ဆင်းရဲ့တွင်းမှရုန်းထွက်လိုက်ပါ။

ဆင်းရဲတယ် ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆို မလဲ။ ဘယ်လို အခြေအနေမျိုးကို ဆင်းရဲတယ် လို့ ခေါ်ပါသလဲ။ အားလုံး နားလည်ထား ကြတာ ကတော့ ငွေမရှိတာ၊ စားစရာ၊ နေစရာမရှိ၊ အိုးမဲ့ အိမ်မဲ့ ဖြစ်တာ၊ ချို့ချို့တဲ့တဲ့ နေရတာ၊ ဘ၀မှာ မပြည့်မစုံနဲ့ အခက်အခဲ ဒုက္ခတွေကို တသီကြီး ခံစားရတာပေါ့။

“ဆင်းရဲတယ်” ဆိုတာ “လိုအပ်တဲ့ အရာတွေကို ၀ယ်စရာမရှိတာ” လို့လည်း ဖွင့်ဆို ကြပါတယ်။ ဟုတ်ပါ တယ်။ စားဖို့သောက်ဖို့အတွက် စားစရာဝယ်ဖို့ ငွေမရှိတာ ဆင်းရဲတာပါပဲ။ ၀တ်စရာ အ၀တ် အထည်တွေကို မ၀ယ်နိုင်တာ၊ မိသားစုနေဖို့ ထိုင်ဖို့ လိုအပ်တဲ့ နေစရာ အိမ်မရှိတာ ဆင်းရဲတာပါပဲ။ ကျန်း မာရေး မကောင်း တာတောင် ဆေးခန်းပြဖို့၊ ဆေးဝယ် သောက်ဖို့ မတတ်နိုင်တာ ဆင်းရဲတာပါပဲ။ ဘ၀မှာ ကောင်းစွာရပ်တည် နေထိုင်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်စွမ်း မရှိတာ ဆင်းရဲတာပဲပေါ့။
ဒါကြောင့် ဆင်းရဲတာဟာ ဘယ်ဘက်က လှည့်ကြည့်ကြည့်၊ တစ်ချက် လေးမှ မကောင်းပါဘူး။ ဆင်းရဲ တာဟာ ဒုက္ခဆိုးကြီး တစ်ခုပါပဲ။ ကပ်ရောဂါဆိုးကြီး တစ်ခုလိုပါပဲ။ ဆင်းရဲတာဟာ ငတ်မွတ်ခေါင်းပါး တာပါပဲ။ ပူပန်သောက ဖြစ်စေတာပါပဲ။ စိတ်ပျက် အားငယ်ခြင်းတွေ ကိုလည်း ဖြစ်စေပါတယ်။ ဆင်းရဲခြင်း ဟာ မျက်ရည်တွေကို ဖြစ်စေပါတယ်။ ၀မ်းနည်းပူဆွေးစေ ပါတယ်။ ကုန်ကုန်ပြောရင် ဆင်းရဲခြင်းဟာ အပြစ်ခံစားနေ ရတာပါပဲ။

ဆင်းရဲခြင်းကို မုန်းတယ်

ဆင်းရဲတာဟာ လုံးဝ လုံးဝမကောင်းပါ ဘူးဗျာ။ ဆင်းရဲခြင်းကို ချစ်မြတ်နိုးတဲ့ သူရယ်လို့လည်းရှိမယ် မထင်ပါ ဘူး။ ကျွန်တော်ကိုယ်တိုင် လည်းဆင်းရဲခြင်းရဲ့ ခါးသီးတဲ့ အရသာကိုအထိုက်အလျောက် ခံစားဖူးသူပါပဲ။ ဒါကြောင့် ဆင်းရဲခြင်းကို နာကျည်းလွန်းလို့ တွန်းလှန်နေခဲ့ တာပေါ့။ တကယ်တော့ ဘ၀ဆိုတာ တိုက်ပွဲ ဆိုရင် ဒီတိုက်ပွဲဟာ ဆင်းရဲ ခြင်းကို တိုက်တဲ့ပွဲ ပဲဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကမ္ဘာ့လူဦးရေ အများစုဟာ တိုက်ပွဲမှာ မအောင်နိုင်ကြ ပါဘူးဗျာ။ ဆင်းရဲခြင်းကို အနိုင်မတိုက် နိုင်ကြပါဘူးဗျာ။

ဆင်းရဲ သားတွေကို မြင်တိုင်း၊ ဆင်းရဲတဲ့ ရပ်ကွက်တွေ ထဲကိုရောက်တိုင်း ကျွန်တော် အမြဲစိတ်မကောင်းဖြစ် ရပါတယ်။ မရှိဆင်းရဲသားတွေရဲ့ ရင်တွင်းမှာ ဘယ်လိုခံစားရမယ် ဆိုတာကို ကိုယ်ချင်းစာ အလေးထား နားလည် မိပါတယ်။ ဆင်းရဲသား ကလေးသူငယ်တွေ ချို့ချို့တဲ့တဲ့နဲ့ ညစ်ပတ်ပေရေစွာ နေထိုင်ကြရတယ်။ လူငယ် လူလတ်တွေ ပိုင်းတွေဆိုရင် လည်းပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင် အသက်မွေး ကြရတယ်။ လူကြီးတွေ ဆိုရင်လည်း မနေမနား နဖူးကချွေး ခြေမ, ကျအောင် အလုပ်လုပ်ကြ ရတယ်။

အမျိုးသမီးတွေ ဆိုရင်လည်း မိုးလင်းမိုးချုပ် စက်ရုံ၊ အလုပ်ရုံတွေမှာ မဖြစ်စလောက် ငွေလေးတွေနဲ့ တစ်နေ ကုန် တစ်နေခမ်း ရုန်းကန်နေ ကြရသလို ဈေးရောင်း၊ ပန်းရောင်း၊ ဟင်းသီးဟင်းရွက်ရောင်းနဲ့ ရုန်းကန် နေ ကြ ရတာပါပဲ။ တချို့ဆိုရင်လည်း ရပ်ကွက်ထဲလှည့် အ၀တ်လျှော်၊ ကလေးထိန်း၊ ရေထမ်း၊ ထင်းခွဲနဲ့ ကြုံရာ ကျပန်း အလုပ်လေးတွေ လုပ်ပြီးထမင်းဖိုး၊ ဟင်းဖိုး၊ ဆေးဖိုး၊ ကလေးကျောင်းစရိတ်တွေ ရှာကြရတယ်။

ဆင်းရဲတဲ့ သက်ကြီးရွယ်အိုတွေဆို ပိုသနားဖို့ကောင်းပါတယ်။ ဘ၀ရဲ့ နေ၀င်ချိန် နီးကပ်လာတဲ့အထိ ဆင်းရဲခြင်းက သူတို့ဘ၀ကို လွှမ်းမိုးထားတုန်း။ ဘ၀တစ်လျှောက်လုံး ပြည့်ပြည့်စုံစုံ မနေခဲ့ရ။ အာဟာရ ပြည့် ၀အောင် မစားသောက်ခဲ့ရ။ ကျန်းမာရေးအတွက် ဆေးဝါးကောင်းတွေ မမှီဝဲကြရ။ စားဝတ်နေရေးအတွက် ပူပန်သောက ရောက်နေကြရတာ တစ်သက်လုံးနီးပါးပဲ။ အေးအေးချမ်းချမ်းနဲ့ တရား အားမထုတ်နိုင်။ တချို့ဆို လမ်းဘေးမှာ တောင်းရမ်း စားသောက်ရတဲ့ ဘ၀။ ဒီလိုနဲ့ ဆင်းဆင်းရဲရဲနဲ့ ဘ၀နိဂုံး ချုပ်ကြရဦးမယ်။
ဆင်းရဲလို့ ကိုယ့်မိဘရဲ့ ဒုက္ခကို ဒီအတိုင်း ကြည့်နေရတဲ့ သားသမီးတွေ၊ ဆင်းရဲလို့ သားသမီးတွေ မျက်နှာ ငယ်တာကို စိတ်ဆင်းရဲစွာနဲ့ ကြည့် နေရတဲ့ မိဘတွေ၊ ဆင်းရဲလို့ ကျောင်းမနေနိုင်တဲ့ ကလေးတွေ၊ စားစရာ မ၀ယ်နိုင်လို့ ငတ်သေတဲ့သူတွေ၊ ဆင်းရဲလို့ ဆေးမကုနိုင်ဘဲ ရောဂါဝေဒ နာတွေ ခံစားပြီးသေဆုံးကြ ရသူတွေ၊ ဆင်းရဲလို့ ဘ၀ပျက် ကြရတဲ့သူတွေ၊ ဆင်းရဲလို့ ဒုစရိုက် သားကောင်ဖြစ်ပြီးထောင်ထဲ ၀င်ကြရတဲ့ သူတွေ၊ ဆင်းရဲလို့ သူများအနှိမ်ခံ၊ အဖိနှိပ်ခံရသူတွေ၊ ဆင်းရဲလွန်းလို့ တောင်းစားနေရတဲ့ သူတွေ ကမ်္ဘာ့နိုင်ငံ အသီးသီးမှာ အများကြီးပါပဲ။

ဆင်းရဲခြင်းကို တိုက်ထုတ်ပစ်ကြစို့

ဆင်းရဲမွဲတေမှု ပြဿနာဟာ တကယ့်ပြဿနာကြီး တစ်ခုပါပဲ။ ဆင်းရဲမွဲတွေမှုကို တိုက်ဖျက်ရမယ်။ ဘ၀ဆိုတာ တိုက်ပွဲဆိုရင် ကျွန်တော် တို့ ၀င်ရမယ့် တိုက်ပွဲကတော့ “ဘ၀ရဲ့ဆင်းရဲမှုကို အပြတ် တိုက်ထုတ်နိုင်ရေး” ပါပဲ။ မိုက်ခရိုဆော့ သူဌေးကြီးဘေလ်ဂိတ် စကားနဲ့ပြောမယ် ဆိုရင်တော့ ဘ၀မှာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွား လာတာ လူသားတွေရဲ့ အပြစ်မဟုတ် ပါဘူး။ ဒါပေမယ့် ဆင်းရဲမှုကို အပြတ် မတိုက်ထုတ်နိုင်ဘဲ ဆင်းဆင်း ရဲရဲနဲ့ ဘ၀တစ်ခု ကုန်ဆုံးသွားမယ် ဆိုရင်တော့ တကယ့် အပြစ်ကြီး တစ်ခုပါပဲ။ ဘ၀တိုက်ပွဲကို အနိုင်မ တိုက်နိုင်ဘဲ ဆင်းရဲခြင်း လက်အောက်မှာ တိုက်ပွဲ ကျသွားလို့ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး ဒီဆင်းရဲခြင်း တိုက်ပွဲကိုအနိုင် တိုက်ရပါမယ်။ ဆင်းရဲခြင်းကို အနိုင်တိုက်ဖို့ကအားလုံးရဲ့သမိုင်းပေးတာဝန်တစ်ခုပါပဲ။ ဆင်းရဲခြင်းရဲ့ ရက်စက်မှုဟာ အထက်မှာဖော်ပြခဲ့ သလိုပါပဲ။ လူအများစု ဆင်းရဲနေကြတာ တိုက်ပွဲ မ၀င်ကြလို့ပါ။ ဆင်းရဲ ခြင်းကို တိုက်ထုတ်ဖို့ စိတ်ကူး မရှိဘဲ ဆင်းရဲခြင်းအောက်မှာ ခေါင်းငုံ့ခံနေကြလို့ ပဲဖြစ်ပါတယ်။ ဒီလောက်ဆိုးတဲ့ ဆင်းရဲခြင်း၊ ဒီလောက် နာကျည်း မုန်းတီးစရာကောင်းတဲ့ ဆင်းရဲခြင်းကို ကျွန်တော်တို့မှ မတိုက်ရင် ဘယ်သူက ကိုယ်စား တိုက်ပွဲဝင်ပေးမှာ လဲ။


ကိုယ့်ဘ၀၊ ကိုယ့်မိသားစု ဆင်းရဲတွင်းက လွတ်ဖို့ ကိုယ်တိုင်မှ မရုန်းထွက်ရင် တစ်သက်လုံး ဆင်းရဲနေဦးမှာ ပါပဲ။ ဘယ်သူ့ကိုမှ အပြစ်တင် မနေပါနဲ့။ ဆင်းရဲတွင်းထဲမှာ ထိုင်ပြီး လက်ညှိုးထိုး အပြစ်တွေပြောနေမယ့် အစား ဆင်းရဲတွင်းက လွတ်မြောက်အောင် ကြိုးပမ်းသင့်ပါတယ်။ ကိုယ် ကိုယ်တိုင်လည်း လွတ်မြောက်ရ မယ်၊ ကိုယ့်မိသားစုကိုလည်း ဆင်းရဲတွင်းကနေ ကယ်တင်ရမယ်။ ဖြစ်နိုင်ရင် ကိုယ့်ပတ်ဝန်းကျင်က လူ သားတွေကိုလည်း ဆင်းရဲတွင်းက လွတ်ထွက်နိုင်အောင် ကူညီပေးနိုင်ရမယ်။ ဘာပဲ ဖြစ်ဖြစ် လွတ်လပ်ရေး ရဖို့ဆိုရင် အားလုံးအတူတူ တိုက်ကြရမှာပဲ မဟုတ်လား။ ဒီနေ့ကစပြီး ဆင်းရဲမွဲတေခြင်း ဆိုတဲ့ ရန်သူကြီးကို အသိဉာဏ် လက်နက်တွေ စွဲကိုင်ပြီး တိုက်ထုတ်ပစ် ကြရအောင်။

Post a Comment

Previous Post Next Post