အမုန်းတရားတွေထဲမှာမှ ဘာသာရေးနဲ့ ပတ်သက်တဲ့ အမုန်းတရားက ပိုပြီးကူးစက်လွယ်သလို အန္တရာယ်လည်း အလွန်ကြီးပါတယ်။ သူ့ရဲ့ အကျိုးဆက်ကတော့ စာမျက်နှာတိုင်း သွေးစွန်းနေလေ့ရှိပါတယ်။ ဒီလိုသမိုင်းစာမျက်နှာထက်မှာ အကျည်းတန်တန် သွေးစွန်းခဲ့တဲ့ နေရာတစ်ခုကို ၂၀၁၆-ခု နှစ်ဆန်းပိုင်းမှာ ရောက်ဖြစ်ခဲ့တယ်။
ကြီးကျယ်ခမ်းနားလှတဲ့ ဆစ်ခ်ဘုရားကျောင်းကြီးထဲ လျှောက်ကြည့်ရင်း တစ်နေရာရောက်တော့ နံရံပျက်လေးတစ်ခုက အုတ်ပေါက်ရာတွေကို လူနှစ်ယောက် သဲကြီးမဲကြီး ဓာတ်ပုံရိုက်နေကြတာတွေ့လိုက်ရတယ်။ တမင်ပြုပြင်ထားခြင်းမရှိတဲ့ အဲဒီနံရံကွက်လေးကို ငေးကြည့်ရင်း ဘာဖြစ်လို့ အဲဒီနေရာကို ဓာတ်ပုံရိုက်တာလဲလို့ သူတို့ကို လှမ်းမေးလိုက်တယ်။ လူလတ်ပိုင်းအရွယ် ဆစ်ခ်ဘာသာဝင် အမျိုးသားနှစ်ယောက်က လှည့်ကြည့်ပြီး ပြန်ဖြေပါတယ်။
“ဒါ အိန္ဒိယအစိုးရဲ့ လက်ချက် ကျည်ပေါက်ရာတွေလေ။ ဟိုနားက ကျောင်းဆောင်ကြီးကို တွေ့လား။ အဲဒါ အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခွင်းခဲ့တာကြောင့် လုံးဝပျက်စီးသွားခဲ့လို့ အသစ်ပြန်ဆောက်ထားရတာ။ တိုက်ခိုက်မှုကြောင့် ဒီကျောင်းဝင်းထဲမှာ တို့ဆစ်ခ်ဘာသာဝင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်။ ၁၉၈၄-ခု ရွှေကျောင်းတော် တိုက်ခိုက်ခံရမှုကို ငါတို့တွေ ဘယ်တော့မှ မေ့သွားမှာမဟုတ်ဘူး။” နာကျည်းမှုတွေ အမုန်းတွေ တဟုန်းဟုန်းနဲ့ ပြောနေတဲ့ သူ့ကို ကြည့်ရင်း ကျည်ချက် ၃၃ ချက်နဲ့ သွေးအိုင်ထဲ လဲနေတဲ့ အင်ဒီရာဂန္ဓီကို သတိရလိုက်မိပါတယ်။
Golden Temple လို့ နာမည်ကျော်တဲ့ ဆစ်ခ်ဘုရားကျောင်းကြီးဟာ ဆစ်ခ်ဘာသာဝင်တွေအတွက် အထွတ်မြတ်ထားရဆုံး နေရာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀-ကျော်လောက်က ဒီနေရာကနေပဲ ဆစ်ခ်ဘာသာ ဆိုတဲ့ ကိုးကွယ်ယုံကြည်မှု အယူဝါဒတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အခုဆိုရင် ကမ္ဘာ့ကိုးကွယ်မှု ဘာသာကြီးတွေထဲမှာ ပဉ္စမမြောက် လူဦးရေအများဆုံး ဘာသာတစ်ခုလည်း ဖြစ်ပါတယ်။
အချို့စစ်တမ်းတွေအဆိုရ ကမ္ဘာတစ်ဝှမ်း ကိုးကွယ်သူ ၂၅-သန်းကျော်လောက်ရှိပြီး အဲဒီထဲမှာမှ ၈၃ ရာခိုင်နှုန်းလောက်က အိန္ဒိယနိုင်ငံမှာ နေထိုင်ကြပါတယ်။ လူဦးရေ သန်းပေါင်း ၁၃၁၂-သန်းကျော် နေထိုင်တဲ့ အိန္ဒိယနိုင်ငံရှိ ဆစ်ခ်ဘာသာဝင် အရေအတွက်မှာ စုစုပေါင်း နိုင်ငံလူဦးရေရဲ့ ၁.၇ရာခိုင်နှုန်းသာ ရှိပါတယ်။ အဓိက အများဆုံးနေထိုင်တာက အိန္ဒိယမြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာပါ။ ဒီရွှေကျောင်းတော်ဟာလည်း ပန်ဂျပ်ပြည်နယ်၊ အမရစ်ဆာမြို့ (ပါကစ္စတန်နယ်စပ်အနီး)မှာ တည်ရှိပါတယ်။
၁၉၈၄-ခု ဇွန်လဆန်းမှာ ဝန်ကြီးချုပ် အင်ဒီရာဂန္ဓီ အမိန့်ပေးခဲ့တဲ့ အိန္ဒိယစစ်တပ်ဟာ ၈-ရက်ကြာ ကြယ်ပြာစစ်ဆင်ရေးနဲ့ ရွှေကျောင်းတော်မှာ တပ်စွဲထားတဲ့ ဆစ်ခ်လက်နက်ကိုင် ခွဲထွက်ရေးတပ်ကို ချေမှုန်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းအရင်းများထဲက တစ်ခုက ပန်ဂျပ်ကို သီးခြားနိုင်ငံတစ်ခုအဖြစ် ခွဲထွက်ချင်ရာကနေ စခဲ့တယ်လို့လည်း မြင်မိပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း သီးခြားခွဲထွက်သွားတဲ့ ပါကစ္စတန်ကို နမူနာယူပြီး ဆစ်ခ်ဘာသာဝင်တွေကလည်း ခါလီစတန် လို့ အမည်ပေးထားတဲ့ နိုင်ငံတစ်ခုအဖြစ် ပန်ဂျပ်ကို အိန္ဒိယကနေ ခွဲထွက်ချင်နေကြပါတယ်။ ဒီခါလီစတန်လှုပ်ရှားမှုဟာ ၁၉၇၀၊ ၁၉၈၀ အလွန်ကာလတွေမှာ အထွတ်အထိပ်ကို ရောက်လာပြီး ၁၉၈၀ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်ရေးအသွင်ကို ကူးပြောင်းလာခဲ့ပါတယ်။ (သူတို့ကို အိန္ဒိယအစိုးရဘက်ကတော့ ခွဲထွက်ရေး အကြမ်းဖက်သမားတွေလို့ ခေါ်ဝေါ်သုံးနှုန်းကြတယ်)။
၁၉၈၀ နောက်ပိုင်း ဒီလက်နက်ကိုင်တပ်ကို ဦးဆောင်ခဲ့သူကတော့ ဆစ်ခ်ဘာသာရေး ခေါင်းဆောင် ဂျာနေး ဆင်း ဘင်ဒရာဝေးလ် ဖြစ်ပြီး ဆစ်ခ်လက်နက်ကိုင်တပ်ဖွဲ့ဟာ ရွှေကျောင်းတော်ကြီးမှာ အခိုင်အမာခြေကုတ်ယူပြီး တပ်စွဲထားခဲ့ကြပါတယ်။ ၁၉၈၀-ခုနှစ် မတိုင်ခင်ကတည်းက အိန္ဒိယအစိုးရဟာ ခွဲထွက်ရေးဆစ်ခ်ခေါင်းဆောင်တွေနဲ့ အကြိမ်ကြိမ် ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။
ဆစ်ခ်ခွဲထွက်ရေးဘက်ကလည်း ခါလီစတန်နိုင်ငံအဖြစ် တရားဝင်ကြေငြာမှုတွေအပြင် မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်၊ တံဆိပ်ခေါင်း စတဲ့ သီးခြားနိုင်ငံအဖြစ် ခွဲထွက်လုပ်ဆောင်မှုတွေကို အရှိန်အဟုန်နဲ့ လုပ်ဆောင်လာကြပါတယ်။ နှစ်ဖက်တင်းမာမှုတွေ ပိုမိုပြင်းထန်လာပြီး ညှိနှိုင်းမှုတွေ မအောင်မြင်တဲ့အဆုံးမှာတော့ ၁၉၈၄ ကြယ်ပြာစစ်ဆင်ရေး ဖြစ်ပွားခဲ့တဲ့အခြေအနေထိ ရောက်ခဲ့ရတယ်။
ဒီစစ်ဆင်ရေးမှာ အစိုးရတပ်ဘက်၊ ဆစ်ခ်ခွဲထွက်ရေးတပ်ဘက်အပြင် ဆစ်ခ်အရပ်သားများအပါအဝင် လူပေါင်းများစွာသေဆုံးခဲ့ကြရတယ်။ ဆစ်ခ်ဘာသာရေးခေါင်းဆောင် ဂျာနေးဆင်းအပါအဝင် နှစ်ဘက် တပ်ခေါင်းဆောင်တချို့ ကျဆုံးခဲ့ရလောက်အောင် စစ်ဆင်ရေးက အလွန်ပြင်းထန်ခဲ့ပြီး ရွှေကျောင်းတော်ကြီးလည်း အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။ ၁၉၈၄ ဇွန် ၁၀ ရက်နေ့မှာတော့ စစ်ဆင်ရေးပြီးဆုံးပြီး အစိုးရတပ်က ဆစ်ခ်လက်နက်ကိုင်တပ်တွေကို ချေမှုန်းကာ ရွှေကျောင်းတော်ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုအပြီး လေးလကျော်အကြာ ၁၉၈၄ အောက်တိုဘက် ၃၁ ရက်နေ့မှာတော့ အင်ဒီရာဂန္ဓီဟာ ဆစ်ခ်ဘာသာဝင် သက်တော်စောင့် ၂-ဦးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ သူတို့ရဲ့ အထွတ်အမြတ်ထားရာ ရွှေကျောင်းတော်ကြီး ပျက်စီးခဲ့ရခြင်းအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အင်ဒီရာဂန္ဓီ့အပါး ၁၀ နှစ်ကြာ စောင့်ရှောက်ပေးခဲ့တဲ့ လူယုံတော် ဘင့်ဆင်းက စတင်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
တကယ်တော့ အင်ဒီရာဂန္ဓီဟာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်သလို ၂၀ ရာစုရဲ့ ထင်ရှားကျော်ကြားတဲ့ ထိပ်တန်းအမျိုးသမီး နိုင်ငံရေးခေါင်းဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ (လွတ်လပ်ရေးကြိုးပမ်းမှု ခေါင်းဆောင် ဂျာဝါဟာလား နေရူးရဲ့ သမီးဖြစ်တဲ့ အင်ဒီရာဟာ မဟတ္တမ ဂန္ဓီကြီးနဲ့ ဆွေမျိုးတော်စပ်ခြင်းမရှိပါဘူး။ ရှေးပါးရှမ်းဘာသာဝင် ပါစီအမျိုးသား ဖီလို့(ဇ်)ဂန္ဓီနဲ့ လက်ထပ်ရာမှ အင်ဒီရာဂန္ဓီ ဖြစ်လာတာပါ။)
သန်းပေါင်းများစွာသော အိန္ဒိယပြည်သူတွေရဲ့ အားကိုးအားထားရာ၊ ဒီလို တိုင်းပြည်ရဲ့ အဖိုးတန်ခေါင်းဆောင် ကို ဆစ်ခ်သက်တော်စောင့် ၂-ဦးက လုပ်ကြံသတ်ဖြတ်လိုက်တယ်ဆိုတဲ့ သတင်းကြီးဟာ အိန္ဒိယနိုင်ငံတစ်ဝှမ်းကို မီးတောက်ကြီးတစ်ခုလို တမုဟုတ်ချင်း ပျံ့နှံ့သွားခဲ့ပါတယ်။ ဒီဒေါသမီးတွေကြောင့်ပဲ ၁၉၈၄ ဆစ်ခ်ဆန့်ကျင်ရေး အဓိကရုဏ်းကြီး ပေါ်ပေါက်ခဲ့ရပါတယ်။ အင်ဒီရာဂန္ဓီ လုပ်ကြံခံရမှုအပြီး ၄ ရက်အတွင်း ထောင်ပေါင်းများစွာသော ဆစ်ခ်ဘာသာဝင်တွေဟာ အစုလိုက်အပြုံလိုက် အသတ်ခံခဲ့ရပါတယ်။
အစိုးရရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒီအဓိကရုဏ်းအတွင်း လူပေါင်း ၂၇၀၀ သေဆုံးခဲ့တယ်လို့ ဆိုပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ သတင်းစာများကတော့ လူပေါင်း ၁၀၀၀၀ ကနေ ၁၇၀၀၀ အထိ သေဆုံးမှုရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ အဓိကရုဏ်းကြောင့် ဆစ်ခ်ဘာသာဝင်ပေါင်း ၂၀၀၀၀ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားသော်လည်း လူ့အခွင့်အရေးအဖွဲ့အစည်းတွေကတော့ အနည်းဆုံး ဆစ်ခ် ၅၀၀၀၀ လောက်ဟာ အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။
အခုရေးနေတဲ့ ဒီဆောင်းပါးဟာ ဘယ်ဘက်က မှန်တယ်၊ ဘယ်ဘက်က မှားတယ်ဆိုပြီး မှတ်ချက်ချဖို့ ရေးနေတာ မဟုတ်ပါဘူး။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ်ဆိုပြီး အငြင်းပွားနေကြတာလည်း နှစ်ပေါင်း ၃၀ ကျော်လာပါပြီ။ ရွှေကျောင်းတော်ကြီး တိုက်ခိုက်ခံရတဲ့ ကြယ်ပြာစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်တို့ မိတ်ဆွေတွေ အချင်းချင်းမှာတောင် အမြင်မတူကြပါဘူး။
အမေရိကန်ကြီးတစ်ယောက်ကတော့ အင်ဒီရာဂန္ဓီရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝထောက်ခံပြီး အဲဒီလိုသာမလုပ်ခဲ့ရင် လက်ရှိအာဖဂန်နစ္စတန်လို ဖြစ်သွားမှာပေါ့လို့ မှတ်ချက်ပေးလေ့ရှိတယ်။ နောက်ထပ် မိတ်ဆွေတစ်ယောက်ကတော့ ဒါဟာ မဖြစ်သင့်ဘူး၊ ရက်စက်ရာကျတယ်၊ ဖြေရှင်းနည်းမမှန်ဘူးလို့လည်း ဆိုပြန်တယ်။ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဆစ်ခ်ဘာသာဝင်တွေ အချင်းချင်းမှာတောင် သဘောထားကွဲလွဲမှုတွေ အများကြီးရှိနေပါတယ်။ ကိုယ်ကတော့ ဘယ်သူမှားတယ် မှန်တယ်ဆိုတာထက် ဒီအဖြစ်အပျက်ကြီးထဲကနေ ကိုယ် ဘာတွေ သင်ခန်းစာရလိုက်သလဲ၊ ဘာတွေ သတိပြုမိလိုက်သလဲ ဆိုတာတွေကိုပဲ အဓိက အာရုံစိုက်ပါတယ်။
နောက်ပြီး ဒီစာကို မရေးခင်မှာရော ရေးနေတဲ့အချိန်တွေမှာပါ ကြောင့်ကြစိုက်နေမိတာ တစ်ခုရှိပါတယ်။ အဲဒါက အခုရေးနေတဲ့စာကြောင့် မြန်မာပြည်မှာ မှီတင်းနေထိုင်နေကြတဲ့ လူနည်းစု ဆစ်ခ်ဘာသာဝင်တွေကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာပါ။ ဒါကြောင့် ဒီဆောင်းပါးဟာ ဆစ်ခ်ဘာသာရေးကို ဝေဖန်သုံးသပ်ထားတဲ့ ဆောင်းပါးတစ်ပုဒ် မဟုတ်ဘူးဆိုတာကိုလည်း အသိပေးပါရစေ။ အိန္ဒိယအစိုးရနဲ့ ဆစ်ခ်ခွဲထွက်ရေးသမားတွေကြား ဖြစ်ပျက်ခဲ့ကြတာတွေကနေ သတိပြု သင်ခန်းစာယူခဲ့ရတာတွေကသာ ဒီစာကို ရေးရတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။
ဒီနေရာမှာ ပထမဆုံး သတိပြုမိတာကတော့ ခါလီစတန် (The Land of the Pure) လို့ခေါ်တဲ့ သီးခြားနိုင်ငံတစ်ခု ခွဲထွက်ချင်တဲ့အချက်ပါ။ အိန္ဒိယနဲ့ ပါကစ္စတန် ပိုင်းခြားခဲ့ကြတုန်းကလည်း သန်းချီတဲ့ ပြည်သူတွေ သေဆုံးခဲ့ရတယ်။ သွေးပျက်စရာကောင်းလောက်တဲ့ အဓိကရုဏ်းကြီးတွေ ဖြစ်ခဲ့ရတယ်။ အခုချိန်ထိလည်း ဟိန္ဒူစတန် (The Land of Hindus - အိန္ဒိယ) နဲ့ ပါကစ္စတန်ဟာ မဟာရန်သူတွေအဖြစ် ပြဿနာတွေ ဖြစ်နေကြတုန်းပါပဲ။
အဲဒီ ပါကစ္စတန် ခွဲထွက် ပိုင်းခြားသွားမှု အပါအဝင် ဒီခါလီစတန် လှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် ဘာသာရေးကို အခြေခံနေတာ တွေ့ရတယ်။ ဘာသာရေးကို အဓိကထားပြီး ခွဲထွက်ခြင်းတွေက ပိုပြီး အန္တရာယ်ကြီးတယ်ဆိုတာ အိန္ဒိယ-ပါကစ္စတန် က အကောင်းဆုံးဥပမာတစ်ခုပါပဲ။ ၁၉၈၀ နောက်ပိုင်း ဆစ်ခ်ဘာသာရေးခေါင်းဆောင် ဂျာနေးဆင်းရဲ့ ခါလီစတန်လှုပ်ရှားမှုမှာ ဘာသာရေးနဲ့ နိုင်ငံရေးအာဏာ ရောယှက်နေတယ်ဆိုတာ တွေ့ရပါမယ်။
ဆစ်ခ်ဗိသုကာလက်ရာတွေနဲ့ ခမ်းနားထည်ဝါလှတဲ့ ဒီရွှေကျောင်းတော်ကြီးဆီကို လာရောက်သူပေါင်း နေ့စဉ် တစ်သိန်းကျော် ရှိပါတယ်။ ဝတ်ပြုဆုတောင်းကြသူများ၊ မုန့်ဆက်ကပ်လှူကြသူများ၊ တရားနာကြသူများ၊ ဓမ္မတေးနားဆင်ကြသူများနဲ့ တင့်တယ်လှတဲ့ ဒီလိုဘုရားကျောင်းကြီးထဲမှာ ဟိုး … တစ်ချိန်ကတော့ လက်နက်ကိုင်ဆစ်ခ်တပ်ဖွဲ့တွေ တပ်စွဲခဲ့ကြတယ်ဆိုတဲ့ မြင်ကွင်းကို ပြန်ပြီး ပုံဖေါ်ကြည့်မိတယ်။ အဲဒါရဲ့ အကျိုးဆက်ဖြစ်တဲ့ ဘုရားကျောင်းကြီး စစ်မြေတလင်းဖြစ်ခဲ့ရတာကိုလည်း ပြန်မြင်ယောင်မိတယ်။ စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာသာရေးရောယှက်မှုဟာ ပဋိပက္ခတွေကို ပိုပြီး ရှုပ်ထွေး ကြီးထွားသွားစေခဲ့ပါတယ်။
အိန္ဒိယအစိုးရဟာ လက်နက်ကိုင်ခွဲထွက်ရေးတပ်ကို ၁၉၈၄ ဇွန်လ ၁၀ ရက်နေ့မှာ စစ်ရေးနဲ့ အဆုံးသတ် ချေမှုန်းနိုင်ခဲ့ပေမယ့် ဆစ်ခ်ဘာသာဝင်တွေရဲ့ ရင်ထဲက အမုန်းမီးတွေကိုတော့ အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဘာသာရေးအဆိပ်ရဲ့ ကြောက်စရာကောင်းပုံကို ဘင့်ဆင်းက သက်သေပြလိုက်ပါတယ်။
ဘင့်ဆင်းဟာ သစ္စာရှိရှိနဲ့ အင်ဒီရာဂန္ဓီ့အပါးမှာ ၁၀ နှစ်ကြာ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကိုယ်ရံတော်တစ်ယောက်ပါ။ ပြီးတော့ အင်ဒီရာဂန္ဓီ သဘောအကျဆုံး သက်တော်စောင့်လည်းဖြစ်တယ်။ ဒါပေမယ့် ဘာသာရေးနဲ့ ထိတဲ့အခါကျတော့ ဒါတွေက ပျောက်သွားတာပါပဲ။ သူ့အသက်နဲ့ ရင်းပြီး ၁၀-နှစ်ကြာ ကာကွယ်စောင့်ရှောက်ခဲ့ရတဲ့သူကို ရက်ရက်စက်စက် ပြန်ပြီး သတ်ရဲသွားလောက်အောင် ဘာသာရေးအဆိပ်က ပြင်းလွန်းလှပါတယ်။ သူတို့ အထွတ်အမြတ်ထားရတဲ့ ရွှေကျောင်းတော်ရှိ အဆောက်အအုံ ပျက်စီးခဲ့ရမှုတွေ မြင်တော့ နာကျည်းမှုတွေက အပြင်းထန်ဆုံးအဆင့်ကို ရောက်ကုန်တော့တာပါပဲ။
ဘင့်ဆင်း နဲ့ ဆတ်ဝန့်ဆင်းတို့ရဲ့ အမုန်းတရားတွေနဲ့ လုပ်ကြံခဲ့မှုတွေက နောက်ထပ် ပိုမိုကြီးမားတဲ့ အမုန်းတရားတွေကိုသာ ဖြစ်ပွားစေခဲ့ပါတယ်။ မကြံကောင်း မစည်အပ်တဲ့ ကြံစည်လုပ်ဆောင်ချက်တွေရဲ့ နောက်ဆက်တွဲက မတွေးဝံ့လောက်အောင် လှုပ်ခတ်သွားခဲ့တယ်။
သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ သူတို့ နှစ်ယောက်အပေါ်ထားတဲ့ အမုန်းတရားတွေက ဆစ်ခ်ဘာသာဝင်တွေဆီကို ပုံချခံရတော့တာပါပဲ။ အင်ဒီရာဂန္ဓီလုပ်ကြံခံရမှုအပြီး ပေါ်ပေါက်ခဲ့တဲ့ ဆစ်ခ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် ဆစ်ခ်ဘာသာဝင်တွေ အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဉ်ကို ကြည့်ပြီး အတော်လေးကို သံဝေဂရမိပါတယ်။ အမုန်းတရားတွေရဲ့ သဘောသဘာဝကိုက အေးချမ်းမှုတွေကို ကွယ်ပျောက်စေပြီး ပူလောင်မှုတွေနဲ့ အကျည်းတန်စေတယ်။
နောက်ထပ် သတိပြုမိတာကတော့ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက အချက်တစ်ခုပါ။ ကြယ်ပြာစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ရတဲ့ ဆစ်ခ်ဘာသာရေးခေါင်းဆောင် ဂျာနေးဆင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲ၂၅ (Article 25)ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ ဒီပဋိပက္ခတွေ စတင်ဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းရင်းတွေထဲက အကြောင်းတစ်ချက်လို့လည်း ပြောလို့ရပါတယ်။
အခြေခံဥပဒေရဲ့ အပိုဒ်ခွဲ၂၅မှာ ဖော်ပြထားတာက ဆစ်ခ်၊ ဂျိမ်း၊ ဗုဒ္ဓဘာသာကို ဟိန္ဒူဘာသာရဲ့ အစိတ်အပိုင်းအဖြစ် တရားဝင်ကြေငြာကာ ဟိန္ဒူဘာသာ ကိုယ်ပိုင်ဥပဒေ (Personal law) အောက်မှာ ထည့်သွင်းထားပါတယ်။ မွတ်ဆလင်၊ ခရစ်ယာန်၊ ရှေးပါးရှား နှင့် ဂျူးဘာသာဝင်တွေကျတော့ သူတို့ဘာသာတစ်ခုချင်းစီအတွက် ပြဋ္ဌာန်းပေးထားတဲ့ သီးခြား ကိုယ်ပိုင်ဥပဒေတစ်ခုစီနဲ့ အုပ်ချုပ်ခံကြရပါတယ်။ ဆိုလိုတာက ဆစ်ခ်၊ ဂျိမ်း၊ ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်းပေးထားခြင်း မရှိပါဘူး။
ဒါ့အပြင် ဆစ်ခ်၊ ဂျိမ်းနှင့် ဗုဒ္ဓဘာသာဝင်တွေရဲ့ တရားဝင်အနေအထား (Legal Status) ကို ဟိန္ဒူဘာသာဝင်အဖြစ် ၁၉၅၅ အိမ်ထောင်ရေးဥပဒေမှာ အတိအကျဖွင့်ဆိုထားပါတယ်။
ဒါတွေနဲ့ ပတ်သက်ပြီး ၂၀၀၅ ခုနှစ်က နိုင်ငံတော်တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို တစ်နေရာမှာ တွေ့လိုက်ပါတယ်။ သူက ဘယ်လို အကြောင်းပြချက်ပေးထားသလဲဆိုတော့ ဂျိမ်း၊ ဆစ်ခ်၊ ဗုဒ္ဓဘာသာတို့ဟာ ချဲ့ထွက်လာတဲ့ဟိန္ဒူဘာသာရဲ့ အစိတ်အပိုင်းတွေ ဖြစ်ကြတယ်။ သီးခြားဘာသာတစ်ခုစီ ဖြစ်နေကြပေမယ့် အားလုံးဟာ အိန္ဒိယကနေ ပေါ်ထွက်ခဲ့တဲ့ ဘာသာတွေဖြစ်တဲ့အတွက်ကြောင့် တစ်ဘာသာနဲ့ တစ်ဘာသာ အပြန်အလှန် ဆက်စပ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
နိုင်ငံလူဦးရေရဲ့ ၀.၇ ရာနှုန်းရှိတဲ့ ဗုဒ္ဓဘာသာဝင်၊ ၀.၄ ရာနှုန်းသာရှိတဲ့ ဂျိမ်းဘာသာဝင်၊ ၁.၇ ရာနှုန်းရှိတဲ့ ဆစ်ခ်ဘာသာဝင်၊ ဒီလူနည်းစုတွေအတွက် ကိုယ်ပိုင်ဥပဒေနဲ့ မိသားစုဥပဒေတွေကတော့ အခုချိန်ထိ အငြင်းပွားဝေဖန်မှုတွေ ခံနေရတုန်းပါပဲ။ အယူဝါဒ မတူတာတွေကို မတူတဲ့အတိုင်း အမှန်အတိုင်း လက်မခံပေးဘဲ မတူတာတွေကို တူပါတယ်ဆိုပြီး အတင်းဆွဲစေ့ထားတာဟာ ဖြေရှင်းနည်းမှန်ရဲ့လားလို့ မေးခွန်းထုတ်ချင်စရာ ကောင်းနေပါတယ်။
လူနည်းစုတွေရဲ့ မကျေနပ်မှုတွေ၊ ခွဲထွက်လိုမှုတွေ၊ အဓိကရုဏ်းတွေကို ဆက်လက်ဖြစ်ပေါ်လာစေဖို့ အကြောင်းအရင်းတွေလို့လည်း မြင်မိပါတယ်။ မျှတမှုတွေ မရှိတော့ဘူးဆိုရင် ထကြွပုန်ကန်မှုတွေကလည်း ပေါ်ပေါက်လာတော့တာပါပဲ။ တရားမျှတမှုမရှိပဲနဲ့ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ဆိုတာကို တည်ဆောက်လို့ မရပါဘူး။ သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် မျှမျှတတ နားလည်မှုတွေ ပေးနိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာပါ။ မနိုင်လို့ ငုံ့ခံခြင်းဆိုတဲ့ အောင့်အီးသည်းခံနေရတာတွေကလည်း ကြောက်စရာကောင်းတဲ့ အမုန်းတွေပါပဲ။
ဒီလို လူနည်းစုတွေအပေါ် ဖိနှိပ်ထားတဲ့ ဥပဒေတွေကို တွေ့ရတော့ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းတွေနဲ့ ဟိန္ဒူအမျိုးသားရေးဝါဒီတွေရဲ့ အခန်းကဏ္ဍကို သတိပြုလိုက်မိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေမှာ တချို့ အချိုးအကွေ့တွေမှာ ဟိန္ဒူအမျိုးသားရေးဝါဒီတွေရဲ့ ဖိအားပေးမှုတွေက တစ်ခါတစ်ခါ သိပ်ကိုအကျည်းတန်လှပါတယ်။ ဥပမာတစ်ခုဆိုရင် ကမ္ဘာကျော် ဂန္ထဝင်ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီကြီးကို လုပ်ကြံသတ်ခဲ့သူက ဟိန္ဒူအမျိုးသားရေးဝါဒီတစ်ယောက်ပဲ။ Hindu Mahasabha အဖွဲ့ရဲ့ အဖွဲ့ဝင်ပါ။
အိန္ဒိယကနေ ပါကစ္စတန် နယ်မြေပိုင်းခြားချိန် (ဟိန္ဒူ-မွတ်ဆလင် အဓိကရုဏ်း) မှာ အိန္ဒိယမွတ်ဆလင်တွေရဲ့ နိုင်ငံရေးတောင်းဆိုမှုတွေအပေါ် ဂန္ဓီရဲ့ သဘောထားကို မကျေနပ်လို့ လုပ်ကြံတာလို့ ဆိုထားပါတယ်။ တကယ်တော့ ဂန္ဓီကြီးဆိုတာ ဟိန္ဒူဘာသာရဲ့ အကြမ်းမဖက်ဝါဒကို ကမ္ဘာကျော်အောင် လုပ်နိုင်ခဲ့တဲ့ ဟိန္ဒူဘာသာရဲ့ သူတော်ကောင်းကြီးပါ။
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ပထမဦးဆုံးအနေနဲ့ ပြသခဲ့တဲ့ သူ့ရဲ့ အကြမ်းမဖက်ဝါဒကို အင်္ဂလိပ်ကိုလိုနီတွေ ဒူးထောက်ခဲ့ကြရတယ်။ ဒီလို ဘာသာတရားကိုင်းရှိုင်းတဲ့ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကိုတောင် ပြန်ပြီး သတ်ရဲတယ်ဆိုတော့ အဲဒီအမျိုးသားဝါဒီဆိုသူရဲ့ စိတ်အစဉ်မှာ အမျိုးသားရေးအဆိပ်တွေ ဘယ်လောက်တောင်များ တက်နေမှာပါလိမ့်။ ဒီလို အမျိုးသားရေးဝါဒီတွေကတော့ နိုင်ငံအတွက် သိပ်ကို အန္တရာယ်ကြီးလွန်းပါတယ်။
ပြောချင်တာက လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း အဲဒီလို ဟိန္ဒူအမျိုးသားရေးဝါဒီတွေ၊ ဟိန္ဒူဘာသာရေးခေါင်းဆာင်တွေရဲ့ ဖိအားပေးမှုတွေကို အိန္ဒိယအစိုးရဟာ မလွှဲမသွေ ရင်ဆိုင်ခဲ့ကြရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ်ခွဲ၂၅ ရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်နေကြမလဲ ဆိုတာကိုလည်း သတိပြုမိပါတယ်။ ဒါပေမယ့် ဒီ့အကျိုးဆက်ကိုတော့ အင်ဒီရာဂန္ဓီတစ်ယောက်ထဲက ပုံပြီးခံလိုက်ရသလိုပဲလို့ မြင်မိတယ်။
တကယ်တော့ အင်ဒီရာဂန္ဓီဟာ ဆစ်ခ်ဘာသာဝင်တွေကို လေးစားသူတစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ဆစ်ခ်သက်တော်စောင့် လုံခြုံရေးအရာရှိတွေကို တာဝန်ပြောင်းခိုင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့တာတွေကိုလည်း သူက လက်မခံခဲ့ပါဘူး။ ဆစ်ခ်ဘာသာဝင်တွေ အပါအဝင် တချို့တွေကတော့ အင်ဒီရာဂန္ဓီကို ရက်စက်တယ်လို့ မြင်ကြပေမယ့် တခြားတစ်ဖက်ကကျတော့လည်း သူ့ကို သူရဲကောင်းကြီးလို့ ဆိုကြပြန်လေရော။ နိုင်ငံရေးမှာ အားလုံးကြိုက်အောင်လုပ်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်တာပါပဲ။
ကိုယ်ကိုယ်တိုင်လည်း ဟိုးတုန်းကဆိုရင် မြန်မာပြည်မှာ ပဋိပက္ခတစ်ခုခု ဖြစ်ပြီးဆိုရင် လူထုခေါင်းဆောင်တွေဆီက အသံထွက်တာ သိပ်ကြားချင်ခဲ့တာ။ ဒါပေမယ့်လေ အခု ဒီအဖြစ်အပျက်တွေ သိရတော့ တော်တော်လေး ဆင်ခြင်မိသွားတယ်။ ဒါနဲ့ ပတ်သက်ပြီး စာတွေ လိုက်ဖတ်ကြည့်တော့ တစ်နေရာမှာ ပညာရှင်တစ်ယောက်က ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒီလို သုံးသပ်ထားတာတွေ့ရတယ်။ “အဓိကရုဏ်းပဋိပက္ခတွေဖြစ်ရတာဟာ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေကြောင့်၊ ဒါမှမဟုတ် အဓိကရုဏ်းဒေသက လူတွေရဲ့ ပညာမတတ်မှုကြောင့် ဖြစ်ရတာ” လို့ ဆိုထားပါတယ်။
အဲဒီစာလေးကို ဖတ်ပြီးပြီးချင်း ချက်ချင်းပဲ အဖြစ်အပျက်တစ်ခုကို သွားသတိရလိုက်မိတယ်။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီကာလဟာ မြန်မာနိုင်ငံအတွက် တကယ့်ကို အရေးကြီးနေတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ တစ်ချက်ကလေးမှ အမှားမခံတဲ့ကာလ။ အားလုံးက သတိထားနေရတဲ့ကာလ။ အဲဒီလို အချိန်မှာမှ ဓားဒဏ်ရာနဲ့ ပျံလွန်တော်မူနေတဲ့ ဘုန်းကြီးတစ်ပါးပုံကို အစိုးရရဲ့ ထိပ်တန်းဝန်ကြီးတစ်ဦးက သူ့ဖေ့ဘွတ်စာမျက်နှာပေါ် တင်လိုက်ပါတယ်။
တကယ်တော့ ဘုန်းကြီးက စိတ်ရောဂါဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အမှုပါ ဆိုတဲ့ သတင်းအတည်ပြုချက် ထွက်လာတဲ့အခါမှ ဝန်ကြီးက သူ တင်ထားတဲ့ဓာတ်ပုံကို ပြန်ဖြုတ်လိုက်ပါတယ်။ အဲဒီလို ထိလွယ်ရှလွယ် သွေးဆူလွယ်တဲ့ ဓာတ်ပုံတွေ၊ အမုန်းပွားစေမယ့် ဗွီဒီယိုတွေကို ဖြန့်ဝေလာပြီးဆိုရင်လည်း ဒါမျိုးကို ဘယ်တော့မှ အားမပေးရပါဘူး။ သတိပြုဆင်ခြင်ကြရပါမယ်။
တကယ်တော့ စောစောက ပညာရှင်ကြီး ပြောတဲ့ အဓိကရုဏ်း ဖြစ်စေချင်တဲ့သူတွေ၊ အဲ့ဒီကနေ နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ပုဂ္ဂိုလ်တွေဟာ မြန်မာပြည်မှာလည်း ရှိနေကြတယ်ဆိုတာ ပြည်သူတွေ သတိပြုစေချင်ပါတယ်။ အဓိကရုဏ်းတိုင်းက သွေးထွက်သံယိုမှုကို ဖြစ်စေတယ်ဆိုတာ မမေ့လိုက်ကြပါနဲ့။ အဲဒါကို ပြည်သူတွေကပဲ ခံကြရတာပါ။
သူပြောထားတဲ့ နောက်တစ်ချက်ဖြစ်တဲ့ ပညာမတတ်လို့ဆိုတာကလည်း ငြင်းလို့မရတဲ့အချက်ဖြစ်နေတယ်။ ဟုတ်တယ်လေ ဆင်ခြင်တုံတရားဆိုတဲ့ ပညာမရှိတော့တဲ့လူတွေကသာ သတ်ချင် ဖြတ်ချင်ကြတာ၊ အဓိကရုဏ်းတွေကို ဖြစ်ချင်ကြတာ။ လူ့အဖွဲ့အစည်းတစ်ခုမှာ အဓိကရုဏ်းတွေ ရန်ပွဲတွေ ပဋိပက္ခတွေ ဖြစ်ပေါ်ပြီဆိုရင် ဒါဟာ အဲဒီလူ့အဖွဲ့အစည်းရဲ့ ပညာအဆင့်အတန်းကို ပြနေတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့လူ့အဖွဲ့အစည်းကို အဓိကရုဏ်းတွေဖြစ်ပြီး ပညာမတတ်တဲ့၊ ဆင်ခြင်တုံတရားမရှိတဲ့ လူအဖွဲ့အစည်းဖြစ်ကြောင်း မပြသမိပါစေနဲ့။ ညီညွတ်ငြိမ်းချမ်းစွာ နေထိုင်ပြရင်း မိမိတို့ လူ့အဖွဲ့အစည်းကို ပညာရှိတဲ့ ဆင်ခြင်တုံတရားရှိတဲ့ လူ့အဖွဲ့အစည်းဖြစ်ကြောင်း ပြသကြစေချင်ပါတယ်။
၁၉၈၄ ဆစ်ခ်ဆန့်ကျင်ရေးတွေ ဖန်တီးပြီး ဆစ်ခ်ဘာသာဝင်တွေကို အစုလိုက်အပြုံလိုက်သတ်ပွဲတွေ လုပ်လိုက်ကြလို့လည်း အိန္ဒိယမှာ ဆစ်ခ်တွေ ကုန်သွားမယ်များထင်နေကြသလား။ အဝေးကြီးပဲ။ ဆစ်ခ်တွေ ပိုလို့တောင် တော်လာကြတယ်။ ပိုကြိုးစာလာကြတယ်။
အိန္ဒိယရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ ပိုလို့တောင် အရေးပါလာတယ်။ နေရာရလာကြတယ်။ ဥပမာ ၂၀၀၄ မှ ၂၀၁၄ အထိ အိန္ဒိယနိုင်ငံရဲ့ အမြင့်ဆုံးရာထူး ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ မန်မိုဟန်ဆင်း ဟာ ဆစ်ခ်ဘာသာဝင်ပါ။ ပြီးတော့ ဆစ်ခ်တွေ အများဆုံးနေထိုင်ကြတဲ့ ပန်ဂျပ်ပြည်နယ်က ပျမ်းမျှလူတစ်ဦးချင်းစီရဲ့ ဝင်ငွေဟာ အိန္ဒိယနိုင်ငံရဲ့ ပျမ်းမျှလူတစ်ဦးချင်းစီရဲ့ ဝင်ငွေထက် ၃ ဆ ပိုများပါတယ်။
နောက်တစ်ခုက အကြမ်းဖက်တုံ့ပြန်ခဲ့ကြလို့လည်း အမုန်းတရားတွေဟာ နှစ်ပေါင်း ၃၀ ကျော် ကြာလာသည့်တိုင် ရှင်သန်နေကြတုန်းပါပဲ။ ရန်ကြွေးတွေက မပြီးဆုံးနိုင်သေးဘူးဖြစ်နေတယ်။ ပန်ဂျပ်ပြည်နယ်က ဘတ်စ်ကားတွေပေါ်မှာ၊ လူစည်ကားရာနေရာတချို့မှာ “၁၉၈၄ ကို ဘယ်တော့မှ မမေ့ဘူး”၊ “မီးတွေလောင်နေတုန်းပဲ”၊ “တော်လှန်ရေးကြီး ဆင်နွှဲကြစို့” စတဲ့ စတစ်ကာတွေ၊ ပိုစတာတွေကို ဒီနေ့အချိန်ထိ ကပ်ထားတာ တွေ့ခဲ့ရပါတယ်။ အဲဒါ အမုန်းတရားတွေရဲ့ နောက်ဆက်တွဲ အမုန်းတရားတွေပေါ့။ တကယ့်ကို သတိပြုဆင်ခြင်ဖို့ ကောင်းပါတယ်။
ဒီဖြစ်စဉ်ကြီးထဲမှာ ကိုယ့်ကို အမှတ်ရစေနေမယ့်သူကတော့ အင်ဒီရာဂန္ဓီပါပဲ။ တကယ်တော့ ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ “ချစ်သမီးထံသို့” စာအုပ်လေးကနေစပြီး ကိုယ်ဟာ အင်ဒီရာဂန္ဓီဆိုတဲ့ နာမည်ကို ငယ်စဉ်ကတည်းက ရင်းနှီးနေခဲ့ပါတယ်။ သူမနဲ့ ပတ်သက်ပြီး အိန္ဒိယအမျိုးသမီးတွေရဲ့ ခံစားချက်ကို ရောင်ပြန်ဟပ်စေခဲ့တဲ့ စကားလေးတစ်ခု ဟိုးတုန်းက ရှိခဲ့ဖူးတယ်။
အလှမယ်ပြိုင်ပွဲတစ်ခုမှာ ဒိုင်လူကြီးက “သင်သာ အတိတ်ဖြစ်ရပ်တွေထဲက အဖြစ်အပျက်တစ်ခုကို ခဲဖျက်တစ်ခုလို ဖျက်ခွင့်ရှိခဲ့မယ်ဆိုရင် ဘယ်အဖြစ်အပျက်ကို ဖျက်ပစ်လိုက်ချင်ပါသလဲ” လို့ မေးခဲ့တာကို အိန္ဒိယအလှမယ်လေးက “အင်ဒီရာဂန္ဓီလုပ်ကြံခံရမှု ဆိုတဲ့ အဖြစ်အပျက်ကြီးကို သမိုင်းထဲကနေ ဖျက်ပစ်လိုက်ချင်ပါတယ်”လို့ ဖြေခဲ့ဖူးတယ်။
အိန္ဒိယအမျိုးသမီးတွေရဲ့ စံပြဖြစ်ခဲ့တဲ့ အိန္ဒိယနိုင်ငံကို ဒုတိယ သက်တမ်းအရှည်ကြာဆုံး အုပ်ချုပ်ခဲ့တဲ့ တစ်ဦးတည်းသော အမျိုးသမီးဝန်ကြီးချုပ်ဖြစ်ခဲ့တဲ့ သူမလို ခေါင်းဆောင်တစ်ယောက်ဆုံးရှူံးခဲ့ရခြင်းအတွက် အိန္ဒိယအမျိုးသမီးများနဲ့ထပ်တူ တကယ့်ကို နှမြောတသဖြစ်မိပါတယ်။