cross

cross

Saturday, July 2, 2016

ဘာသာမတူမိတ်ဆွေများ သဘောပေါက်နားလည်နိုင်ဖို့ ဗလီဝတ်ကျောင်းတော် အကြောင်း အကျဉ်း

အင်္ဂလိပ်လို ဗလီကို Mosque လို့ခေါ်ပါတယ်။ အဲဒီ Mosque ဆိုတဲ့ စကားလုံးက အာရဗီလိုအခေါ်အဝေါ် Masjid (မက်စ်ဂျစ်ဒ်) ကနေ ဆင်းသက်လာတာပါ။ ဗမာလိုအခေါ်အဝေါ် ဗလီဆိုတာကတော့ ဟိန္ဒီဘာသာစကား “ပလ္လီ” ကနေ ဆင်းသက်လာတယ်လို့ မှတ်သားရပါတယ်။ ဗလီရဲ့ တိုက်ရိုက်အဓိပ္ပာယ်ကတော့ “အမိန့်နာခံတဲ့နေရာ”ပါ။ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ၀ပ်တွားရိုးကျိုး နာခံကိုးကွယ်တဲ့ နေရာပေါ့။ မွတ်စလင်တွေက ဗလီဝတ်ကျောင်းတော်တွေကို “အလ္လာဟ်အရှင်မြတ်ရဲ့ အိမ်တော်တွေ” လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဗလီဝတ်ကျောင်းတော်တွေဟာ တမန်တော် မုဟမ္မဒ် (Peace Be Upon Him) လက်ထက်တော်ကတည်းက တာဝန်အမျိုးမျိုး ထမ်းဆောင်ခဲ့ကြပါတယ်။ ဘာသာရေးအပြင် လူမှုနိုင်ငံရေး၊ ပညာရေး အစရှိတာတွေပေါ့။ ဒါပေမဲ့ ဗလီတိုင်းမှာ အဓိကလုပ်ဆောင်ရတာကတော့ အလ္လာဟ်အရှင်မြတ်ကို ခ၀ပ်ကိုးကွယ် ဆည်းကပ်ခြင်းဖြစ်ပါတယ်။

ဗလီဝတ်ကျောင်းတော်တွေက အရွယ်အစားအမျိုးစုံရှိပါတယ်။ ပုံစံဒီဇိုင်းတွေကလည်း ဒေသအလိုက် မတူညီတတ်ပါဘူး။ ဒေသအလိုက် လူဦးရေများရင်များသလို ဗလီအရွယ်အစားလည်း ကြီးမားတတ်ပါတယ်။ ဒေသခံ ဗိသုကာပညာရှင်တွေနဲ့ ယဉ်ကျေးမှုတွေအရ ဗလီဝတ်ကျောင်းတွေရဲ့ ပုံစံဒီဇိုင်းအလှတွေကလည်း ကွဲပြားတတ်ပါတယ်။

အရင် ခေတ်ကာလတုန်းက ဗလီဝတ်ကျောင်းတော်တွေဟာ တမန်တော် မုဟမ္မဒ် ၀တ်ပြုဆုတောင်းခဲ့တဲ့နေရာတွေကို အခြေခံထားပါတယ်။ ဗလီဟာ တမန်တော်မြတ်ရဲ့ နေအိမ်ခြံဝင်းလည်းဖြစ်နိုင်ပါတယ်။ အဲဒီတုန်းကဗလီတွေဟာ မြေလွတ်တစ်ခုကို အပေါ်ကနေ အမိုးမိုးလိုက်ရုံနဲ့ အဆင်ပြေပါပြီ။

ဗလီအများစုမှာ အမိုးခုံးတွေရှိပါတယ်။ အပေါ်ဆုံးမှာတော့ ငါးမြှောင့်ကြယ်နဲ့ လခြမ်းကို တွေ့နိုင်ပါတယ်။ တချို့ကတော့ အဲဒီကြယ်နဲ့လဟာ အစ္စလာမ်ဘာသာကိုကိုယ်စားမပြုဘူးလို့ ဆိုကြသလို တချို့ကလည်း အောက်ပါအတိုင်း ဖွင့်ဆိုကြပါတယ်။

ငါးမြှောင့်ကြယ်ဟာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယုံကြည်ခြင်းတာဝန် အုတ်မြစ်ငါးပါးကို မှတ်မိနေစေဖို့ဖြစ်ပါတယ်။ လကတော့ အစ္စလာမ်ဘာသာရဲ့ အထွဋ်အမြတ် ရက်စွဲတွေကို ဖော်ပြတဲ့ လအခြေခံပြက္ခဒိန် (Lunar Calendar) ကို ရည်ညွှ်န်းတယ်လို့ ဆိုပါတယ်။

ဗလီအများစုမှာ မျှော်စင်တစ်ခုပါတတ်ပါတယ်။ အဲဒီမျှော်စင်ကို မီနာရဟ် (Minaret) ၀တ်တက်နှိုးဆော်စင် လို့ခေါ်ပါတယ်။ အဲဒီ မီနာရဟ်ပေါ်မှာ မုအက်ဇင် (နိဗ္ဗာန်ဆော်)က မွတ်စလင်တွေ ဗလီတက်ဖို့ တစ်နေ့ငါးကြိမ် ဖိတ်ခေါ်ကြပါတယ်။ ဗလီတိုင်းလိုလိုမှာ ၀တ်မပြုမီ ကိုယ်လက်သန့်စင် (၀ိုဇူလုပ်) ဖို့အတွက် ရေကန်ကြီးတစ်ကန် သို့မဟုတ် အုတ်ထိုင်ခုံအစီအရီနဲ့ ရေပိုက်ခေါင်းတွေ ရှိတတ်ပါတယ်။

(၁) ဗလီထဲဝင်တာနဲ့ အောက်ပါတို့ကို တွေ့ရမှာပါ။

** ဗလီထဲမှာ အိမ်တွေဧည့်ခန်းထဲမှာ တွေ့ရသလိုမျိုး အိမ်ထောင်ပရိဘောက ပစ္စည်းတွေ တွေ့ရမှာမဟုတ်ပါဘူး။ လူတိုင်းက ကြမ်းပြင်ပေါ်မှာ တပြေးညီထိုင်ရမှာပါ။ ချွင်းချက် - ကျန်းမာရေးအခြေအနေအရ အောက်မှာ မထိုင်နိုင်သူတွေအတွက် ခုံစီစဉ်ပေးထားတာတွေ ရှိပါတယ်။

** ဗလီကြီးတွေမှာဆိုရင် အောက်ကအခင်းကို အသေအချာ ဒီဇိုင်းဖော်ထားပါတယ်။ ၀တ်ပြုသူတွေ ညီညီညာညာဝတ်ပြုလို့ရအောင်၊ ထိုင်ရပြုရအဆင်ပြေအောင် အခင်းမှာ မျဉ်းတားပေးထားတတ်ပါတယ်။

** ၀တ်ပြုဆုတောင်းသူတွေဟာ ဆော်ဒီအာရေးဗျနိုင်ငံ မက္ကာဟ်မြို့မှာရှိတဲ့ ကာဘာ ၀တ်ကျောင်းတော်ကို မျက်နှာမူပြီး ၀တ်ပြုရပါတယ်။ မက္ကဟ်က ကာဘာ ၀တ်ကျောင်းတော်ကို မျက်နှာမူရာအရပ်ကို ကစ်ဘလာဟ် (Qiblah) လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံအတွက် ကစ်ဘလာဟ်ကတော့ အနောက်ဘက်ကိုကျပါတယ်။ ဘာကြောင့်လဲဆိုရင် မက္ကာဟ်မြို့က မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာ ရှိနေလို့ပါ။ မြေပုံကြည့်ရင် တွေ့နိုင်မှာပါ။ ဒါကြောင့် မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေက အနောက်ဘက်ကို ခြေမဆင်းကြဘူး၊ တံတွေးလှည့်မထွေးတတ်ကြပါဘူး။

** ၀တ်ပြုဆုတောင်းဖို့ ကစ်ဘလာဟ်ဘက်ကို မျက်နှာမူရာအရပ်က နံရံမှာ အမှတ်အသားအဖြစ် ကလိုင်ပေါက်တစ်ခု လုပ်ထားတတ်ပါတယ်။ အဲဒီကလိုင်ပေါက်ကို မဲဟ်ရာဘ် (Mihrab) လို့ ခေါ်ပါတယ်။ မဲဟ်ရာဘ်ကို ဘုရားစင်လို့ အထင်မှားတတ်ကြပါတယ်။ အဲဒီမဲဟ်ရာဘ်ကို ရှိခိုးနေကြတယ်လို့ ထင်တတ်ကြပါတယ်။ အဲဒါမှားပါတယ်။ မဲဟ်ရာဘ်က ဖန်ဆင်းရှင်ကို အာရုံစိုက်ဖို့နဲ့ မျက်နှာမူရာကို ညွှန်ပြဖို့ သက်သက်ပါပဲ။

** အဲဒီ မဲဟ်ရာဘ်ကလိုင်ပေါက်ဘေးမှာ လှေကားထစ်ပါတဲ့ စင်မြင့်လေးရှိတတ်ပါတယ်။ အဲဒီစင်မြင့်ကို မင်ဘရ် (Minbar) လို့ ခေါ်ပါတယ်။ တရားဟောစင်မြင့်လို့ ပြောရင် မှန်မယ်ထင်ပါတယ်။ အဲဒီစင်မြင့်ပေါ်မှာ အီမာမ် (Imam) ရှေ့ဆောင်ဆရာတော်က ဘာသာရေးစာပေတွေ ဖတ်ကြားတယ်၊ တရားဟောတာတွေ လုပ်ပါတယ်။

** ဗလီထဲမှာ ဆင်းတု၊ ရုပ်တုတွေ၊ သက်ရှိတွေကိုရေးဆွဲထားတဲ့ ပန်းချီကားချပ်တွေ တွေ့ရမှာမဟုတ်ပါဘူး။ ဒါ့အပြင် ဖန်ဆင်းရှင်အလ္လာဟ်အရှင်အမြတ်ရဲ့ ရုပ်ပုံ၊ တမန်တော်မုဟမ္မဒ်နဲ့ တခြား တမန်တော်တွေရဲ့ ရုပ်ပုံကားချပ်တွေကိုလည်း တွေ့ရဖို့ မရှိပါဘူး။ အဲဒီပန်းချီကားတွေ ရုပ်တုတွေနေရာမှာ ကောင်းကင်ကျကျမ်း ကုရ်အာန်ကျမ်းစာထဲက စာပိုဒ်တွေကို လက်ရေးအလှပညာနဲ့ ပုံဖော်ထားတဲ့ စာအလှပန်းချီကားတွေ၊ အုတ်ထွင်းလက်ရာတွေကိုသာ တွေ့ရမှာပါ။ ဒါ့အပြင် တမန်တော်မုဟမ္မဒ်ရဲ့ မိန့်မှာချက်တွေကိုလည်း အခါအားလျော်စွာ တွေ့ရဦးမှာပါ။

** ကျမ်းတော်မြတ်ကုရ်အာန်အပြင် တခြားသော ဘာသာရေးဆိုင်ရာ စာအုပ်စာပေတွေကို ဖတ်နိုင်ဖို့အတွက် စာအုပ်စင်တွေ၊ ဘီဒိုတွေလည်းရှိပါသေးတယ်။

** တချို့သော ဗလီတွေမှာ ပင်မဝတ်ပြုဆောင်အပြင် အမျိုးသမီးသီးသန့်ဝတ်ပြုဆောင်၊ အစ္စလာမ့်အခြေခံဘာသာရေး စာသင်ကျောင်း၊  ရှေ့ဆောင် ဆရာနဲ့ နိဗ္ဗာန်ဆော် မိသားစုတို့အတွက် အိမ် (သို့) အခန်း၊ နာရေးအတွက် ထမ်းစင်နှင့် နိဗ္ဗာန်ယာဉ် (အချို့မြို့ရွာများတွင်တော့ ရန်ပုံငွေ အခက်အခဲအရ မရှိပါ) တို့ ရှိကြပါတယ်။

** ၀တ်ပြုဆောင်တွေက အခန်းအလွတ်တွေဖြစ်ပြီး ရှေ့ဆောင်ဆရာနောက်နေ လိုက်ပြီး လူစုလူဝေးနဲ့ ၀တ်ပြုကြဖို့အတွက်ပါ။ ၀တ်ပြုဆုတောင်းရင် ကျမ်းမြတ်ကုရ်အာန်ပါ ပါဒတော်တွေကို ရွတ်ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ ဂုဏ်တော်တသခြင်းနဲ့ မေတ္တာပို့သခြင်းတွေကို မတ်တပ်ရပ်၊ ဦးညွှတ်၊ ထိုင်၊ ဦးချခြင်း အနေအထားတွေနဲ့ ၀တ်ပြုဆုတောင်းရပါတယ်။ ပုံမှန် တစ်နေ့ငါးကြိမ် စုဝေး ၀တ်ပြုခြင်းအပြင် ၀တ်ပြုဆောင်တွေမှာ တစ်ဦးချင်းအလိုက် သို့မဟုတ် အုပ်စုလိုက်ဆိုသလို တရားဓမ္မ ဆွေးနွေးခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ဂုဏ်တော်တသခြင်း၊ တရားထိုင်ခြင်း၊ ရမ်ဇာန်ဥပုသ်လမှာဆိုရင် တရားစခန်းဝင်ခြင်း(အေ့သေကာဖ်) တွေလုပ်ကြပါတယ်။

** ဒါ့အပြင် ဗလီထဲမှာ သာရေးနာရေးကိစ္စတွေဖြစ်တဲ့ သေဆုံးသူအတွက် ၀တ်ပြုဆုတောင်းပေးခြင်း၊ လူမှုရေးကိစ္စတွေနဲပ ပတ်သက်ပြီး အစ္စလာမ့်ဓမ္မသတ်မှူး ပညာရှင်များက ဆုံးဖြတ်ပေးခြင်း၊ စေ့စပ်ကြောင်းလမ်းထိန်းမြားလက်ထပ်ပေးခြင်း၊ နေ့ထူးညမြတ်တွေနဲ့ ရမ်ဇာန် ဥပုသ်လတွေမှာ အလှူအတန်းများလုပ်ခြင်းတို့ကိုလည်း လုပ်ပါတယ်။

(၂) ၀တ်တက်နှိုးဆော်သံ

ဝတ်တက်နှိုးဆော်စင်မှ နိဗ္ဗာန်ဆော်က ဗလီကို မွတ်စလင်တွေ ၀တ်လာပြုဖို့ အာရဗီဘာသာစကားနဲ့ တစ်နေ့ကို ငါးကြိမ် နှိုးဆော်ရပါတယ်။

အသံထွက်နဲ့အဓိပ္ပာယ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Allahu Akbar
God is Great
အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသည်
(၄ကြိမ်)

Ashhadu an la ilaha illa Allah
I bear witness that there is no god except the One God.
အလ္လာဟ်အရှင်မြတ်မှအပ အခြား ခ၀ပ်ကိုးကွယ်ခြင်းခံထိုက်သူ မရှိ သက်သေခံပါ၏
(၂ကြိမ်)

Ashadu anna Muhammadan Rasool Allah
I bear witness that Muhammad is the messenger of God.
မုဟမ္မဒ်သခင်သည် မြတ်ရှင်အလ္လာဟ်၏ တမန်တော်ဖြစ်ကြောင်း သက်သေခံပါ၏
(၂ကြိမ်)

Hayya 'ala-s-Salah
Hurry to the prayer (Rise up for prayer)
ဝတ်ပြုရန် လာရောက်ကြလော့
(၂ကြိမ်)

Hayya 'ala-l-Falah
Hurry to success (Rise up for Salvation)
အောင်မြင်မှုဆီသို့ လာရောက်ကြလော့
(၂ကြိမ်)

Allahu Akbar
God is Great
အလ္လာဟ်အရှင်မြတ်သည် အကြီးမြတ်ဆုံး ဖြစ်ပါသည်
(၂ကြိမ်)

La ilaha illa Allah
There is no god except the One God
အလ္လာဟ်အရှင်မြတ်မှအပ အခြား ခ၀ပ်ကိုးကွယ်ခြင်းခံထိုက်သူ မရှိ သက်သေခံပါ၏
(၁ကြိမ်)

အရုဏ်မတက်ခင်ဝတ်ပြုဆုတောင်းဖို့ ဖိတ်ခေါ်ရာမှာတော့ ငါးပိုဒ်မြောက် မတိုင်ခင်မှာ အောက်ပါအပိုဒ်ကို ထည့်သွင်း ဖိတ်ခေါ်ပါတယ်။

As-salatu Khayrun Minan-nawm
Prayer is better than sleep
ဝတ်ပြုဆုတောင်းခြင်းက အိပ်စက်ခြင်းထက် ပိုမြတ်ပါတယ်။
(၂ကြိမ်)

ဒီဝတ်တက်နှိုးဆော်သံဟာ မကောင်းဆိုးဝါးနဲ့ မာရ်နတ် (စေတန်) တွေရဲ့ ရန်ကနေ ကင်းဝေးပြီး မင်္ဂလာအဖြာဖြာ ကျရောက်စေဖို့ လို့ သွန်သင်ထားပါတယ်။

(၃) ဗလီထဲကို ဘာသာခြားတွေ ၀င်လို့ရလား

အစ္စလာမ်ဘာသာရဲ့သင်ကြားမှုအရ ဟဂ်ျဘုရားဖူးဖို့အတွက် သီးသန့်ဖြစ်တဲ့ မက္ကာဟ်မြို့က ကာဗာဝတ်ကျောင်းတော်ကလွဲပြီး ကျန်ဝတ်ကျောင်းတော်အားလုံးကို ရည်ရွယ်ကောင်းကောင်းထားပြီး လေ့လာခွင့်ရှိပါတယ်။ ရည်ရွယ်ကောင်းကောင်းဆိုရာမှာ ၀တ်ကျောင်းတော်အကြောင်းကို အမြင်ရှင်းသွားအောင် သိလိုခြင်း၊ အစ္စလာမ်ဘာသာကို လေ့လာလိုခြင်း အစရှိတာတွေကို ဆိုလိုတာပါ။ ဘာသာတရားတိုင်းမှာ ၀တ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အထွဋ်အမြတ်ထားတဲ့အဆောက်အအုံတွေနဲ့ ပတ်သက်ပြီး ရိုသေဖို့အတွက် စည်းမျသ်းစည်းကမ်းတွေရှိပါတယ်။ ဘုရားစေတီတွေအပေါ်ကို ဖိနပ်ချွတ်ပြီး တက်ရတာကို ဥပမာပေးချင်ပါတယ်။

အစ္စလာမ်ဘာသာဝင်တွေရဲ့ ဗလီမှာလည်း အလားတူစည်းကမ်းတွေရှိပါတယ်။ ဗလီထဲဝင်မယ်ဆိုရင် အစ္စလာမ့်တရားတော်အရ သတ်မှတ်ထားတဲ့ ကိုယ်သန့်စင်မှုရှိခြင်း၊ လုံလုံခြုံခြုံဝတ်စားဆင်ယင်ထားခြင်း၊ အမျိုးသမီးအမျိုးသား မရောယှက်ခြင်းတွေပါပါတယ်။ ဗလီဝတ်ကျောင်းတော်ထဲကို ဘာသာခြားတွေ ၀င်ရောက်လေ့လာတဲ့ သမိုင်းက တမန်တော်မုဟမ္မဒ် လက်ထက်တော်ကတည်းက ရှိခဲ့ပြီးသားပါ။ ဒီနေ့ခေတ် သတင်းစာမျက်နှာတွေပေါ်မှာလည်း မကြာမကြာတွေ့နိုင်မှာပါ။

အကိုးအကားများ -  khanacademy.org, dummies.com, The Complete Idiot Guide to Understanding Islam, MMSY မှ မမေးလည်းဖြေ (၈) ငြိမ်းချမ်းသူ

ဗလီဝတ်ကျောင်းတော်အကြောင်း အမေးအမေလေးနဲ့ အရှည်ဖတ်ရှုလိုသူများအတွက် - http://www.scribd.com/fullscreen/31425421?access_key=key-1zix8l1moykogzockces

(စတီဗင်)


0 comments:

Post a Comment