လောက ကမ္ဘာကြီးကို လူတို့အတွက် ရှုချင့်စဖွယ်ဖြစ်အောင် ဖန်ဆင်းပေးထားသည်။ ထိုသို့ ဖန်ဆင်းပေးထားရခြင်း၏ အကြောင်းအရင်းကို ကုရ်အာန်ကျမ်း စူရဟ် ကဟဖ်တွင် အောက်ပါအတိုင်း မိန့်ထားပေသည်။ اِنَّاجَعَلْنَا مَاعَلَي الْاَرْضِ زِيْنَةً لَّهَالِنَبْلُوَهُمْ اَيُّهُمْ اَحْسَنُ عَمَلًا وَاِنَّالَجعِلُوْنَ مَاعَلَيْهَاصَعِيْدًاجُرُزًا "ဧကန်မလွဲ ငါအရှင်မြတ်သည် လူတို့အား ၎င်းတို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာ ပထဝီမြေပေါ်၌ ရှိကုန်သော အရာဝတ္ထုများကို ငါအရှင်မြတ်သည် ယင်းပထဝီမြေ၏ အလှများ ပြုလုပ်တော်မူခဲ့လေ၏။ တစ်ဖန် ငါအရှင်မြတ်သည် ယင်းပထဝီမြေပေါ်၌ ရှိရှိသမျှတို့ကို အမှန်ပင် သွေ့ခြောက်သော မြေတလင်းအဖြစ် ပြုလုပ်တော်မူမည့် အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။ " (စူရဟ်ကဟဖ်၊ အာယသ် ၇၊ ၈) ဤသည်မှာ ကျွန်ုပ်တို့လက်ရှိ မြင်တွေ့ နှစ်သက်နေသည့် ကမ္ဘာကြီးကို လှပအောင်ပြုလုပ်ပေးထားခြင်း ရည်ရွယ်ချက်ပင်ဖြစ်သည်။ လောက၏ လှပမှုကို အခြေခံပြီး မည်သူက အလ္လာဟ်အမိန့်များကို နာခံလိုက်နာသနည်းဟူသည်ကို စစ်ဆေးရန်ဖြစ်သည်။ ကမ္ဘာ၏ အလှအပ သာယာကြည်နူးဖွယ် စိမ်းစိုနေမှုတို့သည် တစ်နေ့တွင် ချုပ်ငြိမ်း၍ မြေပြင်ကြီးအဖြစ်သာ ပြုလုပ်လိုက်မည်ကိုလည်း အလ္လာဟ်အရှင်မြတ်က အထက်ပါ အာယသ်တွင် သတိပေးထား၏။ ထို့ကြောင့် လောက၏ စိမ်းစိုသာယာမှုတို့သည် နေ့ရက်အနည်းငယ်အတွက်သာ ဖြစ်ပေသည်။ အမြဲအတွက်မဟုတ်။ အမြဲတန်း သာယာလှပနေခြင်းကို ဤလောကအတွက် မသတ်မှတ်ထားပေ။ ကျွန်ုပ်တို့လူသားတို့သည် ဝတ်ရည်စုပ်ငှက်ပမာ လောကဥယျာဉ်ထဲရောက်လာပြီး မတည်မြဲသည့် ချိုမြိန်မှုတို့ကို မြည်းစမ်းကာ ရွှင်မြူး တွန်ကြူးနေလေသည်။ တစ်နေ့တွင် ဤသာယာချိုမြိန်မှုအပေါင်းကို စွန့်လွှတ်သွားရမည့်အကြောင်း၊ ရတနာသိုက်၏ သော့များကို ရှာဖွေရန်၊ အမြဲပျော်နေရမည့် နေရာမဟုတ်ကြောင်းတို့ကို မေ့နေကြသည်။ ဤ ခဏတာပျော်နေ ရွှင်နေ၊ ကြည်နူးနေရခြင်းကို စိတ်ချမ်းမြေ့မှုအစစ်၊ ပျော်ရွှင်မှုအမှန်ဟု စိတ်တွင် မှတ်ယူနေကြသည်။ ပျော်ရွှင်ချမ်းမြေ့မှုအစစ်အမှန်မှာ မကုန်ဆုံး မရပ်တန့် နောက်ကြောင်းပြန်မလှည့်မည့် ဌာနေ၏ ပျော်ရွှင်မှုသာလျှင် ဖြစ်ပေသည်။ ထိုနေရာ၏ စိတ်ချမ်းမြေ့မှုတို့သည် မည်သည့်အခါမှ ကုန်ဆုံးမည်မဟုတ်ပါ။ ထိုသို့ မကုန်ဆုံးမည့်နေရာမှ ချမ်းမြေ့သာယာမှုကသာလျှင် ပျော်ရွှင်မှု စိတ်ချမ်းသာမှုအစစ်အမှန် ဖြစ်ပါသည်။
အာခိရသ်အတွက် စိုက်ပျိုးရမည့်နေရာ လောကပါ
အလ္လာဟ်အရှင်မြတ်က ဤသာယာလှပသည့် ကမ္ဘာကို ဖန်ဆင်းထားရခြင်းမှာ ၎င်းကို အသုံးချ၍ နောက်ရလာမည့် လောကတစ်ခုကို အဆင်သင့် သာယာလှပစိမ်းစိုနေအောင် ပြုလုပ်ရန်အတွက် ဖြစ်သည်။ သို့သော်လူသားသည် ဒွန္နယာတွင်သာ ပျော်မွေ့နေပြီး အာခိရသ်အတွက် တွေးပူခြင်း မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဒွန္နယာတွင် ဇနီး၊ သားသမီး၊ ခင်ပွန်း၊ ဥစ္စာဓန၊ ငွေကြေးများ၊ လယ်ယာကိုင်းကျွန်းများကို လူသား၏ အဆင်တန်ဆာအဖြစ် ပေးအပ်ထားသည်။ ဤအရာတို့ဖြင့် လူတို့သည်လည်း ဂုဏ်ယူမှုပြုကြပေသည်။ သို့ရာတွင် အကောင်းဆုံးသော ရလဒ်သည် အလ္လာဟ်ထံပါးတွင်သာ ရှိပြီး ဒွန္နယာတွင် ရလဒ်ကောင်းအစစ် မရှိပေ။ အလ္လာဟ်ထံမှ အကောင်းဆုံးသော ရလဒ်ကို ရယူနိုင်ရန် ဤလောကမှ အသင့်ပြင်သွားရမည်။ ဒွန္နယာဟူသည် အာခိရသ်အတွက် စိုက်ပျိုးရမည့် လယ်ယာပင် ဖြစ်သည်။ လောက၏ နှစ်သက်မြတ်နိုးဖွယ်ရာတို့ကို အရင်းတည်ပြီး နောင်တမလွန်ကို စည်းကားလှပကောင်းမွန်အောင် ကြိုးပမ်းရပေမည်။
ဟဒီးစ်တော်များတွင် "လောကသည် တမလွန်၏ ယာမြေဖြစ်သည်" ဟူသည့် စာသားကို ဤသို့ရှင်းပြထားသည်။ ဂျန္နသ်သည် လွင်တီးခေါင်ပြင်ဖြစ်၏။ အီမာန်ရှင်၏ ကျင့်ဆောက်တည်မှုတို့က ဂျန္နသ်၏လွင်ပြင်ကို ဥယျာဉ်ဖြစ်စေမည်။ လောကတွင် ကျွန်ုပ်တို့ စွန္နသ် ၁၂ရကအသ်ဖတ်လိုက်လျှင် ဂျန္နသ်တွင် အဆောက်အဦးတစ်ခု အဆင်သင့်ဖြစ်သွားသည်။ ဤလောကတွင် စွဗ်ဟားနလ်လာဟ် တစ်ကြိမ်ဖတ်လျှင် ဂျန္နသ်တွင် သစ်ပင်တစ်ပင် ပေါက်လေသည်။ ကျွန်ုပ်တို့က လောကတွင် အလ္လာဟ်၏ အိမ်ပြုလုပ်လျှင် အလ္လာဟ်အရှင်မြတ်က ဂျန္နသ်တွင် ကျွန်ုပ်တို့အတွက် ရွှေအုတ်ငွေအုတ်တို့ဖြင့် နန်းတော်တစ်ခု အဆင်သင့်ပြုလုပ်လိုက်သည်။ အကယ်၍သာ ဤလောကမှ နေ၍ ဂျန္နသ်ကို ဆင်ယဉ်စိုက်ပျိုးခြင်းများ မပြုထားလျှင် ဂျန္နသ်သည် လွင်ပြင်သာဖြစ်နေမည်။ အီမာန်ရှင်တိုင်း၏ ဂျန္နသ်သည် ၎င်းတို့ပြုလုပ်ခဲ့သည့်အမလ်နှင့်အညီ စည်ကား၍ စိမ်းစိုလှပနေပါမည်။ (ဂျန္နသ်အတွက် ဤလောကမှနေ၍ စိုက်ပျိုးရပြီး အသီးအပွင့်ကို ဂျန္နသ်ရောက်သည့်အခါ ခံစားစံစားရမည်။ ရှင်းရှင်းပြောရလျှင် မသေမီလောကမှနေ၍ ကောင်းမှုလုပ်ပါ။ သေပြီးနောက်တွင် လှပသည့် ဂျန္နသ်ကို အဆင်သင့်ရမည် ဖြစ်ပါသည်။
(အိလ်မီးခုသ်ဗားသ်)
Tags:
islamic