၊ လာတိုက်ရင် နယူးကလီးယားနဲ့ ပြန်ဆော်မယ်ဆိုပြီး လုပ်ပါတယ်။ (ယုံကြည်အောင်တော့ လုပ်ရပါတယ်) ဒီတော့ ရုရှားက အသာပဲ ပိုနေမြဲ ကျားနေမြဲ နေပါတော့တယ်။ ဆိုတော့ နေတိုး (အမေရိက)ရဲ့ နယူးကလီးနဲ့ ပြန်တိုက်မယ်ဆိုတာ strategic move ပါပဲ။ တဖက်ကို ကိုယ်ဖြစ်စေချင်သလို လုပ်နိုင်တဲ့သဘောပါ။ pay off မပြောင်းစေဘဲ outcome ကိုပဲ ပြောင်းစေတာပါ။
ဒါပေမဲ့ အားနည်းချက် ရှိတာက ကိုယ်က စရွေ့ရတာဖြစ်လို့ အခြေအနေကန့်သတ်ချက်ရှိတယ်။ ခြိမ်းခြောက်ရင်၊ ကတိပေးထားရင် အဲဒီ့အတိုင်း လိုက်လုပ်ရတော့မယ်၊ နောက်ပြန်ဆုတ်လို့ မရတော့ဘူး။ ဒါပေမဲ့ တဖက်ရဲ့ အလားအလာကို ကြိုတင်မှန်းနိုင်မယ်ဆို အလွန်ထိရောက်တဲ့ဗျူဟာတခု ဖြစ်လာမယ်လို့ ဂိမ်းပညာရှင်တွေက ဆိုပါတယ်။
ဆိုတော့ ဆရာဦးကိုနီကို လုပ်ကြံတာဟာ တဖက်ရဲ့ ရွေ့ကွက်ကို မှန်းနိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်လို့ ရွေ့ကြည့်တာလားဆိုတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ဒါမှမဟုတ် ... ဘာမှမသိဘဲ၊ ဂိမ်းအခြေအနေကို အမှန်မသိဘဲ အရင်ဂိမ်းစည်းမျဉ်းအဟောင်းနဲ့ တွက်ကြည့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အင်း .... ဂိမ်းအခြေအနေကို အရင်တိုင်းလို့ ယူဆပြီး ပျောက်သွားတဲ့ အာဏာတစ်ဆယ်ဖိုးကို လိုက်ရှာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပိုပြီးတောင်ဖြစ်နိုင်ပါသေးတယ်။