တစ်ခါက ရေကန် တစ်ခုမှာ မိကျောင်းတွေ အများအပြား သေနေပါသတဲ့။ မျိုးပြုတ်မတတ်သေလွန်းလို့ ကန်အနားသွားရင်ကို မိကျောင်းသေအပုပ်နံ့က မခံမရပ်နိုင်အောင် နံထောင်းနေပါသတဲ့။ ဒါနဲ့ ကန်ပေါ်ကနေ ရဟတ်ယာဉ်နဲ့ မိကျောင်းသေတွေကိုရှာ ... တွေ့ရင် တွေ့တဲ့နေရာကို ဆေးအနီရောင်တွေ ကျဲချပြီး အမှတ်အသားလုပ်။ အဲ့ဒီအမှတ်အသားလုပ်ထားတဲ့နေရာတွေကို မော်တော်ဘုတ်တွေနဲ့လာပြီး ပက်လက်သေနေတဲ့ မိကျောင်းတွေကို ဆွဲယူ ရှင်းလင်းရတာ လက်မလည်နိုင်အောင်ပဲတဲ့။
သေတဲ့မိကျောင်းတွေကို စစ်ကြည့်တော့ ရေနစ်သေတဲ့လက္ခဏာ ပဲ တွေ့ရတယ်။ ဒီတော့ အကုန်ထူးဆန်းကုန်ကြသတဲ့။ မိကျောင်းရေနစ်သေတယ်ဆိုတာ ကြားမှ မကြားဖူးကြတာကိုး။ ရေဘုရင်လိုဖြစ်နေတဲ့ မိကျောင်းလိုအကောင်က ရေနစ်သေတယ်ဆိုတာ ဖြစ်နိုင်စရာလည်း ရှိမှ မရှိတာပဲကိုး ... ။
ဒီလိုနဲ့ ရောဂါပိုးကြောင့် မိကျောင်းတွေအများကြီးသေကြတာလားဆိုတာကို အမျိုးမျိုးစစ်ဆေးကြပေမယ့် ဘာကူးစက်ရောဂါပိုးမှလည်း မတွေ့ဘူးတဲ့။ မသေပဲကျန်နေတဲ့ မိကျောင်းတွေကိုစစ်တော့လည်း ဘာရောဂါပိုးမှ မတွေ့ဘူးတဲ့။ နောက်ဆုံး တိရစ္ဆာန်ဆေးပညာကျွမ်းကျင်သူတွေ ခွဲစိတ်စစ်ဆေးကြတဲ့အခါ မိကျောင်းရဲ့ ဦးနှောက်အလုပ်ပုံမမှန်တာကိုသွားတွေ့ကြတယ်။ ဦးနှောက်ထိန်းချုပ်မှုတွေ ပုံမမှန်ဖြစ်ပြီး မိကျောင်းတွေဟာ ရေထဲမှာ ပုံမှန်မနေနိုင်တော့ပဲ ကမောက်ကမနဲ့ ရေနစ်သလိုဖြစ်ကုန်ပြီး သေကုန်ကြတယ်ဆိုတာ အတည်ပြုနိုင်တယ်။
ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆိုတာ ဆက်ပြီးစူးစမ်းကြတယ်။ အချိန်အကြာကြီး စူးစမ်းလေ့လာတော့ ကန်ထဲမှာ ထူးခြားတာက ငါးသလောက်တွေ များနေတာကို သွားတွေ့တယ်။ အခြားငါးတွေ ရှားပါးနေတယ်။ မိကျောင်းတွေဟာ ငါးသလောက်တွေကို အစာအဖြစ်စားကြရတာ။ အခြား ကကတစ်လို ငါးမျိုးတွေ မရှိသလောက်ဖြစ်နေတာကိုတွေ့ရတယ်။ ဒီတော့ အခြားမိကျောင်းတွေနဲ့ လက်တွေ့စမ်းသပ်တယ်။ သုတေသနလုပ်ပြီး မိကျောင်းအချို့ကို ငါးသလောက်တွေချည်း လှိမ့်ကျွေးကြည့်ကြတယ်။ အဲ့ဒီမှာ တွေ့တော့တာပဲ။ ငါးသလောက်တွေချည်း လှိမ့်စားရတဲ့ မိကျောင်းတွေဟာ ဦးနှောက်မူမမှန်တဲ့ပုံစံနဲ့ ကမောက်ကမ ဖြစ်သလိုမျိုးတွေတွေ့ရတယ်။ ဒီတော့ မိကျောင်းတွေ သေရတာ ငါးသလောက်ကြောင့်ဆိုတာ အတည်ပြုနိုင်သွားတယ်။
ငါးသလောက်ကို ကျုပ်တို့ တနိုင်ငံလုံးသိတယ်။ ငါးဆိုရင် အရသာအရှိဆုံးက ငါးသလောက်လို့သတ်မှတ်ထားတဲ့ ဆိုရိုးစကားတွေတောင်ရှိတယ်။ ငါးသလောက်စားရင်တက်တယ်။ အရိုးများပေမယ့် ပေါင်းစားရင် သိပ်ကောင်းတယ်။ အောက်ပြည်အောက်သားတွေ ကမ်းရိုးတန်းအောက်ပိုင်း မော်လမြိုင်၊ ရေး တို့ ထားဝယ်တို့ ဘက်က လူတွေဆိုရင်ငါးသလောက်ကို ဆီနည်းနည်းနဲ့ ဒယ်အိုးပေါ်မှာ အိုးကပ်တောင်လုပ်စားကြတယ်။ အိုးကပ်လုပ်နေတုန်းမှာကို မွှေးကြိုင်ပြီး တံတွေးကို ခဏခဏ မြိုချရလောက်အောင် ဆွဲဆောင်နိုင်တယ်။ ထုံးစံအတိုင်း ငါးသလောက်စားရင် ကျုပ်တို့ဆီကအခေါ်အဝေါ်ရ တက်တယ်။ အကြောတက်တယ်။ သွေးတိုးသမားတွေ ကြောက်တယ်။
အခြား လေ့လာတွေ့ရှိချက်တစ်ခုရှိသေးတယ် ... ငါးသလောက်ဟာ တစ်ခါတစ်လေစားရင် ဘာမှ သိပ်မသိသာပေမယ့် များများမှန်မှန်စားရင် ဦးနှောက်ဆဲတွေကို ပျက်ဆီး ဆုံးရှုံးစေတယ်။ ဆဲလ် အသစ်ဖြစ်ပေါ်မှုကို နှေးကွေးစေတယ်။ လူတွေအတွက်လည်း ဒီအတိုင်းပဲ။ တစ်ရက်လောက် ငါးသလောက်နဲ့ အားရပါးရစားမိရင်ကို မူးဝေအီစိမ့်ပြီး ဖီးလ်တက်ကုန်ကြတာ လူတိုင်းနီးပါးကြုံဖူးကြတယ်။ ဒီလို ငါးသလောက်တွေချည်းနေ့တိုင်းစားနေရတဲ့ မိကျောင်းတွေမှာ ဦးနှောက်ဆဲလ်တွေ ပျက်ဆီးဆုံးရှုံးပြီး ဆဲလ်အသစ်ကလည်း ဖြစ်ပေါ်မှုနှေးကွေးကုန်တော့ မြန်မာလိုပြောရရင် ဦးနှောက်တွေ ချောင်ကုန်ပုံရတယ်။ ရေတောင် ကောင်းကောင်းမကူးတတ်ကြတော့ဘူး။ ရေပေါ်တက်ပြီး ဘယ်လိုလေရှုရမှန်း မသိကြတော့ဘူး။ ပြောရရင် ဂေါက်ကုန်ကြတယ်။ ဒီတော့ ရေကူးမကျွမ်းကျင်တဲ့ မိကျောင်းတွေ ဖြစ်ကုန်ရော။ ရေကူးမကျွမ်းတဲ့မိကျောင်းတွေဆိုတော့ နောက် ဆုံး ရေနစ်ပြီး သေကုန်ကြရော။
မိကျောင်းတွေ ရေနစ်ကုန်တဲ့ ကိစ္စမှာ တရားခံ ငါးသလောက်ကို တွေ့ပေမယ့် ငါးသလောက်တွေ ကန်ထဲမှာ ဘာကြောင့် များနေတာလဲဆိုတဲ့ ပြဿနာက အဖြေမထွက်သေးဘူးဖြစ်နေတယ်။ အခြားငါးတွေ ဘာကြောင့် ပျောက်ဆုံးကုန်တာလဲဆိုတာ ပဟေဠိ တစ်ခုလိုဖြစ်နေတယ်။ ဒါနဲ့ ဆက်ပြီး စူးစမ်းလေ့လာကြတော့ ကန်ရေပြင်ပေါ်မှာ အပြည့်ဖုံးလွှမ်းနေတဲ့ ရေမှော်တွေကိုသွားတွေ့တယ်။ ရေမှော်ဟာ ရေထဲက အောက်ဆီဂျင်ကို စုပ်ယူပြီး ရှင်သန်တယ်။ ငါးသလောက်က ရေမှော်ကို ကြိုက်တဲ့ငါး။ ဒီတော့ ရေမှော်ကို ကြိုက်တဲ့ငါးသလောက်က ရေမှော်တွေ အများအကြီးရှိတဲ့ ရေထဲမှာ အများအပြား ရှင်သန်ပေါက်ဖွားလာတယ်။ တစ်ဖက်ကလည်း အောက်ဆီဂျင်ကို စုပ်ယူတဲ့ ရေမှော်တွေကြောင့် အောက်ဆီဂျင်လိုအပ်တဲ့ ကကတစ်လိုငါးတွေဟာ ကန်ထဲမှာ ရှင်သန်ဖို့ ခက်ခဲလာကြတယ်။ ဒါကြောင့် အခြားငါးတွေ ပျောက်ဆုံးပြီး ငါးသလောက်တွေ ပွားကုန်ကြတယ်။ ပြဿနာက ရေမှော် .... ။
ဒါနဲ့ ရေမှော်တွေဘာကြောင့်ပွားနေသလဲဆိုတာ ဆက်ပြီးလေ့လာကြရပြန်တယ်။ လေ့လာတော့ ကန်ထဲကို စီးဝင်တဲ့ ရေဝေရေလဲနေရာတွေကို အကုန်သုတေသနလုပ်ရတယ်။ အဲ့လို သုတေသနလုပ်ကြတော့ ကန်ထဲဝင်တဲ့ ရေအရင်းအမြစ်နေရာတွေက နမူနာရေတွေကို ယူပြီး ဓါတ်ခွဲစစ်ဆေးကြည့်ကြတဲ့အခါ အဲ့ဒီရေတွေမှာ မြေသြဇာတွေကို သွားတွေ့တယ်။
မြေသြဇာတွေပါတဲ့ ရေတွေကြောင့် ကန်ထဲမှာ ရေမှော်တွေ ဖုံးလွှမ်းတယ်၊ ရေမှော်တွေကြောင့် ကန်ထဲက အောက်ဆီဂျင်ဆုံးရှုံးတယ်၊ ဒါကြောင့် တခြားငါးတွေ မရှင်နိုင်ပဲ ရေမှော်ကြိုက်တဲ့ ငါးသလောက်တွေပဲ အသားကုန်ပွားတယ်၊ အဲ့ဒီလို အသားကုန်ပွားလာတဲ့ ငါးသလောက်တွေကိုလှိမ့်ပိန့်စားပြီး မိကျောင်းတွေ ဦးနှောက်ချောင်ကုန်တယ်၊ ဦးနှောက်ချောင်တဲ့မိကျောင်းတွေမှာ ရေတောင် ကောင်းကောင်းမကူးတတ်တော့ပဲ ရေနစ်သေကုန်ကြရတယ်။ ... တရားခံက မြေသြဇာ ... ။
တရားခံက မြေသြဇာ ဖြစ်တဲ့အကြောင်း ဆက်စပ်ပြီး လက်ဆုပ်လက်ကိုင်ပြနိုင်ပေမယ့် ကန်ထဲဝင်တဲ့ ရေထဲမှာ ဘာကြောင့် မြေသြဇာတွေပါလာရသလဲဆိုတာကို အဖြေရှာဖို့ ကျန်နေသေးတယ်။ ဒါကြောင့် ရေဆုံးရေဖျားအထိ လိုက်ပြီး လေ့လာကြရပြန်တယ်။ အဲ့ဒီလို လေ့လာကြည့်တော့ နောက်ဆုံး ကန်အနီးအနားဝန်းကျင်ကို အခြေချလာတဲ့ လူနေအိမ်ခြေတွေကို သွားတွေ့တယ်။ နယ်ပယ်ချဲ့ထွင် အခြေချလာတဲ့ လူနေအိမ်ခြေတွေဟာ လယ်ယာခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးတွေ လုပ်ကြတယ်။ အဲ့ဒီတော့ မြေသြဇာတွေ အသုံးပြုကြတယ်။ အသုံးပြုတဲ့ မြေသြဇာတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ကန်ထဲဝင်မယ့် ရေအရင်းအမြစ်နေရာတွေကို ပျော်ဝင်စီးဆင်းကြတယ်။ ဒီလိုပျော်ဝင်စီးဆင်းလာပြီး ကန်ထဲကို မြေသြဇာတွေ ရောက်လာကြတယ်။
နောက်ဆုံးလက်သည်က လူတွေဖြစ်နေတယ် ... ။
လူတွေကြောင့် မိကျောင်းတွေအများကြီး မျိုးပြုတ်မတတ် ရေနစ်သေကုန်ကြရတယ်။
အားလုံး ဆက်စပ်လိုက်တဲ့အခါ မြင်လိုက်ရတဲ့ မြင်ကွင်းက ဘယ်သူမှမထိခိုက်လောက်တဲ့ လူတွေ အပင်စိုက်တာ ကနေ အခြားသက်ရှိတွေ မျိုးတုန်းလုမတတ်ဖြစ်တဲ့ကိစ္စ။ ဒီလိုကိစ္စတွေမဖြစ်ဖို့အတွက် ကမ္ဘာမှာ လူတွေရဲ့ အသိပညာဗဟုသုတတွေကို အများကြီး မြှင့်တင်ကြရဦးမယ်ဆိုတဲ့အမြင်။ ဒါပေမယ့် ဒီလို အမြင်မျိုးတွေ ဒီလို အသိမျိုးတွေ ကမ္ဘာ့လူသားတိုင်းရဲ့ ရင်ထဲအထိ ခံယူနိုင်ကြဖို့ အဆင့်မြှင့်တင်ဖို့ဆိုတာ အဝေးကြီးမှာ လိုနေသေးတယ်လို့ ခံစားရတယ်။
လူအချင်းချင်းတောင် ပဋိပက္ခတွေမဖြစ်ဖြစ် အောင် ဖန်တီးထိုးဆွနေတဲ့ ကျုပ်တို့ရွှေပြည်ကြီးအတွက်ဆိုရင်တော့ ဒီလို အသိတွေ အဆင့်မြှင့်ပြီး သဘာဝပတ်ဝန်းကျင်ကို ချစ်ခင်တန်ဖိုးထားနိုင်ဖို့ဆိုတာ မိုင်ပေါင်းထောင်သောင်းချီပြီး ဝေးကွာနေဦးမလားလို့ စဉ်းစားမိတော့ နည်းနည်း နွမ်းလျသလိုဖြစ်မိတယ် ... ။
မိကျောင်းတွေ အလကားနေရင်း မသေဆုံးဖို့အတွက် လူတွေ ဆင်ခြင်ဖို့လိုတယ် ...
လူတွေ ဆင်ခြင်နိုင်ဖို့အတွက် အဲ့ဒီ လူ့အဖွဲ့အစည်းကို ဦးဆောင်စီမံခန့်ခွဲခွင့်ရနေသူတွေက စနစ်တကျ စီမံနိုင်ဖို့လိုတယ် ...
ဒါကြောင့် နိုင်ငံတိုင်းဟာ ကောင်းမွန်တဲ့ အစိုးရတစ်ရပ်ကို အမြဲတမ်းလိုအပ်နေတယ် ...
အစိုးရတစ်ရပ်ကောင်းတယ်မကောင်းဘူးဆိုတာ အဲ့ဒီအစိုးရသက်တမ်းနဲ့ ရလဒ်ကို ချိန်ထိုးကြည့်မှ တွက်ချက်လို့ရနိုင်လိမ့်မယ်။
တွက်ချက်လို့မရနိုင်ခင်မှာ ပူးပေါင်းဖို့လည်း အသင့်ရှိနေသင့်တယ်လို့ထင်တယ် .... ။
ဦးသိန်းစိန် အစိုးရတက်လာတုန်းကလည်း ပြည်သူကရွေးချယ်တာမဟုတ်ခဲ့ပေမယ့် အစပိုင်းပြောခဲ့တဲ့ မိန့်ခွန်းတွေ ၊ အစပိုင်းလုပ်ခဲ့တဲ့ အပြောင်းအလဲတွေကြောင့် မြန်မာရော ကမ္ဘာကပါ ကြိုဆိုခဲ့ကြပါတယ်။ ကမ္ဘာကလည်း ဟိုဆုပေးလိုက် ဒီဆုပေးလိုက်နဲ့ အပြောင်းအလဲအတွက် ဝိုင်းဝန်းခဲ့ကြပါတယ်။ ဒါပေမယ့် သက်တမ်းနဲ့ရလဒ်မှာ အားရစရာမရှိတဲ့အခြေအနေတွေကြောင့် ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားလုံးနောက်မှာ တပြည်လုံးက လှိုက်လှိုက်လှဲလှဲ ထောက်ခံ ရပ်တည်ခဲ့ကြပါတယ်။
အခု ကျုပ်တို့ မြန်မာပြည်မှာ အစိုးရသစ်တစ်ရပ်ရနေပါပြီ။ ပိုကောင်းတာက အများစုရဲ့ မျှော်လင့်ချက်ကပေါက်ဖွားလာတဲ့အစိုးရပါ။
နိုင်ငံရေးဆိုတာ ကျုပ်နားလည်သလောက်တော့ အများစုရဲ့ ဆန္ဒကို ငဲ့ရတဲ့အလုပ်ပါ။ အများစုကို ငဲ့ချင်ရင် အများစုရဲ့ မျှော်လင့်ချက်က ပေါက်ဖွားလာတဲ့ အစိုးရတစ်ရပ်ကို ဆန့်ကျင်နေမယ့်အစား လိုအပ်ချက်တွေအတွက် ပူးပေါင်းဆောင်ရွက်တာ အကောင်းဆုံးပဲလို့ထင်ပါတယ်။ (အများစုကို သောက်ဂရုမစိုက်ဘူးဆိုရင်တော့ တမျိုးပေါ့)
ကမ္ဘာကြီးဟာ ကျန်းမာပြီး ရေရှည်တည်တံ့နိုင်ဖို့အတွက် ကောင်းမွန်တဲ့ ဦးဆောင်သူတွေ အမြဲလိုအပ်နေပါတယ် ... ။
အဲ့ဒီကောင်းမွန်တဲ့ ဦးဆောင်သူတွေ ပေါ်ပေါက်လာအောင် စွမ်းဆောင်နိုင်တာလည်း ကမ္ဘာသူ ကမ္ဘာသားတွေပဲ ဖြစ်ပါတယ်။
အဲ့ဒီကမ္ဘာသူကမ္ဘာသားတွေထဲမှာ ကျုပ်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတွေလည်း အပါအဝင်ဖြစ်ပါတယ်။
လူမျိုးဘာသာ မခွဲခြားပဲ တိရစ္ဆာန်ကိုတောင် ချစ်ခင်ငဲ့ညှာနိုင်တဲ့ ကမ္ဘာသားစိတ်ဓါတ်တွေနဲ့ နေချင်စရာ ကမ္ဘာကြီးဖြစ်အောင် မေတ္တာစိတ်များဖြင့် ဝိုင်းဝန်းတည်ဆောက်နိုင်ကြပါစေဗျာ ....