cross

cross

Tuesday, January 3, 2017

နှစ်ပေါင်း ၁၅၀၀ အလျင်က လူ့အခွင့်အရေး ကြေညာစာတမ်း (သို့မဟုတ်) ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ၏ မိန့်ခွန်းတော်

အစ္စလာမ်ဘာသာဝင် မွတ်စ်လင်မ်များ ချစ်မြတ်နိုးလှတဲ့ လောကီ၊ လောကုတ္တရာ နှစ်ဋ္ဌာနရဲ့ ကျေးဇူးတော်ရှင် တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ကို ဆော်ဒီအာရေးဗီးယားနိုင်ငံ မက္ကာမြို့မှာ သက္ကရာဇ် ၅၇၀ခုနှစ်မှာ ဖွားမြင်တော်မူခဲ့ပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ဟာ ကမ္ဘာ့စံပြ တမန်တော်အဖြစ် ဘာသာခြား သမိုင်းသုတေသနရှင်တို့ကိုယ်တိုင် ခေတ်ကာလတိုင်းအတွက် အတုယူစရာ ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ချီးကျူးခြင်း ခံရသူလည်းဖြစ်ပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ဟာ လူသားတမန်တော် တစ်ပါးအဖြင့် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူတဲ့ တရားဒေသနာတွေကို လက်တွေ့ကျင့်သုံးပြခြင်းအားဖြင့် ပြန့်ပွားစေခဲ့သလို အုပ်ချု ပ်သူ အကြီးအကဲအဖြင့်သော်လည်းကောင်း၊ တရားရေအေးတိုက်ကြွေးသူ ဆရာသမားအဖြင့်သော်လည်းကောင်း၊ သတ္တိပြောင်မြောက်တဲ့ စစ်သူကြီး အဖြင့်သော်လည်းကောင်း၊ ရန်သူများအပေါ်မှာပင် ခွင့်လွှတ်သည်းခံ ကြေအေးပေးတတ်တဲ့ ကရုဏာရှင်အဖြင့်သော်လည်းကောင်း၊ ဖန်ဆင်းမွေးမြူ တော်မူသော အလ္လာဟ်အရှင်မြတ်အား ခ၀ပ်ရိုကျိုးရာတွင် နှိမ့်ချစွာနေတတ်သော သူတော်စင်တစ်ပါးအဖြင့်သော်လည်းကောင်း၊ မှန်ကန်သောစကားကိုသာ ပြောဆိုတတ်သော သစ္စာရှင် ကုန်သည်အဖြင့်သော်လည်းကောင်း၊ ဇနီးသည်များအပေါ် နူးညံ့သိမ်မွေ့စွာ ဆက်ဆံတတ်သည့် ခင်ပွန်းကောင်းတစ်ဦးအဖြင့်သော်လည်းကောင်း၊ တာဝန်ကျေပွန်သော ဖခင်တစ်ဦးအဖြင့်သော်လည်းကောင်း၊ ဆွေမျိုးသားချင်းများအား စောင့်ရှောက်ကူညီသည့် ဦးရီးတော်အဖြင့်သော်လည်းကောင်း၊ ၀တ္တရားပေးဆပ်သည့် တူတော်မောင်အဖြင့်သော်လည်းကောင်း၊ ကလေးသူငယ်များအပေါ် ညှာတာထောက်ထား ချစ်မြတ်နိုးသည့် အဖိုးအဖြင့်သော်လည်ကောင်း၊ သူဆင်းရဲများကို ချစ်မြတ်နိုးသည့် မာန်မာန မြူ မှုန်ခန့်ပင်မရှိသော ဂုဏ်သိက္ခာကြီးမားသူအဖြင့်သော်လည်းကောင်း၊ အိမ်နီးချင်း ၀တ္တရားကျေပွန်သော မိတ်ဆွေကောင်းအဖြင့်သော်လည်းကောင်း စသဖြင့် မဟာလူသားတစ်ဦး၏ ကောင်းမွန်လှသော ကိုယ်ကျင့်တရားများကို ပိုင်ဆိုင်ထားခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်နှင့် ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းတော်မြတ်မှာ အခုလို မိန့်တော်မူထားပါတယ်။

"စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင် (တမန်တော်မြတ် မိုဟမ္မဒ် ﷺ ) အား ကမ္ဘာခပ်သိမ်းတို့ အဖို့ ကရုဏာတော်အဖြင့်နှင့်သာလျှင် စေလွှတ်တော်မူခဲ့၏။" (ကျမ်းမြတ်ကုရ်အာန် ၂၁:၁၀၇)

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ဟာ သက်တော် ၄၀အရွယ် သက္ကရာဇ် ၆၁၀မှာ နောက်ဆုံး တမန်တော်ချု ပ်အဖြင့် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၃နှစ်တာကာလကြာမြင့်ခဲ့ပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ရဲ့ နောက်ပိုင်းမှာ ကမ္ဘာပျက်မည့်နေ့တိုင်အောင် မည်သည့်လူသားတမန်တော် အသစ်မျှ လာရောက်တော့မှာ မဟုတ်ကြောင်း၊ ကမ္ဘာ့လူသားထု တစ်ရပ်လုံး လောကီ၊ လောကုတ္တရာ နှစ်ဋ္ဌာနစလုံးမှာ အောင်မြင်တဲ့ လူသားတွေ ဖြစ်ဖို့ ကျမ်းတော်မြတ် ကုရ်အာန် နှင့် တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ ကိုယ်ကျင့်တရားတော်တွေကို လိုက်နာကျင့်သုံးကြဖို့ ဖိတ်ခေါ်တော်မူခဲ့ပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ဟာ သက်တော် ၆၃နှစ် သက္ကရာဇ် ၆၃၂ခုနှစ်မှာ အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူသွားခဲ့ပြီး ကိုယ်တော်မြတ် အလ္လာဟ်အရှင်မြတ် အမိန့်တော် မခံယူမီ လပိုင်းအနည်းငယ် အလျင်မှာ ဟာဂ်ျပြု တော်မူခဲ့ပြီး အဲဒီ ဟာဂ်ျကာလမှာ ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် နောက်ဆုံး မိန့်ခွန်းတော် တစ်ရပ် မိန့်ကြားတော်မူခဲ့ပါတယ်။ အဲဒီမိန့်ခွန်းတော်လို ပြီးပြည့်စုံတဲ့ မိန့်ခွန်းမျိုး အဲဒီခေတ်ကာလ မတိုင်မီ၊ အဲဒီခေတ်ကာလ နှင့် ကမ္ဘာပျက်မည့်နေ့တိုင် ပေါ်ပေါက်လာမဲ့ မည်သည့်ခေါင်းဆောင်မျှ မိန့်ကြားနိုင်မှာ မဟုတ်ပါဘူး။ ဒီမိန့်ခွန်းတော်ဟာ တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ တမန်တော်ချု ပ်တာဝန် ပြီးဆုံးခြင်းကို ညွှန်းဆိုနေသလို ကိုယ်တော်မြတ် ဒီလောက ကနေ ခွဲခွာသွားရဖို့ နီးကပ်လာနေကြောင်းလည်း အရိပ်အယောင်တွေပါရှိပါတယ်။

အစ္စလာမ့်ပြက္ခဒိန်ရဲ့ ဟစ်ဂျရီ သက္ကရာဇ် ၁၀ခုနစ်ဟာ အချက် ၃ချက်ကြောင့် ထင်ရှားကျော်ကြားပါတယ်။ အဲဒီ အချက်တွေကတော့....

၁။ တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ နောက်ဆုံးမိန့်ခွန်းတော်ကို ဟာဂ်ျကာလမှာ ဟောကြားခဲ့ခြင်း၊

၂။ အာရေဗီယားကျွန်းဆွယ်ရဲ့ ဒေသခံ ကိုယ်စားလှယ်တွေဟာ မိမိတို့ရဲ့ မျိုးနွယ်တွေအလိုက် တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော့်ထံ လာရောက်ပြီး အစ္စလာမ်ကို လက်ခံခဲ့ကြခြင်း၊

၃။ တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ ဖိတ်ကြားချက်ကြောင့် အနီးအနားတိုင်းပြည်တွေက ဘုရင်တွေ၊ ပြည်သူတွေ အလုံးအရင်းနဲ့ အစ္စလာမ်သာသနာကို လက်ခံခဲ့ကြခြင်း...တို့ကြောင့်ပဲ ဖြစ်တယ်။

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ဟာ နောက်ဆုံးမိန့်ခွန်းတော်ကို သက္ကရာဇ် ၆၃၂ခုနှစ်၊ ဟစ်ဂျရီ သက္ကရာဇ် ၁၀ခုနှစ် ဇိလ်ဟာဂ်ျလ ၉ရက် အာရဖွာနေ့ အာရဖသ်ကွင်းပြင်ကြီးမှာ မြောက်မြားလှစွာသော မွတ်စ်လင်မ်များကို စုစည်းပြီး အခုလို မိန့်ကြားတော်မူခဲ့ပါတယ်။

"ကြီးကျယ်မြင့်မြတ်မှန်ကန်တော်မူသော အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောပနာပြု ပြီး၊ အရှင်မြတ် ပေးသနားတော်မူထားသည်များအတွက် ကျေးဇူးတင်ရှိကြောင်း မိန့်ကြားပြီးသည့်နောက်...

အို လူသားအပေါင်းတို့...

ဒီနှစ်မှာ တွေ့ဆုံကြရသလို နောက်လာမည့်နှစ်မှာ အသင်တို့နှင့် တွေ့ရမည်၊ မတွေ့ရမည်ကို ငါကိုယ်တော်မသိပါ။ ဒါကြောင့်မို့လို့ ယခု ငါကိုယ်တော် မိန့်ကြားမည့် စကားရပ်များကို သေချာစွာ ကရုစိုက်၍ နားဆင်ကြပါ။ ယခုမိန့်ကြားမည့် စကားရပ်များကို အသင်တို့ဟာ ဒီနေရာမှာ ရောက်မလာနိုင်တဲ့သူတွေဆီကို တဆင့်ပြန်လည် ပို့ဆောင်ကြပါ။

အို လူသားအပေါင်းတို့...

အသင်တို့ဟာ ဒီလမြတ်၊ ဒီနေ့မြတ်၊ ဒီမွန်မြတ်လှတဲ့ မြို့တော်ကို လေးစားမြတ်နိုးတန်ဘိုးထားသကဲ့သို့ မွတ်စ်လင်မ်တိုင်းရဲ့ အသက်၊ စည်းစိမ်ဥစ္စာကိုလည်း လေးစားမြတ်နိုး တန်ဘိုးထားကြရမယ်။

အသင်တို့ကို ယုံကြည်စိတ်ချစွာဖြင့် အပ်နှံထားတဲ့ ပစ္စည်းဥစ္စာများကို ပိုင်ရှင်လက်ဝယ်သို့ ပြန်လည်ပေးအပ်ကြ။

အသင်တို့ဟာ မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်နာကျင်အောင် မလုပ်ကြဘူးဆိုရင် အသင်တို့ကိုလည်း မည်သူကမျှ ထိခိုက်နာကျင်အောင် လုပ်ဆောင်ကြမှာ မဟုတ်ဘူး။

သတိပြု ကြ.... အသင်တို့ဟာ အသင်တို့ကို ဖန်ဆင်းမွေးမြူ တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် မုချဧကန် တွေ့ဆုံကြရမှာဖြစ်တယ်။ အသင်တို့ရဲ့ လုပ်ရပ်တွေအားလုံးကို အလ္လာဟ်အရှင်မြတ်က စစ်ကြောမေးမြန်းတော်မူမှာဖြစ်တယ်။

အလ္လာဟ်အရှင်မြတ်ဟာ အသင်တို့အပေါ်မှာ အတိုးအညွန့် စားသုံးခြင်းကို (ဟရာမ်) တားမြစ်ပိတ်ပင်တော်မူခဲ့တယ်။ ဒါကြောင့် အတိုးအညွန့်နှင့် ပတ်သက်တဲ့ အရာမှန်သမျှကို မည်သည့်မွတ်စ်လင်မ်မျှ တောင်းခံခြင်း မပြုရ။ သို့သော် အသင်တို့ရဲ့ အရင်း (ငွေ/ပစ္စည်း) ဟာ အသင်တို့ ပိုင်ဆိုင်တာ ဖြစ်တယ်။ အသင်တို့ဟာ မည်သည့် ထိခိုက်နစ်နာမှု၊ မတရားပြု မှုကိုမျှ ခံစားကြရမှာ မဟုတ်ဘူး။ အလ္လာဟ်အရှင်မြတ်ဟာ အတိုးအညွန့်စားသုံးခြင်းကို တားမြစ်တော်မူတဲ့အတွက် ငါကိုယ်တော်ရဲ့ ဘထွေးတော် (အဗ္ဗားစ် ဘင်န် အဗ္ဗဒူလ်မုသွလစ်ဗ်) ရစရာရှိသည့် အတိုးများကို ပလပ်လိုက်ပြီ။

အသင်တို့ရဲ့ အီမာန်ယုံကြည်မှု နှင့် သာသနာရေးရာတွေမှာ ရှိုင်သွာန် မိစ္ဆာရဲ့ လှည့်စားဖြားယောင်းမှုတွေကို သတိထားကြ။ သူဟာ အသင်တို့ကို ကြီးမားတဲ့ လမ်းမှားမှုတွေ ပို့ဆောင်နိုင်ခြင်း မပြုနိုင်တော့လို့ မျှော်လင့်ချက် ကင်းမဲ့သွားပြီဖြစ်သော်လည်း အသင်တို့က အသေးအမွှားလို့ ထင်တဲ့ကိစ္စတွေမှာ သူ့ကို လက်ခံလိုက်နာကြခြင်းကြောင့် သူကျေနပ်သွားလိမ့်မယ်။

အို လူသားအပေါင်းတို့...

အသင်တို့ရဲ့ ဇနီးများရဲ့ အပေါ်မှာ အသင်တို့ရဲ့ အချို့ သော အခွင့်အရေးများရှိသလို အသင်တို့ အပေါ်မှာလည်း ဇနီးများရဲ့ အခွင့်အရေးတွေ ပေးဆပ်ကြဖို့ တာဝန်ရှိတယ်။ သတိပြု ကြ... အသင်တို့ဟာ အသင်တို့ရဲ့ ဇနီးသည်တွေကို အလ္လာဟ်အရှင်မြတ်ရဲ့ ခွင့်ပြု တော်မူခြင်းဖြင့် ယုံကြည်စွာ အပ်နှံခြင်းခံခဲ့ကြရတယ်။ သူမတို့ဟာ အသင်တို့ရဲ့ ၀တ္တရားတွေကို ကျေပွန်နေသ၍ အသင်တို့ဟာ သူမတို့ကို ချစ်ခင်ကြင်နာစွာဖြင့် ကျွေးမွေးခြင်း၊ ၀တ်စားဆင်ယဉ်ပေးခြင်းတွေ ဆောင်ရွက်ပေးရမယ်။ အသင်တို့ရဲ့ အမျိုးသမီးတွေကို နူးညံသိမ်မွေ့စွာ ဆက်ဆံကြ။ သူမတို့ဟာ အသင်တို့ရဲ့ ဘ၀အဖေါ်မွန်တွေ ဖြစ်သလို အသင်တို့ကို ကူညီသူများလည်း ဖြစ်တယ်။ သူမတို့သည်လည်း အသင်တို့ ခွင့်ပြုချက်မရရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဆွေခင်ပွန်း လုပ်ခွင့်မရှိသလို မည်သည့်အကြောင်းကြောင့်နင့်မျှ မိမိ ကာယိနြေ္ဒကို မပျက်စီးစေရ။

အို လူသားအပေါင်းတို့...

ကောင်းစွာ ကြားနာ မှတ်သားကြကုန်။ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုသာ ခ၀ပ်ကိုးကွယ်ကြ။ နေ့စဉ် ငါးကြိမ် ဆွလားသ် ၀တ်ပြုကြ။ ရမဿွာန်လမြတ်မှာ ဥပုဒ်စောင့်ထိန်းကြ။ ဇကားသ် ဆင်းရဲသားဒါနကြေး ပေးဆောင်ကြ။ တတ်စွမ်းနိုင်သူတွေ ဟာဂ်ျပြု လုပ်ကြ။

လူသားအားလုံးဟာ အာဒမ် နှင့် ဟ၀ါ တို့ရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်တယ်။ အာရဗ်လူမျိုးဟာ အာရဗ်လူမျိုး မဟုတ်သူထက် မမြတ်သလို အာရဗ်လူမျိုးမဟုတ်သူဟာလည်း အာရဗ်လူမျိုးထက် မမြတ်ဘူး။ လူဖြူ ဟာ လူမည်းထက် မမြတ်သလို လူမည်းဟာ လူဖြူ ထက် မမြတ်ဘူး။ အလ္လာဟ်အရှင်မြတ်အား ရိုကျိုးသူ၊ စာရိတ္တအားဖြင့် ကောင်းမွန်သူများက လွဲ၍ မည်သူဟာ မည်သူ့ထက် မမြတ်ဘူး။ မွတ်စ်လင်မ် တစ်ဦးနှင့်တစ်ဦးဟာ မိသားစုတစ်ခုအဖြင့် စုစည်းထားတဲ့ ညီရင်းအစ်ကိုများသာ ဖြစ်တယ်။ မွတ်စ်လင်မ်တစ်ဦးရဲ့ ပိုင်ဆိုင်မှုဟာ အခြားမွတ်စ်လင်မ်တစ်ဦးအတွက် ပေးကမ်းသူက လွတ်လပ်စွာ စိတ်လိုလက်ရ မပေးကမ်းသ၍ ရယူပိုင်ခွင့်လုံးဝ မရှိ။ မိမိကိုယ်ကို မတရား မလုပ်ကြနှင့်။

သတိပြု ကြ.. တစ်ရက်မှာ အသင်တို့ဟာ အလ္လာဟ်အရှင်မြတ်ရှေ့တော်မှာ ရောက်ရှိကြရမယ်။ အသင်တို့ ပြုကျင့်ခဲ့ကြတာတွေအတွက် စစ်ဆေးမေးမြန်းခြင်း ခံကြရမယ်။ ကောင်းစွာ သတိထားကြ။ ငါကိုယ်တော် မရှိတော့တဲ့ နောက်မှာ မှန်ကန်တဲ့သာသနာကနေ လမ်းလွဲမသွားကြလေနှင့်။

အို လူသားအပေါင်းတို့...

ငါကိုယ်တော် မရှိတော့သည့်နောက် မည်သည့် လူသားတမန်တော်မျှ ပေါ်ပေါက်လာမှာ မဟုတ်သလို မည်သည့် သာသနာအသစ်မျှလည်း ပေါ်ပေါက်လာမှာ မဟုတ်ဘူး။ ငါကိုယ်တော် မိန့်မှာချက်တွေကို ကောင်းစွာ နားလည်အောင် မှတ်သားကြ။ ငါကိုယ်တော် အသင်တို့အတွက် အရာနှစ်ခုကို ထားခဲ့တယ်။ တစ်ခုက ကျမ်းမြတ်ကုရ်အာန် ဖြစ်ပြီး နောက်တစ်ခုက ငါကိုယ်တော်ရဲ့ ကျင့်စဉ်ကျင့်ရပ်တွေ ဖြစ်တယ်။ အသင်တို့ အဲဒီအရာ နှစ်ခုအပေါ်မှာ လိုက်နာကျင့်သုံးနေသ၍ ဘယ်သောအခါမှ လမ်းမှားကြလိမ့်မှာ မဟုတ်ဘူး။

ယခု ငါကိုယ်တော် မိန့်ကြားခဲ့သည်များကို နားဆင်နေသူများဟာ အခြားသူများကို တဆင့် ပို့ချပေးကြ။ ၎င်းတို့က တဆင့် ထပ်ဆင့် ပို့ချပေးကြ။ နောက်ဆုံးကြားနာရသူတွေက ယခုငါကိုယ်တော်ထံမှ နားဆင်နေသူများကဲ့သို့ ကောင်းစွာ နားလည်သဘောပေါက်ကြအောင် ဖြန့်ချီကြ။

အသင်တို့ဟာ ငါကိုယ်တော်အတွက် သက်သေဖြစ်ကြ။ အို အလ္လာဟ်အရှင်မြတ်... ကျွန်တော်မျိုးဟာ အရှင်မြတ် မိန့်ကြားတော်မူသည်များကို အရှင်မြတ်၏ ကျေးကျွန်များထံ ပြည့်ဝစွာ ပို့ဆောင်ပေးခဲ့ပါပြီ။"

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ မိန့်ခွန်းတော် မိန့်ကြားပြီးဆုံးပြီး မကြာမီမှာပဲ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျမ်းတော်မြတ် ကုရ်အာန်ရဲ့ အောက်ပါ အာယတ်တော် ရောက်ရှိလာပါတယ်။

"....ယနေ့သော်ကား ငါအရှင်မြတ်သည် အသင်တို့အဖို့ သာသနာကို ပြီးပြည့်စုံစေတော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်တို့အဖို့ ငါအရှင်မြတ်၏ ကျေးဇူးတော်များကို အပြည့်အ၀ ချီးမြှင့်တော်မူခဲ့လေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသနာကို အသင်တို့အတွက် သာသနာအဖြင့် သဘောတူနှစ်မြို့တော်မူခဲ့လေပြီ....." (ကျမ်းမြတ်ကုရ်အာန် ၅:၃)

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ အထက်ပါ မိန့်ခွန်းတော်ကို ကမ္ဘာတစ်ဝှမ်းက လူသားတွေဆီကို နည်းလမ်းအမျိုးမျိုးဖြင့် ရောက်အောင်ပို့ဆောင်ခဲ့ကြသလို မွတ်စ်လင်မ်တွေဆီကိုလည်း ဗလီဝတ်ကျောင်းတွေ၊ ဘာသာရေး စာသင်ကျောင်းတွေမှာ ပညာရှင်များက သတိပေးဟောကြားပေးကြပါတယ်။

တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ရဲ့ ဒီမိန့်ခွန်းတော်ပါ အကြောင်းအရာများရဲ့ ရည်ရွယ်ချက် နှင့် အနက်အဓိပ္ပါယ်များဟာ လူသားများက ဖန်ဆင်းရှင်ကို ပေးဆပ်ရမည့် ၀တ္တရားများ၊ လူသားအချင်းချင်း ထားရှိရမည့် တာဝန်များ၊ လူ့အခွင့်အရေးရဲ့ အရေးကြီးပုံများ၊ အမျိုးသမီးအခွင့်အရေးများ စသဖြင့် ပြည့်စုံစွာ ပါရှိပါတယ်။ တမန်တော်မြတ် မိုဟမ္မဒ် ( ﷺ ) ကိုယ်တော်ဟာ ဒီလောကီကနေ ခွဲခွာသွားပြီ ဖြစ်သော်လည်း ကိုယ်တော်မြတ်ရဲ့ မိန့်ခွန်းတော်တွေဟာ ကမ္ဘာ့လူသားထု တစ်ရပ်လုံးအတွက် ပြည့်ဝတဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းအဖြင့်
ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ စွဲမြဲစွာ မှတ်သားထားလျှက်ပါ။

0 comments:

Post a Comment