cross

cross

Saturday, June 18, 2016

အမျိုးသမီးများအတွက်ရိုဇာဟ်အသိပညာ

အစ္စလာမ်ဘာသာတွင် အခြေအနေတိုင်းအတွက် ပြဌာန်းသတ်မှတ်ချက်များ သီးခြားစီရှိပါသည်။ အမျိုးသားတို့အတွက် အမျိုးသားအလျောက်၊ အမျိုးသမီးတို့အတွက် အမျိုးသမီးအလျောက် အမိန့်များအား လိုက်နာရာတွင် သူ့နေရာနှင့်သူ ကွဲပြားခြားနားမှုများရှိပါသည်။ အမျိုးသားနှင့် အမျိုးသမီးဟု ကွာခြားသွားကတည်းကပင် ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ခံနိုင်ရည်အင်အား စသည်များလည်း ကွဲပြားသွားပေသည်။ အပေါ်ယံအသွင်သဏ္ဍာန်များ ခြားနားသလို အတွင်းပိုင်းခန္ဓာဖြစ်တည်မှုတွင်လည်း အနည်းငယ်ခြားနားကြသည်။ အစ္စလာမ့်အမိန့်များသည် ယင်းသို့ကွာခြားမှုအား ကွာခြားမှုအတိုင်းရှိစေ၍ ပညတ်ချက်တို့အား အမျိုးသား အမျိုးသမီး သီးခြားစီ သတ်မှတ်ပေးထားသည်။ သို့သော် မွစ်လင်မ်တို့အတွင်းမှပင် အသိဥာဏ်နည်းသူတို့က ယင်းကွာခြားမှုကြီးအား တစ်မျိုးတည်းဖြစ်ရန် ကြိုးပမ်းနေကြသည်။ လွယ်ကူမှုအား ခက်ခဲစေရန် ကြိုးစားနေခြင်းပင် ဖြစ်၏။ အဲဟ်လေစွန္နသ်ဝလ်ဂျမာအသ်တွင် လွယ်ကူမှုအား လွယ်ကူမှုအတိုင်းထား၍ အမျိုးသားတို့အတွက် ပညတ်ချက်အား အမျိုးသားတို့အတွက် အမျိုးသမီးတို့အတွက် ပညတ်ချက်အား အမျိုးသမီးတို့အတွက် သီးခြားစီ ခွဲပြထားသည်။ ခံနိုင်ရည်ရှိသူအား ခံနိုင်ရှိသည်မျှသာ တာဝန်ပေးထားပါသည်။ ယခု အမျိုးသမီးတို့ ရိုဇဟ်စောင့်ထိန်းရတွင် တွေ့ကြုံ့ရမည့် ကျန်းမာရေးပိုင်းဆိုင်ရာ၊ အမျိုးသမီးပိုင်းဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက် ရှရီအသ်၏ သတ်မှတ်ချက်များအား Shareat Ya Shahadat မှ စုစည်းရေးသားထားပြီး ချစ်ပရိတ်သတ်တို့ လေ့လာမှတ်သားနိုင်ရန် ပြန်လည်ဖော်ပြလိုက်ပါသည်။ ပညာရှာဖွေဆည်းပူးသည့် ရည်ရွယ်ချက်ဖြင့် ဖတ်ရှုမှတ်သားပါ၊ ရှရီအသ်နှင့်အညီ ကျင့်သုံးနိုင်ရန်ဟူသည့် ရည်ရွယ်ချက်ဖြင့် လေ့လာကြပါရန် ပန်ကြားပါသည်။ (အလ်မုဖီးဒ်)

(၁) ရာသီသွေးနှင့် မီးတွင်းသွေးပေါ်နေသူတို့သည် နမားဇ် ဝတ်ပြုခြင်း၊ ရိုဇာ စောင့်ထိန်းခြင်းများ မပိုင်ပါ။ ကွာခြားချက်မှာ နမားဇ်သည် လုံးဝ မုအားဖ် ဖြစ်သွားသည်။ သန့်ပြန့်ပြီးနောက် နမားဇ် ကဇွာဖတ်ရန် တာဝန်မရှိ။ သို့သော် ရိုဇာသည် မုအားဖ် မဖြစ်ပေ။ သန့်ပြန့်ပြီးနောက် ကဇွာထားရမည်။ ရောဂါသွေးပေါ်နေသူ အမျိုးသမီးသည် နမားဇ်လည်း ဝတ်ပြုရမည်။ ရိုဇာလည်း စောင့်ထိန်းရမည်။ မဖတ်ဘဲနေခွင့်၊ ရိုဇာမထားဘဲနေခွင့် မရှိပါ။
မှတ်ချက်။ အကယ်၍ ဖရဇ်နမားဇ် ဝတ်ပြုရင်း ရာသီသွေး ပေါ်လာခဲ့လျှင် ၄င်းနမားဇ်သည် မုအားဖ် ဖြစ်သွားသည်။ သန့်ပြန့်ပြီးနောက် ကဇွာမလိုပေ။ သို့သော် စွန္နသ်၊ နဖိလ် နမားဇ် ဝတ်ပြုနေရင်း ရာသီသွေးပေါ်လာခဲ့လျှင် ကဇွာတာဝန် ထိုက်ပါသည်။

(၂) ဖရ်ဇ်ရိုဇာ စောင့်ထိန်းပြီးနောက် နေ့အချိန်တွင် ရာသီသွေးပေါ်လာခြင်း
ရိုဇာစောင့်ထိန်းနေစဉ် ရာသီသွေး ပေါ်လာလျှင် ရိုဇာ ပျက်ပြယ်သွားသည်။ သန့်ပြန့်ပြီးနောက် ကဇွာတာဝန် ထိုက်သည်။ ထို့အတူ နဖိလ်ရိုဇာ စောင့်ထိန်းနေစဉ်  သွေးပေါ်လာလျှင်လည်း ရိုဇာပျက်၍ ကဇွာထိုက်ပါသည်။ (မစာအေလေမုကမ်မေလေ မူဒလ်လလ်ကျမ်း)

(၃) နေ့အချိန်တွင် သန့်ပြန့်သွားခြင်း
ရမဿွာန်လတွင် နေ့အချိန်၌ ရာသီသွေး ပြီးဆုံး၍ သန့်သွားလျှင် စားသောက်ခြင်း မပိုင်တော့ပါ။ အိဖ်သွာန်ချိန်ထိ ရိုဇာထားသူကဲ့သို့ နေရန် ဝါဂျိဗ် ဖြစ်၏။ သို့သော် ဤရက်အား ရိုဇာရသည့်ရက်ဟု မသတ်မှတ်ပါ။ ၎င်းရက်အတွက်ပါ ကဇွာ ပြန်ထားရမည်။

(၄)  ညအချိန်တွင် သန့်ပြန့်သွားခြင်း
၁။ ဆယ်ရက်ဆယ်ည ရာသီသွေးပေါ်ပြီးနောက် စဟ်ရီချိန် မကုန်မီ သွေးရပ်သွားသည်။ စဲဟ်ရီကုန်ချိန်နှင့် သွေးရပ်သွားချိန်ကြားတွင် الله أكبر တကြိမ် ရွတ်ဆိုရုံမျှပင် အချိန်မရလိုက်လျှင်လည်း ထိုနေ့၏ရိုဇာကို စောင့်ထိန်းရန် ဝါဂျိဗ် ဖြစ်၏။
၂။ ဆယ်ရက်ဆယ်ညထက် နည်း၍ ရာသီသွေးပေါ်ပြီးနောက် စဟ်ရီချိန် မကုန်မီ သွေးရပ်သွားသည်။ ထိုသို့ သွေးရပ်သွားချိန်နှင့် စဲဟ်ရီကုန်ချိန်ကြားတွင် မြန်ဆန်စွာ ရေချိုးရန်မျှ အချိန်ရှိမည်။ သို့သော် ရေချိုးပြီးနောက် الله أكبر တကြိမ် ရွတ်ဆိုရန်ပင် အချိန်မရှိတော့လျှင်လည်း ထိုနေ့၏ ရိုဇာကို စောင့်ထိန်းရန် ဝါဂျိဗ်ဖြစ်သည်။ ရေချိုးရန် အချိန်မီလျှက်နှင့် ရေမချိုးဖြစ်ပါကလည်း ရိုဇာ နိယသ်ပြုလိုက်ပါ။ မနက်မှ ရေချိုးပါ။ (အထက်ပါအခြေအနေနှစ်ရပ်လုံးတွင် ထိုနေ့၏ရိုဇာကို စောင့်ထိန်းရန် တာဝန်ရှိသည်။)
၃။ သွေးရပ်ချိန်နှင့် စဲဟ်ရီကုန်ချိန်ကြားတွင် ရေချိုးရန်မျှပင် အချိန်မမီလျှင် ထိုနေ့အတွက် ရိုဇာဝါဂျိဗ်မဖြစ်တော့ပါ။ သို့သော် တစ်နေ့တာလုံး စားခြင်း၊ သောက်ခြင်းလည်း မပြုပိုင်ပေ။ ရိုဇာ စောင့်ထိန်းသူကဲ့သို့ပင် နေထိုင်ရမည်။ ကဇွာပြန်ထားရပါမည်။
မှတ်ချက်။ ရေချိုးရန် အချိန်မီသည်ဟု ဆိုရာ၌ ထိုအချိန်၌ပင် ချက်ချင်း ရေချိုးရမည်ဟု ဆိုလိုသည် မဟုတ်ပေ။ အမြန်ဆုံး ရေချိုးနိုင်သည်ခန့် အချိန်ရခြင်းကို ဆိုလိုသည်။ ထို့ကြောင့် နံနက်ချိန်မှ ရေချိုးလျှင်လည်း ပိုင်သည်။ ရိုဇာ တွင် မည်သို့မှ ဆုံးရှုံးမှု မဖြစ်ပေ။ ဝါဖြေချိန်မရောက်ခင် မိနစ်ပိုင်း အလိုတွင်ပင် သွေးပေါ်လာလျှင်လည်း ထိုနေ့၏ ရိုဇာမှာ ပျက်ပြယ်သွားမည်။စွန္နသ် ရိုဇာ ဖြစ်စေ။နဖိလ် ရိုဇာ ဖြစ်စေ။ ကဇွာပြန် ထားရမည်။

(၅) အမျိုးသမီး အဟ်သိလာမ် ဖြစ်ခြင်း
အမျိုးသမီးသည် နေ့အခါ၌ အိပ်ပျော်၍ အိမ်မက်ကြောင့် ရေချိုးရန် တာဝန်ထိုက်သွားလျှင်လည်း ရိုဇာ မပျက်ပါ။

(၆) ဂျနာဗသ်ဖြစ်နေသူသည် ရေမချိုးပဲ ရိုဇာ စောင့်ထိန်းခြင်း အမိန့်
ညအချိန်၌ ရေချိုးရန် တာဝန်ထိုက်သွားသည်။ သို့သော် ညတွင်ရေမချိုးဘဲ နံနက်မှ ရေချိုးလျှင်လည်း ရိုဇာ ပိုင်သွားမည်။ အကယ်၍ တစ်နေကုန် ရေမချိုးဘဲ နေခဲ့လျှင်လည်း ရိုဇာမပျက်ပါ။သို့သော် ဂိုနာဟ် ထိုက်မည်။
မှတ်ချက်။ ရေမချိုးရသေးလျှင်လည်း ရိုဇာ နိယသ်ပြုလုပ်ရမည်။

(၇) ရိုဇာစောင့်ထိန်းလျှက် ခင်ပွန်းနှင့်အတူ လဲလျောင်းခြင်း
ဇနီးမောင်နှံအတူ လဲလျောင်းခြင်း၊ ခန္ဓာကိုယ်ခြင်း ထိတွေ့ခြင်း၊ နမ်းခြင်းများ ပြုပိုင်သည်။ သို့သော် ငယ်ရွယ်နုပျိုသူက ယင်းလုပ်ရပ်များဖြင့် ကိုယ်လက်နှီးနှောမှု ဖြစ်သွားမည်ကို စိုးရိမ်ရလျှင် အထက်ဖော်ပြပါ ကိစ္စများ ပြုလုပ်ခြင်း မက္ကရူဟ် ဖြစ်၏။

(၈) ရိုဇာဟ်၏အခြေအနေ၌ နှုတ်ခမ်းခြင်းနမ်းခြင်းဆိုင်ရာ ပညတ်ချက်
သုတ်ရည်ထွက်သွားမည် သို့မဟုတ် မိမိကိုယ်ကိုယ် ထိန်းသိမ်းနိုင်စွမ်းမရှိလောက်အောင် ရသာအာရုံ ပြင်းထန်သွားမည်။ ထိုမှတဖန် ပေါင်းသင်းဆက်ဆံသည့်အဆင့်ထိ ရောက်ရှိသွားမည်ကို စိုးရိမ်ရပါက ဇနီးမောင်နှံ ပွေ့ဖက်ခြင်းဖြစ်စေ နမ်းခြင်းဖြစ်စေ မက္ကရူးဟ်ဖြစ်သည်။ ထိုသို့သောအခြေအနေများ ဖြစ်ပေါ်မည်ကို မစိုးရိမ်ရလျှင် မက္ကရူးဟ်မဖြစ်ပါ။ သို့သော် နှုတ်ခမ်းအားစုပ်ယူ နမ်းခြင်းနှင့် အရှက်အင်္ဂါအချင်းချင်း ထိကပ်ခြင်းတို့ဖြင့် သုတ်ထွက်သွားမည်၊ ပေါင်းသင်းမှု ပြုမိသွားမည်ဟု မစိုးရိမ်ရလျှင်လည်း ရိုဇဟ်၏ အခြေအနေ၌ ယင်းသို့ပြုခြင်း မက္ကရူးဟ်ဖြစ်၏။ နှုတ်ခမ်းစုပ်ယူနမ်းရှိုက်ရင်း ဇနီးက ခင်ပွန်း၏တံတွေးကို (သို့မဟုတ်)ခင်ပွန်းက ဇနီး၏ တံတွေးကိုမျိုချလိုက်ပါက ရိုဇာပျက်သွားမည်ဖြစ်ပြီး ကဇွာနှင့်အတူ ကဖ္ဖာရဟ်ပါ ထိုက်ပါမည်။

(၉) ကိုယ်လက် နှီးနှောခြင်း(လင်မယားပေါင်းသင်းဆက်ဆံခြင်း)
အမျိုးသားနှင့် ကိုယ်လက်နှီးနှောချိန် အမျိုးသား၏ အင်္ဂါသည် မိန်းမကိုယ်အတွင်းသို့ ကွမ်းသီးလုံးခန့် ဝင်သွားလျှင် ရိုဇာ ပျက်ပြယ်သွားမည်။ နှစ်ဦးလုံးသည် ကဇွာနှင့်အတူ ကဖ္ဖာရာဟ်ပါ ထိုက်ပါမည်။ သုတ်ထွက်သည် ဖြစ်စေ။ မထွက်သည် ဖြစ်စေ။ ထို့အတူ အမျိုးသားသည် အမျိုးသမီး၏ အနောက်လမ်းကြောင်းတွင် ဆက်ဆံရာ အရှက်အင်္ဂါမှာ အနောက်လမ်းကြောင်းတွင်းသို့ ကွမ်းသီးလုံးခန့်မျှ ဝင်ရောက်သွားလျှင်လည်း ရိုဇာပျက်သွားပြီး နှစ်ဦးလုံးပေါ် ကဇွာနှင့်အတူ ကဖ္ဖာရာဟ်ပါ ထိုက်ပါသည်။
မှတ်ချက် ။ ကဖ္ဖာရာဟ် ဟူသည်မှာ နှစ်လဆက်တိုက်(တစ်ရက်မပျက်) ရိုဇာထားရခြင်းကို ဆိုလိုသည်။ အနောက်လမ်းကြောင်း၌ ဆက်ဆံခြင်းသည် ရွံရှာဖွယ်ရာ လုပ်ရပ် ဖြစ်သည်။

*ကဖ္ဖာရဟ်
ကဖ္ဖာရဟ်ဟူသည်မှာ ကျူးလွန်မိသောအပြစ်၏ လျော်ကြေးအဖြစ် သတ်မှတ်ထားသော အစ္စလာမ့်ပညတ်ချက်ဖြစ်သည်။

*ရမ်ဇန်လရိုဇဟ်ကဖ္ဖာရဟ်
ယေဘုယျအားဖြင့် ရမ်ဇန်လ၏ရိုဇဟ်စောင့်ထိန်းနေရင်း ရိုဇဟ်ပျက်စေသောအမှုကိစ္စ တစုံတစ်ခုအား သိလျက် (ရည်ရွယ်၍) ကျူးလွန်ခြင်းဖြင့် ကဖ္ဖာရဟ်ထိုက်သည်။
ကဖ္ဖာရဟ် အစားပေးလျော်သည့် နည်း( ၃ )နည်းရှိသည်။ (က) ကျွန်တစ်ဦးအားသူကောင်းပြုခြင်း၊ (ခ) နှစ်လဆက်တိုက် ရိုဇဟ်စောင့်ထိန်းခြင်း၊ (ဂ) သူဆင်းရဲ အယောက် ၆၀အား မနက် ည ထမင်း နှစ်နပ် ဝမ်းဝအောင် ကျွေးမွေးခြင်းတို့ဖြစ်သည်။ ယခုခေတ်တွင် ကျွန် ရောင်းဝယ်သည့်စနစ် မရှိသောကြောင့် ကဖ္ဖာရဟ် ထိုက်သူသည် နှစ်လဆက်တိုက် ရိုဇဟ်စောင့်ထိန်းရမည်။ နှစ်လဆက်တိုက် ရိုဇဟ်စောင့်ထိန်းရန် အားအင်မရှိပါက သူဆင်းရဲအယောက် ၆၀အား ထမင်းနှစ်နပ် ကျွေးမွေးရမည်။

(၁၀) အဓမ္မ ပေါင်းသင်းဆက်ဆံခြင်း
အမျိုးသမီးတစ်ဦးအား အိပ်မောကျနေချိန်၊ မေ့မျောနေချိန်၊ ရူးသွပ်နေချိန်တို့တွင် ပေါင်းသင်းလိုက်ခြင်း၊ သို့မဟုတ်  အတင်းအဓမ္မပေါင်းသင်းခံရခြင်းတို့ဖြစ်ပါက အမျိုးသမီး၏ရိုဇဟ် ပျက်သွားမည်။ သို့သော် ထိုသို့သော အမျိုးသမီးအတွက် ပျက်သွားသော ရိုဇဟ်တစ်လုံး၏ ကဇွာသာ ထားရပါမည်။ ကဖ္ဖါရဟ်တာဝန်မထိုက်ပါ။ ပေါင်းသင်းသူ အမျိုးသားသည် ကဇွာအပါအ၀င် ကဖ္ဖါရဟ်၏တာဝန်ပါ ရှိမည်။

(၁၁) ရိုဇာဟ်စောင့်ထိန်းထားစဉ် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်ခြင်း
မေး။ အမျိုးသမီးသည် အိဖ်သွာရ်ပြုပြီးနောက် ရောဂါအခြေအနေကြောင့် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်သည်။ သို့မဟုတ် ရိုဇာဟ်ရှိလျှက်ဖြင့် ဆေးထည့်သည်။ ရှရီအသ်အရ မည်သို့ အမိန့်ရှိပါသနည်း။
ဖြေ။ ရိုဇာဟ်မစောင့်ထိန်းမီ မိန်းမကိုယ်အတွင်းသို့ ဆေးထည့်ခြင်းဖြင့် ရိုဇာဟ် မပျက်ပါ။ သို့သော် ရိုဇာဟ်ထားလျက်နှင့် မိန်းမကိုယ်အတွင်းသို့ ဆေးထည့်လျှင် ရိုဇာဟ် ပျက်သွားပါသည်။
သိမှတ်ဖွယ်။ အမျိုးသမီးတို့၏ မိန်းမကိုယ်အတွင်းပိုင်းသည် ဝမ်းဗိုက်နှင့်တိုက်ရိုက် ဆက်စပ်လျက်ရှိနေသောကြောင့် ရိုဇဟ်ထားနေစဉ် ခန္ဓာကိုယ်အတွင်းသို့ ရေစက်များထည့်လျှင် ရိုဇဟ်ပျက်ကြောင်း ပညာရှင်များအားလုံးက တညီတညွတ်တည်း မိန့်ထားသည်။ အမျိုးသားများမှာမူ အရှက်အင်္ဂါနှင့် ဝမ်းဗိုက်သည် တိုက်ရိုက်ဆက်နေခြင်းမရှိဘဲ ကြားခံ ကပ်ပယ်အိတ်မှတဆင့် သွားလာ၊ စီးဆင်းသောကြောင့် အမျိုးသားများရိုဇဟ်စောင့်ထိန်းနေရင်း အရှက်အင်္ဂါအတွင်းသို့ ရေစက်များ ထည့်လျှင် ဟနဖီဖိကဟ်ပညာရှင်ကြီးများအနက် အိမာမ်အဗူနီဖဟ်နှင့် အိမာမ်မုဟမ္မဒ်တို့၏ အဆိုအရ ရိုဇဟ်မပျက်ပါ။

(၁၂) ရိုဇဟ်စောင့်ထိန်းထားစဉ် ဆရာဝန်အား ကိုယ်ဝန်ပြခြင်းနှင့် လက်ချောင်းထည့်သွင်းခြင်း
ကိုယ်ဝန်ဆောင်ကာလ အစပိုင်းရက်များ၌ ကိုယ်ဝန်အခြေအနေကို ကြည့်ရန် ဆရာဝန်အမျိုးသ္မီး/ သားဖွားဆရာမ/ လက်သည်တို့က လက်အိတ်စွပ်၍ဖြစ်စေ၊ တခါတရံ လက်အိတ်မပါဘဲဖြစ်စေ အမျိုးသမီးခန္ဓာကိုယ်အတွင်းသို့ လက်ချောင်းထိုးသွင်း၍ စမ်းသပ်လေ့ရှိသည်။ ထိုအခါ၌ ဆရာဝန်မ၏ လက်ချောင်းပေါ်၌ ထိုးသွင်းမှု မပြုမီ ရေ အစရှိသည့် စွတ်စိုမှုတစုံတရာ မရှိလျှင် ရိုဇဟ်မပျက်ပါ။ အကယ်၍ စွတ်စိုသော လက်ချောင်းအား ထိုးသွင်းခဲ့ခြင်းဖြစ်လျှင် ရိုဇဟ်ပျက်သွားပါမည်။ ထိုနည်းတူ အမျိုးသ္မီးကိုယ်တိုင်ဖြစ်စေ၊ ခင်ပွန်းယောက်ျားက ထိုးသွင်းလျှင်ဖြစ်စေ အမိန့်ပညတ်ချက်မှာ အတူတူပင်ဖြစ်၏။ သို့သော် သတိပြုရမည့် အခြေအနေတစ်ခုမှာ ခြောက်သွေ့သော လက်ချောင်းအား တစ်ကြိမ်တည်းထိုးသွင်းပြီး ပြန်ထုတ်လိုက်လျှင် ရိုဇဟ်မပျက်သော်လည်း လက်ချောင်း တစ်ခုလုံး(သို့မဟုတ်) အစိတ်အပိုင်း အနည်းငယ်အား ထုတ်ပြီး ပြန်လည်ထိုးသွင်းလိုက်လျှင်မူ ရိုဇဟ်ပျက်သွားမည်။ တင်ပြပါအခြေအနေများ၌ ကဇွာသာလျှင်တာဝန်ထိုက်ပြိး ကဖ္ဖာရဟ်မထိုက်ပါ။ အမျိုးသ္မီး၏ရိုဇဟ်သာလျှင်ပျက်ပြီး ခင်ပွန်းအမျိုးသား၏ ရိုဇဟ်မပျက်ပါ။ (မော်လာနာရဖ်အသ်ကာစေမီ၏ မစာအေလေ့ရိုဇဟ်ကျမ်း၌ ဒုရ်ရေမုခ်သားရ်၊ ဗဟရှ်သီးဇေဝရ်နှင့် အဟ်စနုလ်ဖသာဝါ ကျမ်းကိုးများဖြင့် ဖော်ပြထားသည်ကို ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။)

(၁၃) ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ရိုဇဟ်
၁။ ရိုဇဟ်စောင့်ထိန်းခြင်းဖြင့် မိမိကိုယ်တိုင် (သို့မဟုတ်) ကလေးအား တစုံတရာသော ဆိုးကျိုးဖြစ်စေမည်ဟု အခိုင်အမာ ယူဆရသည်။ (ယင်းသို့ ထင်မြင်ယူဆချက်အတိုင်း လက်တွေ့ ကြုံရသည်ဖြစ်စေ၊ မကြုံရသည်ဖြစ်စေ) ရိုဇာမစောင့်ထိန်းဘဲ နေခွင့်ရှိသည်။
၂။ ကိုယ်ဝန်ဆောင်သည် ရိုဇာထားရင်း မိမိ (သို့) ကလေးငယ်၏ အသက်အား စိုးရိမ်ရလျှင် ရိုဇာဖျက်လိုက်ခြင်း ပိုင်သည်။ ထိုပုံစံအားလုံး၌ ကဇွာသာလျှင် တာဝန်ထိုက်သည်။

(၁၄) မီးဖွားခါနီးနာကျင်မူကြောင့် ရိုဇာဖျက်လိုက်ခြင်း
မေး။ ကိုယ်ဝန်ဆောင်သည် မီးဖွားခါနီး အလွန်ကိုက်ခဲနေသောကြောင့် ရိုဇာထားပြီးနောက် ဖျက်လိုက်သည်။ တဖန် ထိုနေ့နေမဝင်မီ ကလေးမွေးလိုက်သည်။ တရားတော်အရ အမိန့် မည်သို့ရှိပါသနည်း။
ဖြေ ။ အကယ်၍ ထိုအခြေနေ၌ ရိုဇာမဖျက်ခဲ့သော် ကလေး (သို့) အမျိုးသမီး၏ အသက်အန္တရာယ် စိုးရိမ်ရသည်ဟု အခိုင်အမာ ယူဆရလျှင် ရိုဇာ ဖျက်ခွင့်ရှိသည်။ ကဇွာသာဝါဂျီဗ်ဖြစ်၍ ကဖ္ဖာရာဟ် မထိုက်ပါ။ ဖော်ပြပါ အခြေအနေမဟုတ်ဘဲ ရိုဇာဖျက်ခဲ့လျှင် ဂိုနာဟ်ထိုက်သည်။ ကဖ္ဖာရာဟ် ဝါဂျီဗ်ထိုက်မည်။ သို့သော်လည်း အန္တရာယ်ရှိသောအခြေနေမဟုတ်ဘဲ ရိုဇာဖျက်ပြီးနောက် ထိုနေ့ နေမဝင်မီပင် ကလေးမွေးဖွားလိုက်လျှင် ကဖ္ဖာရာဟ် တာဝန်မရှိတော့ပါ။

(၁၅) မီးနေသည်နှင့် အားအင်ချိနဲ့နေသောအမျိုးသမီး
မေး။ မီးနေသည်(ကလေးမွေးထားသောအမျိုးသမီး)၊ အားအင်ချိနဲ့နေသော အမျိုးသမီးသည် ရိုဇာမထားနိုင်ခြင်းကြောင့် ဖိဒ်ယာဟ် ပေးလိုက်လျှင် ပိုင်ပါသလား။
ဖြေ။ ဖော်ပြပါ ပုံစံတွင် ဖိဒ်ယာဟ် ပေးခြင်းဖြင့် မလုံလောက်ပါ။ ဖိဒ်ယာဟ်ပေးပြီးနောက်ကျန်းမာရေး ပြန်လည်ကောင်းမွန်ပြီး ရိုဇာထားရန် တက်စွမ်းနိုင်လျှင် ပျက်ခဲ့သော ရိုဇာများအား ကဇွာပြန်ထားရမည်။ (မော်လာနာရဖ်အသ်ကာစေမီ၏ မစာအေလေ့ရိုဇဟ်ကျမ်း၌ အာလမ်ဂီးရ်၊ ဗဟရှ်သီးဇေဝရ်၊ အဟ်စနုလ်ဖသာဝါ၊ ဖသာဝါဒါရုလ်အုလူးမ်ကျမ်းများ၏ အကိုးအကားဖြင့် တင်ပြထားသည်ကို ပြန်လည်တင်ပြခြင်းဖြစ်သည်။)

(၁၆) နို့တိုက်မိခင်က ရိုဇဟ်မထားခြင်း
မေး။ အဟာရစာ မစားတက်သေးသော နို့စို့ကလေးငယ်၏မိခင်အတွက် ရမဿွာန်လမြတ်တွင် ရိုဇဟ်ထားခြင်းနှင့်ပတ်သက်သည့်အမိန့် မည်သို့ရှိပါသနည်း။ အဘယ်ကြောင့်ဆိုသော် မိခင်က ရိုဇဟ်ထားလိုက်ခြင်းကြောင့် ကလေးငယ်အတွက် နို့မလုံလောက်ပါ။ ကလေးငယ်မှာ ဆာလောင်နေရသည်။
ဖြေ။ မိခင်၏ ရိုဇဟ်ထားခြင်းကြောင့် မိခင်(သို့)နို့စို့ကလေးသည် ဆာလောင်မှုဒဏ် မခံနိုင်ဖြစ်နေလျှင် မိခင်က ရိုဇဟ်မထားဘဲ နေခွင့်ရှိသည်။ နောက်မှ ကဇွာပြန်ထားရမည်။(အားပ်ကေမစာအိလ်အောင်ရ် အွန်းကာဟလ်)

(၁၇) နို့တိုက်ကျွေးခြင်းဖြင့် မိခင်၏ရိုဇဟ် ပျက်၊ မပျက်
မေး။ နို့တိုက်ကျွေးခြင်းဖြင့် မိခင်၏ ရိုဇဟ်နှင့် ဝူဇူ ပျက်ပါသလား။
ဖြေ။ ရိုဇဟ်နှင့် ဝူဇူ နှစ်ခုလုံး မပျက်ပါ။ (မစာအေလေ့ရိုဇဟ်၊ မော်လာနာရဖ်အသ် ကာစေမီ၊ ဖသာဝါဒါရုလ်အူလူးမ်နှင့် ရဒ်ဒုလ်မုဟ်သားရ်ကျမ်းတို့အား ကိုးကားသည်။)

(၁၈)  ရိုဇဟ်ထားလျက် နှုတ်ခမ်းနီဆိုးခြင်း
မေး။ ရိုဇဟ်ထားလျက် နှတ်ခမ်းနီဆိုးခြင်း ပိုင်ပါသလား။
ဖြေ ။ ပိုင်သည်။ သို့သော် ပါးစပ်အတွင်းသို့ ဝင်ရောက်သွားမည်ကို စိုးရိမ်ရလျှင် မက္ကရူဟ်ဖြစ်သည်။

(၁၉)  ရိုဇာဟ်ထားလျက် ကလေးငယ်အား အစာ ဝါးကျွေးခြင်း
မိမိပါးစပ်ဖြင့် အစာဝါး၍ ကလေးငယ်အား ကျွေးမွေးခြင်း မက္ကရူဟ် ဖြစ်သည်။ သို့သော် မဖြစ်မနေ ဝါးကျွေးရမည့် အခြေနေကြုံရလျှင် မက္ကရူဟ်မဖြစ်ပါ။ ဝါးကျွေးခြင်းပိုင်ရန်အတွက်အနား၌ ဟိုင်းဇ် (သို့မဟုတ်) နိဖားစ် ဖြစ်နေသူ၊ ရိုဇဟ်မစောင့်ထိန်းသူများ မရှိရပါ။ ဤသို့သော်သူများရှိနေပါလျက် ရိုဇဟ်စောင့်ထိန်းသူမိခင်က ဝါးကျွေးခွင့် မရှိပါ။ထိုနည်းတူစွာ အစာပျော့ပျော့နှင့် နို့ အစရှိသည်တို့ မရနိုင်သော အခြေနေဖြစ်ရမည်။ ရရှိနိုင်ပါက ဝါးကျွေးခွင့်မရှိ။

(၂၀) ဝါးကျွေးရင်း မတော်တဆ အစာလုတ်မျိုမိခြင်း
ရိုဇဟ်ထားလျက် အခြားသူအား အစာကျွေးရန် ဝါးနေရင်း မျိုချမိလျှင် ကဇွာသာ ဝါဂျီဗ်ထိုက်မည်။ ကဖ္ဖာရာဟ်မထိုက်ပါ။

(၂၁) နှုတ်လျှာဖြင့် မြည်းစမ်း၍ ထွေးထုတ်လိုက်ခြင်း
မြည်း၍ ထွေးထုတ်လိုက်လျှင် ရိုဇဟ်မပျက်ပါ။ သို့သော် မလိုအပ်ဘဲ ပြုလုပ်လျှင် မက္ကရူဟ်ထိုက်သည်။ ခင်ပွန်းက အလွန်ဒေါသကြီးသူဖြစ်ခြင်းကြောင့် အစားအသောက်တွင် ဆားအပေါ့၊ အငန် ဖြစ်သွားလျှင် မိမိအား စိတ်ဆိုးမည်ကို စိုးရိမ်ရလျှင် မြည်းစမ်းခွင့် ရှိသည်။ မက္ကရူဟ်မဖြစ်ပါ။

(၂၂) ရာသီသွေးပေါ်နေသူသည် ရမ်ဇာန်လ၌ စားသောက်ခြင်း
မေး။  အမျိုးသမီးသည် ရမ်ဇာန်လမြတ်၌ ရာသီသွေးပေါ်နေသောကြောင့် ရိုဇဟ် မစောင့်ထိန်းဘဲ နေ့အချိန်၌ စားသောက်ခြင်း ပိုင်ပါသလား။
ဖြေ။ ပိုင်သည်။သို့သော် အများသူငှာ ရှေ့မှောက်၌ မစားသောက်ရပါ။

ရာသီမလာစေရန် ဆေးသောက်ခြင်းနှင့် ဆေးထိုး၊ သွေးသွင်းခြင်းဆိုင်ရာ ပညတ်ချက်တို့အား အောက်ပါလင့်တွင် ဆက်လက်ဖတ်ရှုပါ။
http://aaitee.blogspot.com/2016/06/blog-post_12.html


0 comments:

Post a Comment