မြောက်အမေရိကကို အဦးဆုံးတွေ့သူများ
မြောက်အမေရိကတိုက်ကို အရင်ရှာတွေ့ခဲ့သူများမှာ ဗိုက်ကင်း(Vikings)လူမျိုးများဖြစ်သည်။ ၄င်းတို့သည် ပင်လယ်ရေကြောင်းတစ်လျှောက် လှည့်ပတ်သွားလာသော သဘောင်္သားများဖြစ်ကြသည်။ ဗိုက်ကင်းတို့သည် သဘောင်္များဖြင့် ကမ္ဘာ့ရေပြင်များပေါ်တွင် နှစ်ပေါင်းငါးထောင်မျှ လှည့်လည် သွားလာခဲ့ကြသည်။ ကြေးခေတ်တွင် လူတွေသိထားပြီးသမျှ ရေပြင်များပေါ်တွင် ဗိုက်ကင်းလှေသဘောင်္များ ရောက်ခဲ့သည် ချည်းဖြစ်သည်ဟု ယူဆကြသည်။ ကမ္ဘာ့မြောက်ပိုင်း နယ်မြေမှ ဗိုက်ကင်းများသည် ကုန်သွယ်၊ ကုန်သည်များ မဟုတ်ကြပဲ သူတို့အခြေချနေထိုင်ဖို့ နယ်မြေသစ်များ ချဲ့ထွင်သူများဖြစ်ကြသည်။ ၎င်းတို့သည် သူတစ်ပါးနယ်မြေများကို အညှာအတာ ကင်းမဲ့စွာ ကျူးကျော်သိမ်းပိုက် တတ်သူများ ဖြစ်ကြသည်။ ဗိုက်ကင်းများသည် “ကိုလံဘတ်” ကို မမွေးမီ နှစ်ရာပေါင်းများစွာကတည်းက မြောက်အမေရိကတိုက် သို့ ရောက်ခဲ့ကြလေသည်။
Vikings
ဗိုက်ကင်းလူမျိုးများထဲမှ လိဖ်အဲရစ်ဆင် (Leif Ericson) ဆိုသူသည် မြောက်အမေရိကတိုက်ပေါ်တွင် ပထမဦးဆုံးခြေချနိုင်သူ ဖြစ်ခဲ့၏။ သူ့ခရီးစဉ်တွင် သင်္ဘောတစ်စီးနှင့် ဗိုက်ကင်းလူမျိုး သုံးဆယ့်ငါးဦးသာ ပါဝင်သည်။ သူအသုံးပြုခဲ့သည့် သင်္ဘောမှာ အစဉ်အလာရှိသည့် သင်္ဘောဖြစ်သည်။ လိဖ်သည် ထိုသင်္ဘောကို ဘဂျာနီဟာဂျပ်ဆန်ဆိုသူထံမှ ၀ယ်ခဲ့သည်။ ဗိုက်ကင်း စူးစမ်းရှာဖွေရေးသမား ဘဂျာနီသည် လိဖ်ထက်စောပြီး အမေရိကတိုက်ကို တွေ့ခဲ့သူဖြစ်နိုင်သည်။ ၉၈၅ ခုနှစ်တွင် ဘဂျာနီသည် စူးစမ်းရှာဖွေရေးခရီးထွက်ခဲ့သည်။ သို့သော် သူ့ခရီးစဉ်အကြောင်းနှင့် သူရောက်ရှိခဲ့သည်ဆိုသော ဒေသများအကြောင်း ရေးမှတ်ထားသည်မှာ တိကျမှုမရှိ။ သူ၏ ပြောဆိုချက်တွေကို သမိုင်းဆရာအများစုက လက်သင့်မခံ။ မည်သို့ပင်ဖြစ်စေ မြောက်အမေရိကတိုက်ပေါ်တွင် လိဖ် ခြေချနိုင်ခဲ့သည်ဆိုသည့် အချက်မှာမူ ယုံမှားသံသယ ဖြစ်ဖွယ်မရှိချေ။
ခရစ်နှစ် ၁၀၀၃ခုနှစ်တွင် “သော်ဖင်းကာဆယ်ဖနီ” ဆိုသည့် ကူးသန်းရောင်းဝယ်ရေးသမား ဦးဆောင်ပြီး သဘောင်္သုံးစင်းပေါ်တွင် ယောက်ျားတွေ သူတို့မိသားစု များ အပြင် အိမ်မွေးတိရိစ္ဆာန်များကို သယ်ဆောင်လာကြသည်။ သူတို့သည် အရှေ့ဘက်ကမ်းခြေတစ်နေရာတွင် အခြေချပြီး လယ်ယာစိုက်ပျိုးရေး လုပ်ကြသည်။ သို့သော် အင်ဒီးယန်းလူရိုင်းများ အကြိမ်ကြိမ်တိုက်ခိုက်မှု ကိုခံခဲ့ရပြီး အင်းဒီးယန်း လူရိုင်းများမှာ အင်အား များပြားလွန်းသဖြင့်၊ ဗိုက်ကင်းစစ်သည်တော် များသည်ပင် မနိုင်လောက်အောင် ဖြစ်ရသည်။ တဖြည်းဖြည်း တိုက်ရင်းနှင့် သူတို့အင်အားနည်းလာကြသည်။ ၁၀၀၆ ခုနှစ်တွင်မူ မသေမပျောက်ကျန်နေသူများ သည် တစ်စီးတည်းသော သဘောင်္ဖြင့် ဂရင်းလန်းသို့ တပ်ဆုပ်ခဲ့ရလေသည်။
ဗိုက်ကင်းများက မြောက်အမေရိကတိုက်ကို ပစ်ပယ်ထားကြသည်မှာ ကိုလံဘတ် က ၎င်းတိုက်ကို ပြန်လည် တွေ့ရှိသည့် အလယ်ခေတ်အထိ ဖြစ်တော့၏။
အမေရိကတိုက်ကို ပြန်လည်တွေ့ရှိခြင်း
ဆယ်ငါးရာစုအရောက်တွင် အနောက် ကမ္ဘာသည် အရှေ့ဖျားဒေသ သို့ပေါက်မည့် ရေလမ်းကြောင်း တစ်ကြောင်းကို ရှာဖွေတွေ့ရှိရန် အလွန်စိတ်အားထက်သန်ကြလေပြီ။ ဝေးမြေရပ်ခြားမှ ကုန်ပစ္စည်းများသည် အနောက်ကမ္ဘာသို့ လုံလုံလောက်လောက် ရောက်မလာ။ ဤကား လွန်ခဲ့သည့် နှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့သည် ပြဿနဖြစ်၏။ သည်တစ်ကြိမ် ပြဿနာပေါ်ရာခြင်းမှာ အင်အားကြီး အုပ်စုနှစ်ခုကြောင့် ဖြစ်သည်။
တူရကီလူမျိုးများသည် အလွန်အမင်း တန်ခိုးအာဏာ ကြီးထွားလာပြီး၊ ကုန်လမ်း အတော်များများကို ပိတ်ဆို့ထားကြသည်။ တစ်ချိန်တည်းတွင် အာရပ်လူမျိုးများက မြေထဲပင်လယ်နှင့် အရှေ့ပိုင်း ပင်လယ်နီ၏ ရေကြောင်းများကို ထိန်းချုပ်ထားသည်။ အနောက်ကမ္ဘာသည် အရှေ့တိုင်းနှင့် အဆက်အသွယ် ရလိုက်တိုင်း နိုင်ငံတစ်ခုခုက အပြန်အလှန် ကူးသန်းရောင်းဝယ်မှုကို ဖြတ်ကျော်ပစ်သကဲ့သို့ ရှိနေသည်။ သည်တော့ စူးစမ်းရှာဖွေရေး သမားတွေ တစ်စခန်း ထရပြန်တော့၏။
ကမ္ဘာကြီးလုံးသည်ဆိုသည်ကို ယုံကြည်ခဲ့သည်မှာ ကိုလံဘတ် တစ်ဦးတည်းလား
Christopher Columbus
ဆယ့်ငါးရာစုအရောက်တွင် အာဖရိကတိုက်ကို ရေလမ်းဖြင့် ပတ်သွားနိုင်သည်ဆိုခြင်းကို လူများစုက မေ့လျော့နေကြပြီ ဖြစ်၏။ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ပြီး အနောက်ဘက်သို့ သွားလျှင် တရုတ်ပြည်၊ အိန္ဒိယပြည်နှင့် အရှေ့တိုင်းအင်းဒီးဒေသများ သို့ ရောက်နိုင်သည်ဆိုသည် ဟူသည့် အယူအဆ ပေါ်ပေါက်ခဲ့သည်မှာ ကြာပြီ။ ၎င်းအယူအဆသည် မှန်ကန်၏။ သို့သော် လမ်းခရီးတွင် အမေရိက တိုက်ကြီးနှစ်တိုက်က ပိတ်ဆို့ကာဆီးနေသည် ဆိုသည့်အချက်ကို ဘယ်သူမျှ မသိကြသေး။
အနောက်ဘက်သို့ ဦးတည်ရွက်လွှင့်ခြင်းအားဖြင့် အရှေ့အရပ်သို့ ရောက်နိုင်သည် ဆိုသည့် အချက်ကို လက်ခံနိုင်ရန်မှာ ကမ္ဘာကြီ။လုံးဝန်းနေသည် ဆိုသည့်အချက်ကို ယုံကြည်မှ ဖြစ်ပေမည်။ ဂျီနိုအာမြို့သား ရေကြောင်း ကပ္ပတိန် ခရစ်စတိုဖာကိုလံဘတ်က ထိုအချက်ကိုယုံကြည်သည်။ ထိုသို့ ယုံကြည်သည်မှာ သူတစ်ဦးတည်း မဟုတ်ချေ။
Pythagoras
ကမ္ဘာကြီးလုံးဝန်းနေကြောင်းကို ဘီစီ ၅၀၀ကပင် ဂရိစာပေပညာရှင် ပိုင်သာဂိုးရပ်က အတည်ပြုခဲ့သည်။ ခရစ်နှစ် ၁၂၅၀ တွင် နော်ဝေမှ ပြုစုသည့် ကျောင်းသုံးစာအုပ်တစ်အုပ်တွင်လည်း ထိုအချက်ကို ဖော်ပြခဲ့သည်။
အရှေ့အင်ဒီး ဒေသသို့ ကိုလံဘတ်ဘာကြောင့် သွားချင်သလဲ
ကိုလံဘတ်သည် ဘ၀ရည်မှန်းချက် တစ်ခုတည်းသာ ရှိခဲ့ဟန်တူ၏။ ၎င်းရည်မှန်းချက်ကား အတ္တလန်တိတ် သမုဒ္ဒရာကို ကျော်ဖြတ်ပြီး အရှေ့အင်ဒီးဒေသသို့ သွားရောက်ရေးပင်ဖြစ်သည်။
သူ့ခရီးအောင်မြင်ရေးအတွက် သူက နက္ခတ္တပညာ၊ မြေပုံဆွဲပညာ၊ ရေကြောင်းပြ ပညာတို့ကို လေ့လာသည်။ ဗိုက်ကင်းလူမျိုးများ ရောက်သွားသည်ဟု ဆိုသော အင်္ဂလန်နှင့် အိုက်စလန်ကျွန်းသို့င် ရေလမ်းမှ သွားခဲ့သည်။
သို့သော် သူသည် အမှားကြီးမှားခဲ့သည်။ သူက ကမ္ဘာကြီးကို အမှန်တကယ်ရှိသည်ထက် သေးငယ်သည်ဟု ယူဆခဲ့ပြီး အာရှတိုက်ကိုမူ အမှန်တကယ်ရှိသည်ထက် ပိုကြီးသည်ဟု ထင်မှတ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူက ရေကြောင်းခရီးထွက်ဖို့ သန္နိဌာန် ချထားသည်။ သူက သည်ခရီးကို မဖြစ်မနေ သွားမည်သာဖြစ်၏။ သည်ခရီးကို ထွက်ခြင်းမှာ ဘယ်နိုင်ငံအတွက်မျှ မဟုတ်သလို၊ ဘယ်ရှင်ဘုရင်အတွက်မျှ မဟုတ်။ သူ့သွေးသားအထဲကကို သွားချင်နေသဖြင့် သူ့အတွက်သူ သွားခြင်းသာ ဖြစ်၏။