cross

cross

Monday, June 27, 2016

ကဒရ်ညမြတ်ဆိုင်ရာ မဆ်အလဟ် - ဓမ္မသတ်များ

ရေးသားသူ >> မုဖ်သီအိဒ်ရီးစ်

(မဇွာဟေရီ)ဖိကဟ်၊ ဟဒီးဆ်အတန်းပြဆရာ
ဂျာမိအဟ်ဒါရုလ်အုလူးမ်၊ ဂျာမိအဟ်အဆ်အဒီယဟ် ခသွီးဗ်- မဒါးမတ်စ်ဂျိဒ် (အလ်မီဇားန် ၄တွင်ပါဝင်သော ဆောင်ပါးအား ကူးယူဖော်ပြသည်။)

"ကဒရ်ညဥ့်မြတ်ဟူသည်"
ရမဇာန်လမြတ်၏ ညများအတွင်းဝယ် "ကဒရ်" ဟုခေါ်တွင်သော ညဥ့်တစ်ညဥ့်ရှိသည်။ ယင်းညဥ့်သည် မြောက်မြားစွာသော ဗရ်ကသ်မင်္ဂလာများနှင့် ပြည့်စုံသောညဥ့်ဖြစ်သည်။ ကုရ်အာန်ကျမ်း၌ ယင်းညဥ့်သည် လပေါင်းတစ်ထောင်ထက် သာပို၍မြတ်ကြောင်း ဖော်ပြထားသည်။ လပေါင်းတစ်ထောင်တွင် (၈၃)နှစ်နှင့်(၄)လရှိသည်။ ဤကဲ့သို့ ဗရ်ကသ်မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောညဥ့်မြတ်၌ တစ်ညတာ အိဗာဒသ်ပြုခွင့်ရသူသည် အလွန်ပင်နဖူးစာကောင်းသူဖြစ်ပြီး တစ်ညတည်းအိဗာဒသ်ပြုရုံဖြင့်(၈၃)နှစ်နှင့်(၄)လ အချိန်ကာလ အိဗာဒသ်ပြုလုပ်သော အကျိုးထက် သာပိုသောအကျိုးစဝါးဗ်များကို ရရှိပိုင်ဆိုင်သွားတော့သည်။ လပေါင်းတစ်ထောင်ထက် ပိုမြတ်သည့်အတွက် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ကျေးဇူးတော်တစ်ရပ်သာဖြစ်သည်။ ဒုရ်ရေမန်ဆူးရ်ကျမ်း၌ ဟဇ်ရသ်အနတ်စ်(ရဟ)သခင်၏ ဆင့်ပြန်ချက်လာသည်။  ကဒရ်ညဥ့်မြတ်သည် ငါတမန်တော်၏ အုမ္မသ်များအပေါ် အလ္လာဟ်အရှင်မြတ်က ကရုဏာပြု၍ချပေးခြင်းဖြစ်သည်။ ယခင်အုမ္မသ်များသည် ဤညဥ့်မြတ်အားမရရှိခဲ့ကြ ဟူသည့် ဆင့်ပြန်ချက်အား ဖော်ပြထားသည်။ အချို့ဟဒီးဆ်တော်များ၌ ကိုယ်တော်မြတ်(ဆွလ္လာဟုအလိုင်ဟေဝစလာမ်)သည် ရှေးအုမ္မသ်များ၏ အလွန်ရှည်လျား သောသက်တမ်းကို တွေ့မြင်တော်မူပြီး မိမိအုမ္မသ်များ၏သက်တမ်းမှာ အလွန်ပင်တိုတောင်းလွန်းသည့်အတွက် ကောင်းမြတ်သော အမလ် ပြုကျင့်ရာ၌ ရှေးအုမ္မသ်များနှင့်တန်းတူဖြစ်လို၍ ပူဆွေးသောက ရောက်ရှိနေသည့်အတွက် အလ္လာဟ်အရှင်မြတ်သည် မိမိအချစ်တော်၏ အုမ္မသ်အတွက် ရှေးအုမ္မသ်များ၏ ကောင်းမှုများနှင့် တူညီနိုင်စေရန် ဤကဒရ်ညဥ့်မြတ်ကိုချီးမြှင့်တော်မူခဲ့သည်။" ဟုဖော်ပြထားသည်။ နဖူးစာကောင်းသူတစ်ဦးသည် မိမိသက်တမ်းတစ်လျှောက်၌ ဤညဥ့်မြတ်အား (၁ဝ) ကြိမ်တိုင်တိုင်ကြုံခွင့်ရပြီး (၁ဝ)ညဥ့်လုံး အေဗာဒသ်ပြုခွင့်ရပါက ၎င်းအဖို့ နှစ်ပေါင်း(၈၃၃)နှစ်နှင့်(၄)လထက်သာပိုသည့်အိဗာဒသ်၏ အကျိုးစဝါးဗ်ကို ရရှိမည်မှာ မလွဲမသွေပင်။

အချို့ဆင့်ပြန်ချက်များ၌ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စ်လာမ်) သည် လပေါင်းတစ်ထောင်တိုင် ဂျိဟားဒ်ပြုခဲ့သော ဗနီအိစ်ရာအီလ် ပုဂ္ဂိုလ်တစ်ဦးအကြောင်း မိန့်ကြားတော်မူသောအခါ ဆွဟာဗဟ်(ရသွီ)သခင်ကြီးများသည် ၎င်းပုဂ္ဂိုလ်အပေါ်အားကျကြသောကြောင့် အလ္လာဟ်အရှင်မြတ်သည် ဤညဥ့်မြတ်အားချီးမြှင့်တော်မူခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။ အခြားဆင့်ပြန်ချက်တစ်ရပ်၌ ကိုယ်တော်မြတ်(ဆွလ္လာဟ်ဟုအလိုင်ဟေဝပ်စ်လာမ်)သည် ဗနီအိစ်ရာအီလ် အနွယ်ဝင်များဖြစ်ကြသော ဟဇ်ရသ်အိုင်ယူဗ်(အလိုင်ဟစ်စလာမ်)၊ ဟဇ်ရသ်ဇကရီယာ(အလိုင်ဟစ်စလာမ်)၊ ဟဇ်ရသ်ဟစ်ဇ်ကီးလ် (အလိုင်ဟစ်စလာမ်)နှင့် ဟဇ်ရသ်ယူရှအ်(အလိုင်ဟစ်စလာမ်)၊ တို့၏ နှစ်ပေါင်း(၈ဝ)တိုင် အလ္လာဟ်အရှင်မြတ်အား အိဗာဒသ်ပြုခြင်း၌ မွေ့လျော်ခဲ့ကြပြီး မျက်စိတစ်မှိတ်ခန့်မျှပင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့် ဆန့်ကျင်သောအပြုအမူ မပြုခဲ့ကြသည့်အကြောင်း မိန့်ကြားတော်မူရာ ဆွဟာဗဟ်(ရသွီ)သခင်ကြီးများသည် အလွန်ပင်အံ့သြကြ၍ (မိမိတို့၏တိုတောင်းသောသက်တမ်းအပေါ်) သောကရောက်ကြလေသည်။ ထိုအချိန်မှာပင် ဟဇ်ရသ်ဂျိဗ်ရာအီးလ်(အလိုင်ဟစ်စလာမ်)ရောက်ရှိလာပြီး "စူရာဟ်ကဒရ်" ဖတ်ပြလေသည် ဟုဖော်ပြထားသည်။

အထက်ပါဆင့်ပြန်ချက်များအပြင် အခြားဆင့်ပြန်ချက်များလည်းရှိသည်။ ဤသို့ကွဲလွဲမှုရှိသော ဆင့်ပြန်ချက် အများအပြားဖြစ်ရခြင်းမှာ တစ်ချိန်တည်းမှာပင် အထက်၌တင်ပြခဲ့သော အကြောင်းအရာများဖြစ်ပေါ်၍ ဤစူရဟ်ကျရောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ မည်သည့်အကြောင်းကြောင့် ကျရောက်သည်ဖြစ်စေ ဤညဥ့်မြတ်သည် အုမ္မသိမုဟမ္မဒီယဟ်အတွက် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော ဆုလာဘ်တော်ပင် ဖြစ်သည်။ ထိုညဥ့်မြတ်၌ အမလ်ကောင်းမှုများ ပြုနိုင်ရခြင်းသည်လည်း ထိုအရှင်မြတ်၏ စွမ်းအားပေးမှုကြောင့်သာဖြစ်သည်။ (ဖဇာအေလေရမဇာန်မုဘာရတ်က်ကျမ်း၊ စာ-၃၅) (မဇွာဟစ်ရ်ဟတ်က် ဂျဒီးဒ်ကျမ်း၊ တွဲ-၂၀၊ စာ-၆၇၉)

ယခု ကဒရ်ညနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို တင်ပြပေးပါမည်။

၁။ မဆ်အလဟ် (မေးခွန်းတစ်ခု၏အဖြေ)
ကဒရ်ညဥ့်မြတ်သည် လပေါင်းတစ်ထောင်ထက်ပို၍မြတ်ရာ ထိုလပေါင်းတစ်ထောင်အနက် နှစ်စဉ် တစ်နှစ်တွင်တစ်ည ဖြစ်သော ကဒရ်ညဥ့်များကိုလည်း ရေတွက်ရမည်လား ဟူသည့်မေးခွန်း ဖြစ်ပေါ်လာ၏။ သဖ်စီရ်ပညာရှင်ကြီးများက ဤနေရာ၌ လပေါင်းတစ်ထောင်ထက် မြတ်သော ညဥ့်ဟုဆိုထားရာ၌ ထိုလပေါင်းတစ်ထောင်အတွင်း၌ ကဒရ်ညဥ့်မြတ်မပါဝင်" ဟုတင်ပြကြသည်။ (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊စာ၇၉၄)

၂။ မဆ်အလဟ်
တစ်ကမ္ဘာလုံး၌ ကဒရ်ညဥ့်မြတ်သည် တစ်ချိန်တည်းဖြစ်ပါသလား ??
တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ နေဝင်နေထွက်ကွဲလွဲမှုရှိသည့်အလျောက် ကဒရ်ညဥ့်သည်လည်းကွဲလွဲ၍ဖြစ်ပေါ်မည်ကို မည်သည့်စောဒကမျှမတက်နိုင်ပါ။ နိုင်ငံတိုင်း၊ ဒေသတိုင်းသည် မိမိတို့နိုင်ငံဒေသအလိုက် ကဒရ်ညဥ့်မြတ်ကိုသတ်မှတ်ကြပေမည်။ ထိုဒေသ၏ ထိုညဥ့်၌ ကဒရ်ညဥ့်မြတ်၏ဗရ်ကသ်များ ရရှိကြလိမ့်မည်ဖြစ်သည်။ (မအာရိဖုလ်ကုရ်အာန်ကျမ်း၊ တွဲ-၈၊ စာ-၇၉၃)

0 comments:

Post a Comment