၁၉၆၄ခုနှစ် အထိ မြန်မာ ၁ကျပ် = ထိုင်း ၁၀ ဘတ်...တဲ့။
၁၉၇၈ခုနှစ် အထိ မြန်မာ ၁ကျပ် = ဂျပန် ယန်း ၁၀၀...တဲ့။
မြန်မာငွေ ၁ ပြားဟာ ...ဂျပန်ငွေ ၁ ယန်းနဲ့ ညီခဲ့ပါသတဲ့ကွယ်။
အဲ့ဒီခေတ် အဲ့ဒီကာလ အရှေ့တောင်အာရှမှာ ရန်ကုန်တက္ကသိုလ်ဟာ
အဆင့်မီ အတန်းမီ ဖြစ်ခဲ့ဖူးသတဲ့ ညီ ညီမလေးတို့ရယ်။
အဲ့ဒီခေတ် အဲ့ဒီကာလ အရှေ့တောင်အာရှမှာ မင်္ဂလာဒုံလေဆိပ်သာ
အဆင့်အမီဆုံး ဖြစ်ခဲ့ဖူးပါသတဲ့။
ယိုးဒယားတွေ မင်္ဂလာဒုံလေဆိပ်ကို လာကြည့်ပြီး ပုံစံယူ ဆောက်လုပ်ခဲ့ကြရသတဲ့။
စင်္ကာပူဆိုတဲ့ တံငါရွာလေးကို ခေတ်မီမြို့ပြကြီးအဖြစ် တည်ဆောက်ဖို့
ရန်ကုန်ရွှေမြို့တော်ကြီးကို လာရောက်ကြည့်ရှု နမူနာယူ အတုခိုးခဲ့ကြရသတဲ့။
ခုများတော့ကွယ်
ယိုးဒယားကို မမီကြတော့ဘူး။
မလေးရှားအောက် ရောက်နေကြရပြီ။
စင်္ကာပူကို ငေးမောနေကြရပြီ။
ဗီယက်နမ်တွေတောင် ကျော်တက်ကုန်ပါပြီကော။
ရင်နာစရာ ကောင်းလွန်းလှပါပြီကွယ်။
ကိုယ့်ကိုယ်ကို မြန်မာဟေ့လို့ ...ဘယ်နား သွားအော်ဝံ့ကြလို့လဲ။
ခေါင်းတွေကို ငုံ့ထားကြရပြီ...ညီ ညီမလေးတို့ရယ်။
ခေါင်းတွေကို ဝှက်ထားကြရပြီ...ညီ ညီမလေးတို့ရယ်။
အင်မတန်မှ ရှက်စရာကောင်းလွန်းနေပါပြီကောကွယ်။
အခု ဗမာပြည်က ဘာကျက်သရေမှ မရှိတော့ဘူး ညီ ညီမလေးတို့ရေ။
ပေးတာယူ ကျွေးတာစား ခိုင်းတာလုပ်နေကြရတဲ့ ခေတ်သစ် ကျွန်မျိုးကျွန်နွယ်ကြီး ဖြစ်ခြင်းလှလှ ဖြစ်ကုန်ကြပြီ။
တစ်ချိန်တုန်းက ကိုယ့်ကို မော်ကြည့်ပြီး ကိုယ့်ကို အတုခိုးခဲ့ကြရတဲ့
စင်္ကာပူကို မလေးရှားကို ယိုးဒယားကို
မြန်မာတွေ မော်ဖူးနေကြရပြီ။
ပေးလိုသလောက်ပဲ ပေးကြပါ/ ခိုင်းလိုသမျှ ခိုင်းကြပါ...ဆိုပြီး
မျက်နှာအောက်ချ အနှိမ်ခံဘဝနဲ့ လူဦးရေ သန်းပေါင်းများစွာသော လူသားရင်းမြစ်တွေဟာ
သူတို့ရဲ့ လုပ်အားအရင်းအနှီးတွေ ပေးဆပ်နေကြရကုန်ပြီ။
ကိုယ့်မြန်မာတွေရဲ့ ကာယဉာဏ လုပ်အားတွေနဲ့ သူတို့တွေဘဝ
မြင့်သထက်မြင့်အောင် လုပ်ဆောင်နေကြကုန်ပြီ။
မောစရာ ဘယ်လောက်ကောင်းလိုက်သလဲကွယ်။
ညီ ညီမလေးတို့တွေ စဉ်းစားကြည့်ကြစမ်းပါ။
ညီ ညီမလေးတို့တွေ သုံးသပ်ကြည့်ကြစမ်းပါ။
အဲဒီခေတ် အဲဒီကာလရဲ့ ဂုဏ်တွေ ဒြပ်တွေ အရှိန်အဝါတွေ
မြောင်းထဲထိုးကျသွားအောင် ဘယ်သူတွေ လုပ်ခဲ့ကြတာလဲ။
ဘယ်သူတွေ စည်းမဲ့ကမ်းမဲ့ ရမ်းကားခဲ့လို့ ခုလောက် စုတ်ပြတ်သတ်သွားခဲ့ရတာလဲ။
ရှင်ပြုတုန်းက ရွှေထီးဆောင်းဖူးခဲ့တာ အရသာခံဖို့ ပြောနေတာမဟုတ်ဘူး။
အလွဲအမှားလုပ်ခဲ့တဲ့သူတွေ အလွဲအမှားလုပ်ခဲ့တာကို သိရှိနားလည်ကြဖို့ ပြောတာပါ။
အလွဲအမှားလုပ်ခဲ့တဲ့သူတွေရဲ့ အလွဲအမှားလမ်းစဉ်တွေကို
စွန့်ပယ်ခဲ့ကြဖို့ ပြောတာပါ။
#အလွဲလွဲအမှားမှားလုပ်ခဲ့ဖူးသူတွေကို မောင်းချကြဖို့ပြောတာပါ။
ညီ ညီမလေးတို့တွေ အတိတ်သမိုင်းတွေကိုမေ့ပြီး လူဖြစ်တွေ ဆက်ရှုံးကြရမယ့်လမ်းကို
မလျှောက်မိကြဖို့ ပြောတာပါကွယ်။
ကိုယ့်လမ်းကိုယ် ရွေးခွင့်ရကြပါလျှက် မိလ္လာတွင်းထဲ ငုပ်ထိုးဆင်းလျှောက်မိတဲ့အဖြစ်
မရောက်ကြစေဖို့ ပြောနေတာပါ ညီညီမလေးတို့ရယ်။
ငပိရည်ကျဲကို ဆားဖြူးစားမယ်ဆိုတဲ့စကားက ရှက်စရာကြီးပါကွယ်။
အမျိုး ဘာသာ သာသနာကို ငတ်ငတ်ပြတ်ပြတ်ဘဝနဲ့ စောင့်ရှောက်နေလို့ မရဘူးကွယ့်။
အမျိုး ဘာသာ သာသနာကို ပညာ ဗဟုသုတ နိမ့်ပါးစွာနဲ့ စောင့်ရှောက်နေလို့ အလကားကွယ့်။
အပ်တိုတစ်ချောင်းတောင် မလုပ်တတ်မှတော့ ဘာသာ သာသနာကို
ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်တော့မလဲကွယ်။
သွားကြားထိုးတံတောင် ပြည်ပက မှာယုသုံးစွဲနေရသူတွေက
ဘာသာ သာသနာကို ဘယ်လိုမြှင့်တင်စောင့်ရှောက်နိုင်ကြမလဲကွယ်။
အငတ်ခံပြီး စောင့်ရှောက်တဲ့ခေတ် အသတ်ခံပြီးစောင့်ရှောက်တဲ့ခေတ်တွေ
လွန်ခဲ့ပါပြီ ညီ ညီမလေးတို့ရယ်။
ပညာမြင့်ပြီး လူမျိုးတင့်လာတဲ့အခါ ဂုဏ်အရှိန် ထွန်းတောက်လာကြစမြဲပါ။
လူမျိုးတစ်မျိုးရဲ့ ပါဝါစွမ်းပကား မြင့်မားနေရင် ဘယ်သူကမှ ထိပါးနှောင့်ယှက် မစော်ကားဝံ့ပါဘူး။
အခုကာလက အစစအရာရာ ပြန်လည်တည်ဆောက်နေကြရမယ့် ကာလတစ်ခုပါကွယ်။
ကမ္ဘာမှာ ငတ်မွတ်ခေါင်းပါးလွန်းပြီး မွဲစုတ်နုံချာလွန်းတဲ့ အီသီယိုးပီးယားနိုင်ငံဆို
ညီ ညီမလေးတို့တွေ သိရှိမြင်ယောင်နေကြမှာပေါ့။
ချို့တဲ့ဆင်းရဲ ကြပ်တည်းလွန်းခဲ့ပုံက ဟိုးလေးတကျော်ကျော်လေ။
အစားအသောက်ကို အငမ်းမရစားနေ သောက်နေတာတွေ့ရင်
အီသီယိုးပီးယားက လာတာလား...လို့
တင်စားသုံးနှုန်းကြတဲ့အထိကို ငတ်ခဲ့ ကြပ်ခဲ့တဲ့ နိုင်ငံ။
ဟော...
အခုတော့ သမိုင်းတစ်ပတ် လည်သွားပြီ... ညီ ညီမလေးတို့ရယ်။
အဆောက်အဦး လမ်းတံတား သွင်ပြင်၊လက္ခဏာတွေက သစ်လွင်တောက်ပြောင်နေလွန်းတာ
ဖော်ပြပါ ပုံတွေကိုသာ ရှုကြပါတော့။
ညီ ညီမလေးတို့တွေ အိပ်မက်တောင် မမက်ဖူးသေးတဲ့
ကိုယ်ပိုင် ဂြိုလ်တုကြီးတောင် အီသီယိုးပီးယားက လွှတ်တင်တော့မတဲ့ကွယ်။
ရင်သပ်ရှုမော အံ့သြမဆုံးပဲ ပါးစပ်အဟောင်းသား ဖြစ်ခဲ့ကြရဲ့မဟုတ်လား။
ညီ ညီမလေးတို့တွေရဲ့ မြန်မာနိုင်ငံ ရထားတွေ အဆင့်မမီတော့သလို၊
ဘပ်စ်ကားတွေ အဆင့်မမီတော့ဘူး။
ဘူတာတွေ အဆင့်မမီတော့သလို ၊ကားဂိတ်တွေ အဆင့်မမီတော့ဘူး။
လေယဉ်ကွင်းဆိုတာတော့ ပြောမနေပါနဲ့တော့ကွယ်။
ကမ္ဘာကျော်အောင် မွဲခဲ့ငတ်ခဲ့ကြတဲ့ အီသီယိုးပီးယားတောင်
ရုန်းထ ဖွံ့ဖြိုးလာခဲ့ပြီပဲ။
နိုးကြားကြပါစို့ ...ညီ ညီမလေးတို့ရေ။
အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့ အခွင့်အလမ်းသာနေတဲ့ အနေအထားကနေ
အီသီယိုးပီးယားအောက် ထိုးကျသွားအောင် ရမ်းခဲ့ကြသူတွေကို
ဦးစွာ ဖယ်ထုတ်ပြီးမှ
သွားလမ်းတွေသာ လာလမ်းတွေ ဖြောင့်တန်းတော့မှာကွယ့်။
မျောက်တွေလက်ထဲ ပန်းဥယျဉ်ကြီးအပ်ပြီး စောင့်ရှောက်ခိုင်းတဲ့ ဥယျဉ်မှူးလိုပေါ့ ညီ ညီမလေးတို့ရေ။
အမြစ်ရှည်ရင် ရေများများလောင်း အမြစ်တိုရင် ရေနည်းနည်းသာလောင်းဖို့
မှာခဲ့တာကို
မျောက်က မျောက်အသိလောက်ပဲ သိတော့ အမြစ်တွေ တူးနှုတ်ပြီး
ရှည်ရင် ရေများများလောင်းလို့ တိုရင် ရေနည်းနည်းသာလောင်းကြပါသတဲ့။
မပျက် ခံနိုင်ပါရိုးလားကွယ်။
ညီ ညီမလေးတို့တွေရဲ့ ပန်းဥယျဉ်ကြီးကို
မျောက်တွေလက်ထဲ အပ်ထားခဲ့တာ ကြာနေခဲ့ပြီနော်။
မျောက်တွေဟာ မျောက်တွေလောက်ပဲ သိလို့
မျောက်တွေမှာ အပြစ်မရှိပါဘူး။
မျောက်တွေကို ဥယျဉ်မှူးနေရာပေးတဲ့ လူသားတို့ရဲ့ အပြစ်ကွယ့်။
လူမှန် နေရာမှန် အပ်နှံစေခိုင်းကြဖို့က ညီ ညီမလေးတို့တွေရဲ့ တာဝန်ပါကွယ်။
ညီ ညီမလေးတို့တွေ
အမှန်ကို မြင်လို့ ...အမြင်တွေ မှန်ကြပါစေကွယ်။