cross

cross

Monday, May 2, 2016

ကတိစကားလေး တစ်ခွန်း …

တစ်ခါတုန်းကပေါ့ ချစ်သူနှစ်ဦးရှိကြတယ်၊ ထုံးစံအတိုင်း ကောင်လေးရဲ့ အသိုင်းအဝိုင်းကြောင့် ကောင်မလေးရဲ့ မိဘတွေက သဘောမတူကြဘူး၊ ဒီကောင်လေးကိုသာ လက်ထပ်လိုက်ရင် ဘဝတစ်ခုလုံး ဒုက္ခရောက်လိမ့်မယ် … ဘာ … ညာ … စသည်ဖြင့် ပြောကြတာပေါ့။ မိဘတွေက ဖိအားတွေပေးတာ များတဲ့အခါ ကောင်မလေးနဲ့ ကောင်လေး ဘဝရှေ့ရေးဆွေးနွေးရင်း တစ်ခါတစ်လေ အခြေအတင် စကားများ ကြတာတွေလည်း ရှိတယ်။ ကောင်မလေးကလည်း ကောင်လေးကို တကယ်ချစ်ပါတယ် … ၊ မိဘတွေရဲ့ ဖိအားနဲ့ ဆိုတော့ ကတောက်ကဆ လေးတွေတော့ ရှိတတ်တာပါ။ ပြီးတော့ “သူ့ကို ဘယ်လောက်ချစ်လဲ” လို့ ကောင်မလေးက ကောင်လေးကို ခဏခဏ မေးလေ့ရှိတယ်၊ အဲလိုမေးတိုင်းလည်း ကောင်လေးက ကောင်းကောင်းမွန်မွန် ပြန်မဖြေဘူး၊ အဲဒီတော့ ကောင်မလေးက စိတ်ဆိုးတာပေါ့၊ မိဘက သဘောမတူပါဘူး ဆိုနေမှ ချစ်သူကလည်း အေးတိအေးစက်၊ အူတူတူ လေ၊ အဲလိုဆိုလေ မိဘတွေက ဝိုင်းပြောလေ ဆိုတော့ ကောင်မလေးက ကောင်းလေးကို စိတ်တွေဆိုးတယ်၊ ကောင်လေးကတော့ ဘာမှမပြောဘဲ တိတ်တိတ် လေးပဲ နေလေ့ရှိတယ်။

ဒီလိုနဲ့ ကောင်လေးက ကျောင်းပြီးသွားတဲ့အခါ နိုင်ငံခြားမှာ ပညာတော်သင်သွားဖို့ စီစဉ်ပါတယ်။ ကောင်လေးက နိုင်ငံခြားမသွားခင် ကောင်မလေးကို “မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ စကားလုံးလှလှ လေးတွေနဲ့ မပြောတတ်ပေမယ့် မင်းကို အရမ်းချစ်ပါတယ်၊ မင်းရဲ့ဘဝတစ်ခုလုံးအတွက် မင်း ကို လက်ထပ်ပါရစေ၊ မင်းရဲ့ မိသားစု အသိုင်းအဝိုင်းက လက်ခံအောင်လည်း အစွမ်းကုန် ကြိုးစားပါ့မယ်” လို့ ပြောပါတယ်။ အဲဒီလိုပြောတော့ ကောင်မလေးက “ရှင် … ကျွန်မကို လက်ထပ်မယ် … တကယ်လား” လို့ မေးပြီး သဘောတူလိုက်ပါတယ်။ ကောင်မလေးရဲ့ မိဘတွေကလည်း ကောင်လေးရဲ့ ကြိုးစားအားထုတ်မှုကို စောင့်ကြည့်ပါတယ်၊ တဖြည်းဖြည်းနဲ့ ကောင်လေးရဲ့ စိတ်ရင်းနဲ့ ရိုးသား၊ ကြိုးစားတာ ကို တွေ့ရတော့ ကောင်လေး နိုင်ငံခြားကို မသွားခင်လေးမှာ သူတို့ (၂) ယောက် စေ့စပ်လိုက်ကြပါတယ်။ ကောင်မလေးက သူရဲ့မြို့ကိုပြန်၊ ကောင်လေးကလည်း နိုင်ငံခြားကို ပညာတော်သင် သွားဖို့အတွက် ဆက်ပြီး ကြိုးစားနေတယ် မကြာခင်မှာပဲ ကောင်လေးက နိုင်ငံခြားကို ပညာသင်ဖို့ ထွက်သွားတယ် ၊ သူတို့ (၂) ယောက် ဖုန်းဆက်၊ စာရေးနဲ့ပဲ အပြန်အလှန် ဆက်သွယ်ကြပြီး နေကြတယ်။ တစ်ယောက်နဲ့ တစ်ယောက်တွေ့ကြဖို့ ခက်ခဲပေမယ့် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက် ကို တစ်ယောက် လွမ်းဆွတ်တမ်းတရင်း ကိုယ်စီ ကိုယ်စီ အနာဂတ်ဘဝကို ပုံဖော်ဖို့အတွက် ကြိုးစားနေကြတယ်။

တနေ့မှာတော့ ကောင်မလေးက အလုပ်ကနေ အိမ်ကိုပြန်ဖို့ ထုံးစံအတိုင်း ကားမှတ်တိုင်ကို လမ်းလျှောက် လာပါတယ်။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ကားတစ်စီးက ဘရိတ်ပေါက်ပြီး ပလက်ဖောင်းပေါ် အထိတက်လာရုံသာမက ကောင်မလေးကို တိုက်မိသွားပါတယ်။ ကောင်မလေး သတိပြန်လည် လာတဲ့အခါ သူ့ရဲ့ မိဘ (၂) ပါးကို မြင်ပါတယ်။ ပြီးတော့ သူတော်တော်ကံကြီးတာပဲ … တကိုယ်လုံး နာကျင်ကိုက်ခဲ နေပေမယ့် သေကံမရောက် သက်မပျောက်လိုက်ဘူး လို့ လည်း တွေးနေမိပါတယ်။ သူ့ရဲ့ မိဘတွေက မျက်ရည်တွေ စီးကျပြီး သူ့ကို ကြည့်နေကြတယ်၊ သူမက သူတို့ကို စိတ်သက်သာရာ ရအောင် စကားပြောဖို့ ကြိုးစား ပါတယ်၊ ဒါပေမယ့် စကားတစ်လုံးမှ ထွက်မလာပါဘူး၊ စကားပြောဖို့ အကြိမ်ကြိမ်ကြိုးစားပေမယ့် အသက်ရှုသံပြင်းပြီး မောဟိုက်လို့သာ လာတယ် … စကားသံကတော့ ထွက်မလာဘူး။ သူက ဆွံ့အ သွားခဲ့ပြီလေ၊ ဆရာဝန်က “ဒဏ်ရာက ခေါင်းကိုထိပြီး ဦးနှောက် အာရုံကြောကို ပါ ထိခိုက်သွားတဲ့အတွက် ဘဝတစ်လျှောက်လုံး စကားလုံးဝ မပြောနိုင်တော့ဘူး” လို့ ရှင်းပြပါတယ်။ သူ့မိဘတွေရဲ့ နှစ်သိမ့်စကား တွေကို နားထောင်နေပေမယ့် စကားတခွန်းမှ ပြန်မပြောနိုင်တော့ပါဘူး၊ ကောင်မလေးက လဲပြိုကျသွား ပါတယ်။ ရက်တွေကြာလာပေမယ့်လည်း ကောင်မလေးက စကားသံတွေ ထွက်မလာပေမယ့် ရင်ထဲမှာတော့ တိတ်တဆိတ် ငိုကြွေး နေတုန်းပါ … ။

ဒီလိုနဲ့ ကောင်မလေးက ဆေးရုံက ဆင်းပြီးတော့ အိမ်ကို ပြန်လာခဲ့ပါတယ်၊ အရာရာ အားလုံးက အရင်အတိုင်း ရှိနေဆဲပါ … ဒါပေမယ့် ကောင်လေးဆီက ဖုန်းသံတွေကြားတိုင်း သူ့ဘဝအတွက် အိပ်မက်ဆိုးတွေ နေ့စဉ်ရက်ဆက် မက်နေခဲ့တယ် … ။ ထုံးစံအတိုင်း သူ့ကောင်လေးဆီက ပုံမှန်လာနေကျ ဖုန်းသံကို ကြားရတိုင်း … ပြန်ဖြေချင်စိတ်တွေ တဖွာဖွား ဖြစ်နေပေမယ့် ကောင်လေးကို ဘာစကားမှ ပြန်မပြောနိုင်တဲ့ အတွက် ရင်ထဲမှာ နာကျင် ကြေကွဲ နေရတယ်။ သူက (သူရဲ့ ဝေဒနာက) ကောင်လေး အပေါ်မှာ မသက်ရောက်စေချင်ဘူး၊ ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်စေချင်ဘူး၊ ဒါကြောင့်မို့လို့ ကောင်လေးဆီကို သူတို့ နှစ်ယောက် လမ်းခွဲလိုက်ကြဖို့ … သံယောဇဉ်တွေ အမြစ်မခိုင်ခင်မှာ ဒီဇာတ်လမ်းကို ဒီမှာတင်ရပ်ဖို့ အကြောင်း စာလေးတစ်စောင် ရေးပြီးတော့ စေ့စပ် လက်စွပ်လေး ကိုလည်း ပြန်ပို့ပေးလိုက်ပါတယ် … ။

သူ့ကောင်လေးဆီက စာတွေ … ဖုန်းသံတွေကို သူ့ရဲ့ မျက်ရည်တွေနဲ့ပဲ စတေးလိုက်တယ် … နှလုံးသားကို စတေးပြီး ချစ်သူကို အဖြစ်အပျက်တွေကို မပြောဘဲ မြိုသိပ်ထားခဲ့တယ် … ။
သမီးရဲ့ နာကျင်ခံစားနေရတာတွေ … သောက ဒုက္ခတွေကို မြင်ရတာများလာတော့ အဖေက ဒီနေရာက ပြောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် … ။ ပတ်ဝန်းကျင်အသစ်မှာ နေပျော်ပြီး အတိတ်က ဒဏ်ရာတွေ ကို မေ့သွားလိမ့်မယ်လို့ မျှော်လင့်ထားတာလည်း ပြောင်းရတဲ့ အကြောင်းတစ်ခုပေါ့ … ။ တဖြည်းဖြည်းနဲ့ ကောင်မလေးက အမူအယာနဲ့ ပြောတဲ့ ဘာသာစကားကို သင်ယူခဲ့တယ်၊ သူ့ကိုယ်သူလည်း ကောင်လေး ကို မေ့ပစ်နိုင်အောင် ကြိုးစားဖို့ သတိပေးနေတယ် … ။

တစ်နေ့မှာတော့ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်းက ကောင်လေးက နိုင်ငံခြားက ပြန်တောင်လာပြီ ဆိုတဲ့ အကြောင်းကို ပြောပြပါတယ်။ ကောင်လေးက မင်းကို တောက်လျှောက် လိုက်ရှာနေတယ် …. ရက်၊ လ တွေ ကြာလာပေမယ့် သတင်း အစအန တောင်မှ မရတဲ့အတွက်လည်း တအား စိတ်ပူနေတဲ့ အကြောင်း ပြောပြပါတယ်။ ဒါပေမယ့်လည်း ကောင်မလေးက ပြီးခဲ့တာတွေလည်း ပြီးပါပြီ … ဘာမှ ဆက်ပြီးတော့ မခံစားချင် တော့တဲ့အတွက် အဲဒီစကားတွေကို ကြိုးစားပြီး ဥပေက္ခာ ပြုနေခဲ့ပါတယ်။

ဒီလိုနဲ့ တစ်နေ့မှာ သူ့သူငယ်ချင်းက ကောင်လေး လက်ထပ်တော့မယ့် အကြောင်းကို ပြောလာပါတယ် … ပြီးတော့ ကောင်လေးရဲ့ မင်္ဂလာဆောင် ဖိတ်စာလေးကို လှမ်းပေးပါတယ် … ။

ကောင်မလေးက ကောင်လေးကို မေ့ပစ်ဖို့ ကြိုးစားနေပေမယ့် တကယ်တော့ ရင်ထဲမှာ ချစ်နေဆဲပါပဲ … ၊ ကောင်မလေးက ဝမ်းနည်းပက်လက်နဲ့ မင်္ဂလာဆောင် ဖိတ်စာလေးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ဖတ်တဲ့ အချိန်မှာ လုံးဝ အံ့သြသွားတယ် …. ဘာဖြစ်လို့လည်း ဆိုတော့ မင်္ဂလာဆောင်ဖိတ်စာ ထဲမှာ သတို့သမီးရဲ့ အမည်က သူ့နာမည် ဖြစ်နေတယ်။

ဘယ်လိုတွေ ဖြစ်ကုန်တာလည်း ဆိုတာကို သူ့ သူငယ်ချင်းကို မေးမယ့် အချိန်မှာ ကောင်လေးက သူ့ရဲ့ ရှေ့ကို ရောက်လာပါတယ် …. ။

“ကိုယ် တစ်နှစ်ကျော်ကျော် အထိ မင်းကိုပြောချင်တဲ့ စကားတွေ ပြောနိုင်ဖို့အတွက် …. မင်းပြောတာတွေကို ကြားနိုင်ဖို့အတွက် အမူအယာ နဲ့ ပြောတဲ့ ဘာသာစကားကို သင်ယူနေခဲ့တာ” လို့ ကောင်လေး က ပြောပါတယ်၊

ကောင်လေးက ကောင်မလေးကို အမူအယာ ဘာသာစကား နဲ့ ပြောပြလိုက်ပါတယ် …..

“ကိုယ်တို့ထားရှိတဲ့ ကတိစကား ကို လည်း ဘယ်တော့မှ မမေ့ပါဘူး၊

ကိုယ့်ကို အခွင့်အရေးေးတစ်ခုတော့ ပေးပါ …. ၊

မင်းရဲ့စကားသံလေးတွေ ဖြစ်ပါရစေ …

မင်းကို ကိုယ် အရမ်းချစ်တယ် … ”

0 comments:

Post a Comment