cross

cross

Sunday, February 21, 2016

" လနှင့် ပတ်သက်သည့် တွက်ချက်ပုံနည်းလမ်းစုံ " (လေ့လာဖတ်ရှုထားဖို့ သင့်ပါတယ်)

လဆန်း လဆုတ် ရက်၊ လပြည့် လကွယ် ရက်တို့ကို သိရှိ နားလည်ခြင်း အားဖြင့်-

မြစ်ဝ ကျွန်းပေါ် ဒေသ၊ ပင်လယ် နှင့် နီးရာ ဒေသ တို့တွင် ဒီရေ အတက်အကျ အချိန်ကို ခန့်မှန်း တွက်ချက် နိုင်သည်။ မြန်မာ့ ရိုးရာ တွက်ပုံ မှာ- လဆန်း (သို့မဟုတ်) လဆုတ် ၁-ရက် နေ့တွင် ၁-ကျပ် မှ တစ်မတ် နှုတ်။ ၃-မတ် ကျန်။ ထို့ကြောင့်- နေ့လည် ၁၂း၄၅ မိနစ် နှင့် ည ၁၂း၄၅ မိနစ်တွင် ဒီရေ တက်မည်။ တစ်ခါ တက်လျှင် ၆-နာရီ ကြာ၍- ပြန်ကျချိန် ၆-နာရီ ကြာမည်။ မြန်မာ့ တပ်မတော် ရေတွင် မူ ထိုနည်းကို ပင်- အခေါ် အဝေါ် ပြောင်း၍- လဆန်း၊ လဆုတ် ရက်ကို တည်- ၃/၄ နှင့် မြှောက် ဟု သင်ကြားပေးသည်။ အတူတူ ပင် ဖြစ်သည်။ (ဤနည်းသည် တစ်ရက် ဒီရေ အတက် အကျ ၂-ကြိမ်ရှိသော မြန်မာ အပါအ၀င် နိုင်ငံ အချို့ အတွက် မှန်သော်လည်း- အခြား နိုင်ငံ ဒေသ များတွင်မူ အပြောင်းအလဲ ရှိပါသည်။)

ကျွန်တော်၏ ဇာတိ မြို့လေးသည်- ရန်ကုန်မြို့ မှ ရေမိုင် အားဖြင့် မိုင် ၅၀-ခန့် ခရီး အကွာအဝေး ရှိလေရာ- ရန်ကုန်တွင် ပညာသင်ကြား ရချိန် ကာလများက- ယခု ကဲ့သို့ ကားလမ်း များ မရှိသေးပဲ- သင်္ဘောများဖြင့် ခရီးသွားရပါသည်။ ရေစုန် ဖြစ်လျှင် ၃-၄ နာရီ ခန့် ဖြင့် ရောက်ရှိ နိုင်သော်လည်း- ရေဆန် ဖြစ်ပါက- ၅ နာရီ ၆-နာရီ ခန့် ကြာသွား တတ်လေရာ- ဒီရေ တက်ချိန် ကျချိန် ကို သိခြင်းဖြင့်- သင်္ဘောဖြင့် ခရီး သွား ရသော အနေအထားသည် ရေစုန် ဖြစ်သည် လား ရေဆန် ဖြစ်သည် လားကို ကြိုသိခြင်း ဖြင့်- မိမိမြို့လေး သို့- ရောက်ရှိမည့် အချိန် ကို ခန့်မှန်း နိုင်ခဲ့ ရပါသည်။

လပြည့် နှင့် လကွယ် ရက်တို့ တွင်- ဒီရေ သည် ထူးခြားစွာ တက်သဖြင့်- ထိုရက် ကို “ဂေါင်ရေ” (ခေါင်ရည် မဟုတ်ပါ။) ဟု ခေါ်၍- ထို လပြည့် နှင့် လကွယ် ရက်များ ၏ ရှေ့ နောက် ၃-၄ ရက် ကာလများ ကို “ရေထ ရက်” ဟု ခေါ်တွင်ပါသည်။ သို့သော်- လ သည် နေနှင့် ၉၀ ဒီဂရီ အနေအထား ကွာဝေး သော ရက်များ သို့ ရောက်လာ သော အခါ- ဒီရေ အတက် အကျ သည်- သိပ်မထင်ရှား တော့သဖြင့်- ထိုရက်များ ကို “ရေသေ ရက်” ဟု ခေါ်ပါသည်။


လ-ကို ကြည့် ၍- အချိန်ကို သိရှိ နားလည်ခြင်း အားဖြင့်-

ရှေးယခင် ခေတ်ကတည်းက- ကျွမ်းကျင်သော သေနာ ပတိ၊ စစ်ဗျူဟာမှူး၊ တပ်မှူး၊ တပ်မင်း၊ သွေးသောက်ကြီး စသည်တို့ သည်- မိမိ စခန်း အား ရန်သူ က အလစ်ဝင်ရောက် တိုက်ခိုက် နိုင်သည့် အချိန် သည်- ကောင်းကင်တွင် လမင်းကြီး ထွန်းလင်း နေသည့် အချိန် မဖြစ်နိုင်ကြောင်း သိရှိထား တတ်ကြသလို- မိမိ အနေဖြင့် ရန်သူ့ စခန်း အား အလစ်ဝင် ခြုံခို တိုက်ခိုက် မည် ဆိုပါက လည်း- မည်သည့် ညဘက်ပိုင်း ကို ရွေးချယ် ရမည်- ရရှိသော အချိန် ဖြင့် ကြိုတင် ပြင်ဆင် မှု များ ပြုလုပ် ထားရမည်ကို လေ့လာ သင်ယူထားကြရ၏။

ထို့အပြင်-
အကယ်၍- သင် အနေဖြင့်- စာရေးဆရာ တစ်ဦး ဖြစ်ပြီး- အောက်ပါ အတိုင်း ရေးချမိသည် ဆိုအံ့-

“၃-ရက် လဆန်း ၏ လခြမ်းဖဲ့လေးကို- ငေးမော ကြည့် နေယင်း- ကာလသားများ ဆုံတွေ့ နေကြ ညပိုင်း  ရွာထိပ် လ္ဘက်ရည်ကြမ်းဝိုင်း တွင် ကျွန်တော် ၀င်ရောက် နားထောင် မိ၏။ … “ စာဖတ်သူ ပညာရှိသည် ဤစာရေး ဆရာ၏ အမှားကို သတိပြုမိနိုင်၏။ အဘယ့်ကြောင့် ဆိုသော် လဆန်း ၃-ရက် လကို ညပိုင်း တွင် မြင်နိုင်စရာ အကြောင်း မရှိသော ကြောင့်တည်း။ (နေ၀င် ပြီး- ၂ နာရီ ကျော် အတွင်းသာ မြင် ရနိုင်ပါ၏၊)


ထိုနည်းတူ- အကယ်၍- သင် အနေဖြင့်- ရှေ့နေ တစ်ဦး၊ တရားသူကြီး တစ်ဦး ဖြစ်ခဲ့လျှင်-
လျှပ်စစ် မီးမရှိသော ကျေးရွာ တစ်ခု၊ သို့မဟုတ် မီးပျက်သော ည တစ်ခု တွင် ဖြစ်ပွားခဲ့သော ဓါးထိုးမှု တစ်ခု အတွက်- တစ်စုံတစ်ဦး သော သက်သေ တစ်ဦးမှ- “ဤတရားခံက- ကျွန်တော့် မိတ်ဆွေကို ဒါးဖြင့် ထိုးပြီး ထွက်ပြေးသွား သည်ကို လ-ရောင် အောက်တွင် ကျွန်တော် သဲသဲ ကွဲကွဲ မြင်လိုက်ပါသည်“ ဟု ထွက်ဆိုပါအံ့- အခင်း ဖြစ်ပွားသော ည သည် လပြည့်ကျော် ၈-ရက် ဖြစ်ပြီး- အခင်း ဖြစ်ပွားသော အချိန် သည် ည ၁၀-ခန့် ဖြစ်သည် ဆိုပါအံ့- ဤသက်သေ သည် လိမ်လည် ထွက်ဆို ခြင်း ဖြစ်သည် ကို နားလည် နိုင်စွမ်း ရှိရမည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်- လပြည့်ကျော် ၈-ရက်နေ့တွင် လမင်း သည် ည-သန်းခေါင် ကာလ ခန့်မှ သာ အရှေ့ဘက်မှ စတင် ထွက်ရှိသော ကြောင့် ဖြစ်၏။ လပြည့်နေ့ မှ စ၍- လ-သည် နေ၀င်ပြီး နောက် တစ်ရက်ခြင်း မိနစ် ၅၀ခန့် နောက်ကျမှ သာ ထွက်ပေါ် စမြဲ ဖြစ်၏။ လပြည့်ကျော် ၈-ရက် လသည် အတိုင်း အတာတစ်ခု  အလင်းရောင် ကို ပေးသော်ငြားလည်း- အမှု ဖြစ်ပွားချိန်တွင် လမထွက်သေးကြောင်း ကို ထောက်ပြ နိုင်ပါခြင်းဖြင့်- ထိုသက်သေ၏ လိမ်လည် မှု သည် ထင်ရှား ပါလိမ့်မည်။

ဤသည်မှာ နမူနာ အဖြစ်သာ ဖြစ်၍- အခြားသော လက်တွေ့ ဘ၀ နှင့် ပတ်သက် စရာများလည်း ရှိနေ နိုင်ပါသေးသည်။
ထို့ကြောင့်- ကောင်းကင် နက္ခတ် တာရာများသည်-
လူသားတို့ အတွက် လမ်းညွှန် လမ်းပြများ လည်း တစ်နည်း ဖြစ်ခဲ့၏။ ယခုလည်း ဖြစ်၏။ နောင်လည်း ဖြစ်နေဦး မည် ဖြစ်၏။
အသက်ကယ် လမ်းကြောင်းပြသူများ ဖြစ်ခဲ့၏။ ယခုလည်း ဖြစ်၏။ နောင်လည်း ဖြစ်နေဦး မည် ဖြစ်၏။
အချိန်ကာလ အတိုင်းအတာကို သတ်မှတ် သူများ ဖြစ်ခဲ့၏။ ယခုလည်း ဖြစ်၏။ နောင်လည်း ဖြစ်နေဦး မည် ဖြစ်၏။

တစ်ချိန်က- အနောက်နိုင်ငံ သား တို့သည် ကောင်းကင် နက္ခတ် တာရာ တို့ကို ကြည့်ရှု လေ့လာ၍- အရှေ့ အနောက် အရပ်မျက်နှာ များကို နားလည် ခြင်းဖြင့်- ပင်လယ် သမုဒ္ဒရာများကို ဖြတ်သန်း နိုင်၏။ ထိုသို့ ဖြတ်သန်း နိုင်ခြင်းကြောင့်- ဒေသန္တရ အသစ်တို့မှ ၄င်းတို့ လိုအပ်သည်များ၊ အသိဥာဏ် သစ်များကို ထပ်မံရ၏။ လိုအပ်သော နည်းပညာ တီထွင်မှု များ ထပ်မံ ပြုလုပ် နိုင်ခဲ့၏။ ထို့နောက်တွင် ထိုနိုင်ငံတို့ အား ကိုလိုနီ ကျွန်ပြု အုပ်ချုပ် နိုင်ခဲ့တော့၏။

ယခု ခေတ် အနေဖြင့်လည်း- အာကာသ ကို စိုးမိုး နိုင်သူ၊ အာကာသ အကြောင်း အကောင်းဆုံး သိသူ နိုင်ငံ တို့သည်- မဟာ အင်အားကြီး နိုင်ငံ ဖြစ်၍- ကမ္ဘာကို ချုပ်ကိုင် နိုင်ရေး အတွက်- အာကာသ မှ ထိန်းချုပ်ခြင်းသည် အကောင်းဆုံး ဖြစ်လာပြီး နောက် အာကာသ နှင့် ပတ်သက်၍ ခေတ်သစ် ကိုလိုနီ လုရန် စီစဉ် နေလျှက်လည်း ရှိကြပါသည်။

သို့သော်-
ကျွန်တော့်တို့ မြန်မာ အပါအ၀င် အာရှ နိုင်ငံ အများတို့တွင်မူ-
ကောင်းကင် နက္ခတ် တာရာများ ကြည့်ခြင်းကို-
ဗေဒင် ပညာဟု သတ်မှတ် လျှက်- ဘာတွေ့ယင် ဘာဖြစ်မည် ဟု ဟောသူက ဟော၏။
တိကျသော ကျမ်းဂန် နှင့် စနစ် တကျ လေ့လာ စမ်းစစ်သူများ လည်း ရှိ၏။
ရမ်းပစ်ပြီး မှန်သွားသူတို့လည်း ရှိ၏။ မမှန် သော်လည်း လှီးလွှဲ ပြောနိုင်သူတို့ ရှိ၏။
မည်သို့ ပင် ဖြစ်စေ- မြန်မာ အများစု အနေဖြင့်- ကောင်းကင် ကို တစ်စုံတစ်ယောက် က- ကြည့်ရှု လေ့လာယင်- ဘာတွေ့လဲ၊ ဘာတွေ ဖြစ်မှာလဲ စသဖြင့်- မေးလာတတ်၍- ၄င်းသည် နက္ခတ် ဗေဒင် ဟုပင် ယူဆ ထား၏။

အမှန်အားဖြင့်မူ-
ဂဏိတခေါ်- အတွက်အချက် ပညာဖြင့်- ကောင်းကင် မှ ဂြိုဟ်များ၏ သွားလာ၊ တည်ရှိမှု နှင့် ကောင်းကင် မှ ဂြိုဟ်များကို တွက်ချက်ခြင်း၊ အာကာသ သျှတ္တရ ပညာ ခေါ် ကောင်းကင် အား လေ့လာ ကြည့်ရှု ခြင်းသည်- ကောင်းကင် နက္ခတ် ပညာ (Astronomy) သာဖြစ်၍- Astrology ခေါ် နက္ခတ် ဗေဒင် နှင့် တိုက်ရိုက် သက်ဆိုင်ခြင်း မရှိပေ။ ၄င်းတို့သည် ဆက်ကား ဆက်စပ်၏။ Astrology ခေါ် နက္ခတ် ဗေဒင် ကို စနစ်တကျ တတ်မြောက်သော Astrologer တစ်ဦးသည်- နေလ တို့၏ အသွား အလာ နှင့်- Astronomy အကြောင်းကို အတိုင်းအတာ တစ်ခု အထိ သိထားကြ၏။

သို့သော် ရှေ့ပြေး ဟောပြောသူ (ယေဘူယျ အခေါ် ဗေဒင် ဆရာ) တိုင်း အနေဖြင့်- Astronomy အကြောင်း၊ နေလ နက္ခတ် တာရာ တို့ အကြောင်း သိသည် မဟုတ်။ အခြားနည်းများ၊ အကြားအမြင်၊ အစောင့် ပုဂ္ဂိုလ် အစွမ်းတို့ဖြင့် ဟောပြော ကြသူများ လည်း အများအပြား ရှိနေ၍- ၄င်းတို့လည်း သူတို့ ကိုယ်ပိုင် သက်ဆိုင်ရာ အစွမ်းဖြင့် ရပ်တည် ကြသော ကြောင့်တည်း။ မည်သည့် နည်း ကောင်းသည် ဟု မဆိုလိုပါ။ နည်းစနစ် တို့ များပြားစွာ ရှိခြင်း ကိုသာ ဆိုလိုပါသည်။ အဘယ့်ကြောင့် ဆိုသော်- အချို့ သူများ အနေဖြင့် ဗေဒင် ဆရာ ဆိုလျှင် အတူတူ ဟု နားလည် ထားတတ် မိတတ် ကြသော ကြောင့် ဖြစ်ပါသည်။

တစ်ဖန်- ကောင်းကင် အကြောင်း Astronomy သက်သက် ကို လေ့လာသော အဖွဲ့ အစည်း တို့သည် လည်း- ရှေ့ပြေး ဟောခြင်း ကို စိတ်မ၀င်စားကြ။ အပူရှိန် ဖိအားတို့ မြင့်မား၍ သက်ရှိ သတ္တ၀ါ အသက်ရှင်ရန် လုံးဝမဖြစ်နိုင်သော - သောကြာ ဂြိုဟ် ကို အချစ်ဂြိုဟ်၊ အလှ အပ ဂြိုဟ် ဟု ဗေဒင် ဆရာ Astrologer များက ယူဆခြင်း ကို Astronmer တို့က လုံးဝ လက်မခံနိုင်။

အဘယ့်ကြောင့်- ဆိုသော်- NASA ကဲ့သို့သော- Astronomy အဖွဲ့အစည်း တို့သည် အာကာသ အား လေ့လာ ခြင်း ဖြစ်သော်လည်း- ၄င်းတို့သည် ဗေဒင် ဟောပြောမှု ပညာနှင့် ဘာမျှ မဆိုင်သကဲ့- Astronomy ကို ကျွမ်းကျင်သော Astronomer အများစု အနေဖြင့်လည်း- ထိုနက္ခတ်များ၊ ဂြိုဟ်များက လူတို့၏ ကံကြမ္မာ၊ ကမ္ဘာသူသား တို့၏ ကံကြမ္မာပေါ်တွင် လွှမ်းမိုးသည် ဟု ယုံကြည်ခြင်း မရှိကြပေ။

သို့သော်လည်း- မြန်မာ လူမျိုး အများစု၏ ကောင်းကင် နက္ခတ် နှင့် ဗေဒင် ဆက်စပ်မည် ဟု ယုံကြည်မှု ကြောင့် အမေရိကန် နိုင်ငံ NASA နှင့် မြန်မာ ဗေဒင် ဆရာ ဆက်စပ်မည်လော- သို့လော သို့လော ကိစ္စကို အမှန်အတိုင်း လည်း နားလည် စေလိုပါသည်။

Astronomy သည် သိပ္ပံ ပညာ ဖြစ်၍- Astrology ခေါ် ဗေဒင် ပညာ သည်- ထို Astronomy ခေါ် သိပ္ပံ ပညာ မှ တွက်ချက် ထားသော ဂြိုဟ်နှင့် နက္ခတ် တို့ ၏ တည်နေရာ၊ အပြန် အလှန် လွှမ်းမိုး ဆက်စပ်မှုများကို အဓိပ္ပါယ် ပြန်ဆို၍- မည်သို့ ဖြစ်မည် ဟု ကြိုတင် ဟောပြောသော ၀ိဇ္ဇာပညာ ဖြစ်ခြင်း ကြောင့် ဖြစ်၏။ NASA နှင့် ဗေဒင် ဆရာ ဘာမျှ မဆိုင်ပါ။

လ-ကို ဘယ်လောက် ကြာကြာ မြင်ရ နိုင်ပါသလဲ-
လမင်း သည် ကမ္ဘာကို ပတ်လျှက် ရှိရာတွင်  အကြမ်းဖျင်း အားဖြင့် ၂၉.၅ ရက် တွင် တစ်ပါတ် နှုန်းဖြင့် လည်ပတ်၏။ တစ်ရက်လျှင် အရပ်သုံး နာရီ အားဖြင့် ၂၄-နာရီ ရှိ၏။
၂၉.၅ ရက် ကို လွယ်ကူ စေရန်- ရက် ၃၀ ဖြင့် ယူပြီး- ၄င်းဖြင့် ၂၄- နာရီ ကို စားပါက- လဆန်း၊ လဆုတ် တစ်ရက်လျှင် အချိန် ကွာဟ သွားမှု မှာ အောက်ပါ အတိုင်း ဖြစ်၏။
အကြမ်းဖျင်း ၂၄ နာရီ / ရက် ၃၀= ၀.၈
ဝ.၈ x ၆၀ မိနစ် = ၄၈ မိနစ်။
ယခု ဆိုလျှင်- မြန်မာ့ ရေလုပ်သားများ အသုံးပြုသော “တစ်ကျပ် ကို တစ်မတ် နှုတ်” မူ တစ်နည်းဖြင့်- ၀.၇၅ ကို နားလည် လောက်ပြီ ထင်ပါသည်။ ရှေးပညာ ရှိများ သည် လူတိုင်း အတွက် အသုံးတည့်စေရန်- လွယ်ကူ အောင် “တစ်ကျပ် ကို တစ်မတ် နှုတ်” ဟု သင်ထား ပေးခဲ့ကြခြင်း ဖြစ်၏။

လကွယ်ရက်- လ ကို မြင်နိုင်ခွင့် မရှိ။ နေ နှင့် လ တစ်တွဲတည်း ဖြစ်နေသောကြောင့်- နေရောင်ကြောင့် လ- ကို မမြင်ရပါ။
လဆန်း (၁) ရက်- လ ကို ၁-နာရီ မပြည့်မီ သာ မြင်ခွင့်ရမည်။ နေ သည် - လ ထက် ၁-နာရီ ခန့် စောဝင် သွားသော ကြောင့်- လ ကို အနောက်ဘက် အရပ်တွင်- နေ၀င်ပြီးမှ သာ ခဏ တာ မြင်တွေ့ရမည်။ တစ်နည်း အားဖြင့် ဆိုပါက- လဆန်း (၁) ရက် ဆိုလျှင် ၁-နာရီ။ ၄င်းကို ၀.၈ ဖြင့် မြှောက် ပေးခြင်း ဖြင့်- လကို ၄၈ မိနစ်မျှ သာ မြင်ရမည်။ (တကယ့် လက်တွေ့တွင် မူ- နေရောင် ကြောင့် လည်းကောင်း၊ မိုးကုတ် စက်ဝိုင်း နား နီးကပ်သောကြောင့် လည်းကောင်း- ပို၍ တိုတောင်းစွာသာ မြင်ကြရပါမည်။)

လဆန်း (၂) ရက်- လ ကို ၂-နာရီ မပြည့် ကာလ သာ မြင်ခွင့်ရမည်။ နေ သည်- လ ထက် ၂-နာရီ ခန့် စောဝင် သွားသော ကြောင့်- လ ကို အနောက်ဘက် အရပ်တွင်- နေ၀င်ပြီးမှ သာ မြင်တွေ့ရမည်။ (တနည်း အားဖြင့် ၂-နာရီ x ၀.၈ = ၁.၆ နာရီ= ၁-နာရီ ၃၆ မိနစ်)
လဆန်း (၃) ရက်- လ ကို ၃-နာရီ မပြည့် ကာလ သာ မြင်ခွင့်ရမည်။ နေ သည်- လ ထက် ၃-နာရီ ခန့် စောဝင် သွားသော ကြောင့်- လ ကို အနောက်ဘက် အရပ်တွင်- နေ၀င်ပြီးချိန်မှ စ၍- နောက် ထပ် ၃-နာရီ မရှိတတ် ရှိတတ် ကာလ ကြာအောင် မြင်တွေ့ရမည်။ (တနည်း အားဖြင့် ၃-နာရီ x ၀.၈ = ၂.၄ နာရီ= ၂-နာရီ ၂၄ မိနစ်)

လဆန်း (၈) ရက်- လ ကို ၆-နာရီ မျှ ကြာအေင် မြင်ခွင့်ရမည်။ နေ၀င်ချိန်တွင် လ- ကို ဦးခေါင်းတည့်တည့် တွင် စတင် တွေ့မြင်ရမည်။ ထို့နောက် ၁၂ နာရီ အကြာ (၆-နာရီ + ၆ နာရီ) တွင် လ-သည် အနောက်ဘက်သို့ ၀င်၍- နေသည် အရှေ့ဘက်မှ ထွက်ပေါ်လာမည်။ (တနည်း အားဖြင့် ၈-နာရီ x ၀.၈ = ၆.၄ နာရီ= ၆-နာရီ ၂၄ မိနစ်)


လဆန်း နဲ့ လဆုတ် ဘယ်လို ကွာသလဲ။

လဆန်း ရက်တွင် လ-၏ ညာဘက် အခြမ်းသည် လင်း၍၊ ဘယ်ဘက် အခြမ်းသည် မှောင်သည်။ လကွယ် ညတွင် လုံးလုံး အမှောင် ဖုံးခဲ့သော လသည်- လဆန်း ၁-ရက်မှ စ၍- တစ်ဆင့်ခြင်း ညာဘက် တွင် အလင်းနေရာ ပိုယူ သွားပြီး- လပြည့်ည တိုင်အောင် တစ်ရက်ချင်း တိုး၍ လင်း သွားခြင်း ဖြစ်၏။

လဆုတ် ရက်တွင် လ၏ ဘယ်ဘယ် အခြမ်းသည် လင်း၍- ညာဘက် အခြမ်းသည် မှောင်၏။ တစ်နည်း အားဖြင့် ဆိုသော်- လပြည့်နေ့တွင် အပြည့် လင်း ခဲ့သော လမင်းသည်- ညာဘက် အခြမ်း မှ တစ်ဆင့်ခြင်း- တစ်ရက်ချင်း တိုး၍ အမှောင်ကျ သွားသည်မှာ လကွယ် သွားသည့် တိုင်အောင် ဖြစ်တော့၏။

ညာဘက် ဘယ်ဘက် ဟု ပြောနေသော်လည်း- တကယ့် လက်တွေ့တွင် ရန်ဖန် ရန်ခါ မြင်ရသည်က- လ- သည် စောင်းနေတတ်၏။ ဥပမာ လဆန်း- ၂-ရက် ၃-ရက်များတွင် မြန်မာ ဂဏန်း “၁”-ပုံသဏ္ဍာန် မြင်ရမည့် အစား- “ပ-စောက်” သဏ္ဍာန် မြင်ရ၏။ သို့ဆိုလျှင်- “ဘယ်ညာ” မည်သို့ ခွဲမည်နည်း။

အရှေ့ အနောက်- ရပ်မျက်နှာကို မှန်ကန်စွာ မျက်နှာမူပြီး နောက်- လ၏ သွားရာလမ်းကို မှန်းဆ ကြည့်လိုက်ပါက- အထက်တွင် ပြောပြခဲ့သော ဘယ်ဘက်၊ ညာဘက် ဆိုသည် ကို သဘောပေါက် ပါလိမ့်မည်။


ဆန်း-ဆုတ် ရက်များ နှင့် နေလ ကမ္ဘာတည် နေရာတို့ ဆက်စပ် နေပုံ။

လကွယ် နေ့တွင် နေ နှင့် လ တို့သည် ကမ္ဘာ၏ တစ်ဘက်ခြမ်းတည်း တွင် - တစ်တန်းတည်း ဖြစ်ကာ တည်၏။ ထို့ကြောင့်- အကယ်၍ Declination ကပါ ကိုက်ညီပြီး- တစ်တန်းတည်း အတိအကျ ဖြစ်သွားပါမူ- လသည် နေ၏ ရှေ့တွင် တည့်တည့် ကွယ်သွားခြင်းကြောင့်- နေကြတ်ခြင်း ဖြစ်၏။ ဆိုလိုသည်မှာ- နေကြတ်သော နေ့ရက်သည်- လကွယ် နေ့သာ ဖြစ်၍- တစ်ခါ တစ်ရံတွင်- ဝေါဟာရ ပြက္ခဒိန် အနေဖြင့်- တစ်ရက် ခန့် လွဲနေတတ်ပြန်၏။ လပြည့်၊ လကွယ် ရက်တို့ နှင့် နီးစပ်သော ရက်များတွင် ဒီရေသည် အတက်အကျ အားကောင်း သဖြင့် ရေထ-ရက် ဟု ခေါ်တွင် ငါးမြူးသော ကာလ လည်း ဖြစ်၏။

လဆန်း ၃-၄ ရက်တွင် လ သည် နေနှင့် ၄၅ - ဒီဂရီ ကွာဟ သွားသကဲ့သို့- လဆန်း ၇-၈ ရက်တွင် လ သည် နေနှင့် ၉၀ - ဒီဂရီ ကွာဟ သွား၏။ ထိုအခါ- ကမ္ဘာ့ ရေထုကို နေလ တို့က ထောင့်မှန် အနေအထား ဖြင့်သာ ဆွဲထားရခြင်းဖြင့်- တစ်တန်းတည်း ဆွဲထားစဉ်က ကဲ့သို့ ဆွဲအား မကောင်း တော့သော ကြောင့်- ရေသေ ရက် ဟူ၍ ဖြစ်ရခြင်း ဖြစ်၏။

လပြည့် နေ့တွင်- နေ နှင့် လ တို့သည် ကမ္ဘာ၏ ဘယ်ညာ တစ်ဘက် တစ်ခြမ်းတွင် နေ၏။ နေမှ အရောင်ပြန် သော လကို အပြည့် အ၀ ထွန်းလင်းစွာ မြင်ရတော့၏။ အကယ်၍- Declination က ပါ တစ်ထပ်တည်း ဖြစ်သွားပါမူ- ကမ္ဘာ၏ အရိပ်သည် လပေါ် ကျသွား သဖြင့်- လကြတ် ခြင်း ဖြစ်၏။ ထို့ကြောင့်- လပြည့် နေ့ (အမှန်) တွင် သာ လကြတ် နိုင်ခြင်း ဖြစ်၍- လကွယ်နေ့ (အမှန်) တွင် နေကြတ် နိုင်ခြင်း ဖြစ်၏။


လကို ကြည့်၍ အချိန်ကို ရှာဖွေခြင်း။

ပထမဦး စွာ လ ကို ကြည့်လိုက်ပါ။ လ-ဆန်း ဖြစ်ပါသလား၊ လ-ဆုတ် ဖြစ်ပါသလား၊ မည်မျှ မှောင်၍ မည်မျှ လင်းနေသနည်း ကို မူတည်၍- လဆန်း - လဆုတ် ရက်ကို ခန့်မှန်းလိုက်ပါ။
ထို့နောက် အထက်တွင် ဖေါ်ပြခဲ့သော- နေ နှင့် လ အကွာအဝေး ကို မူတည်၍- စိတ်မှန်းဖြင့် ဖြစ်စေ၊ လက်ချောင်းများဖြင့် ဖြစ်စေ၊ စက္ကူ၊ သို့မဟုတ် ၀ါယာချောင်း တစ်ခုကို သုံး၍ ဖြစ်စေ- နေ-လ- မောင်းတံ လေး တစ်ခု ကို လုပ်ကြည့်လိုက်ပါ။

(ဥပမာ-၁) - အနေဖြင့်- လဆန်း ၃-၄ ရက် ခန့် အနေ အထားရှိသော လ-ကို မြင်ရသော အခါတွင်- ၄၅ ဒီဂရီ မောင်းတံ တစ်ခု ကို ပုံဖေါ်ကြည့်လိုက်ပါ။ ထိုအခါ အောက် ဖေါ်ပြပါ ပုံ၏ ဘယ်ဘက် အစွန်တွင် ရှိသော အနေအထား ဖြစ်၏။


ထို့နောက်တွင်- မိမိ၏ ဘယ်ညာတွင် အရှေ့ အနောက် ကို ညာဘက် ပုံအတိုင်း ရပ်၍- လသည် မည်သည့် နေရာတွင် တည်သနည်း ကို ကြည့်ပါ။ ခေါင်းပေါ် တည့်တည့် တွင်လား။ သို့တည်း မဟုတ် အနောက်ဘက် ကို အတန်ငယ် ရောက်နေသည် လားကို လေ့လာပါ။ ယခု အနေအထား အားဖြင့် လ-သည် မိမိ၏ ခေါင်းတည့် တည့် နှင့် အနောက်ဘက် မိုးကုတ် စက်ဝိုင်း အကြား - အနောက်ဘက် မိုးကုတ် စက်ဝိုင်းမှ ၄ ပုံ-၁ ပုံ ခန့် အကွာတွင် ရှိနေသည် ဆိုပါစို့။
ထို့နောက် စောစောက နေလ-မောင်းတံ ဖြင့် လ- ပေါ်တွင်- မောင်းတံ မှ လ-ကို စိတ်မှန်း ဖြင့်- ထပ်၍- တင်ကြည့်လိုက်ပါ။
ထိုအခါတွင်- နေသည် မည်သည့် နေရာကို ရောက်နေသည် ဆိုသည်ကို သိမြင်လာမည် ဖြစ်၏။ မိုးကုတ် စက်ဝိုင်း တစ်ခြမ်း ကို သွားရန် နေသည် ၁၂-နာရီ ကြာသကဲ့သို့- နေ၀င်ချိန်သည်- ညနေ ၆-နာရီ ဖြစ်သဖြင့်- ည ၁၂-ဆိုသည်မှာ- နေသည် မိမိ၏ အောက်တည့်တည့် မိုးကုတ် စက်ဝိုင်း အောက်တွင် ရှိချိန် ဖြစ်လေရာ- ယခု ဥပမာ အရ ဆိုလျှင်- ၆-နာရီ ၄ပုံ ၁ပုံ (၁-နာရီ ခွဲ) မျှ မိုးကုတ် စက်ဝိုင်း အောက်တွင် ရှိနေ လေရာ- ယခု အချိန် သည် ညဦးပိုင်း ၇း၃၀ ပတ်ဝန်းကျင် ရှိနေသည် ကို ပုံအရ သိနိုင်ပြီ ဖြစ်၏။

(ဥပမာ-၂) - အနေဖြင့်- လဆုတ် ၃-၄ ရက် ခန့် အနေ အထားရှိသော လ-ကို မြင်ရသော အခါတွင်- ၁၃၅ ဒီဂရီ မောင်းတံ တစ်ခု ကို အောက် ဖေါ်ပြပါ ပုံ၏ ဘယ်ဘက် အစွန်တွင် ရှိသော အနေအထား အတိုင်း ဖေါ်ကြည့်ပါ။
ထို့နောက်တွင်- လသည် ဦးခေါင်းပေါ် တည့်တည့် မှ ၂၀-ဒီဂရီ ခန့် အစောင်း တွင် (ဦးခေါင်း တည့်တည့်မှ- အနောက်ဘက် မြေပြင် အကြား- ဦးခေါင်း တည့်တည့်မှ တိုင်းလျှင် ၂၀- ၂၂ ဒီဂရီ (၄-ပုံ ၁-ပုံ အကွာအဝေးတွင်) တည်နေသည် ကို တွေ့ရပါက- စောစောက နေလ- မောင်းတံ မှ လ-ကို စိတ်မှန်း ဖြင့်- ထပ်၍- တင်ကြည့်လိုက်ပါ။
ယခု ဥပမာ အရ ဆိုလျှင်- ၆-နာရီ ၄ပုံ ၁ပုံ (၁-နာရီ ခွဲ) မျှ မိုးကုတ် စက်ဝိုင်း အောက်တွင် ရှိ၍- အရှေ့ဘက် သို့ နီးကပ် နေလေရာ- ယခု အချိန် သည် နေထွက်ရန် ၁း၃၀ ခန့် အလို- နံနက် အာရုံ မတက်မီ ၄း၃၀ ပတ်ဝန်းကျင် ရှိနေသည် ကို ပုံအရ သိနိုင်ပြီ ဖြစ်၏။ကြုံတွေ့ နိုင်သည့် အခက် အခဲ တစ်ခုမှာ-
ဦးခေါင်း တည့်တည့် ဟု ဆိုရာတွင်- အချို့ အနေဖြင့် ဦးခေါင်း တည့်တည့် ကို နားမလည် ပဲ ဖြစ်တတ်ခြင်း ဖြစ်၏။ ဆိုလိုသည်မှာ- မိမိ၏ ဘယ်ညာ လက် နှစ်ဘက် တို့ကို အရှေ့ အနောက် အရပ်တွင်- ထား၍- မျက်နှာကို မြောက်ဘက် (သို့မဟုတ်) တောင် ဘက် တည့်တည့် သို့ ကြည့်၍- မြောက်မှ တောင် ဆက်သွယ် ထားသည့် မျဉ်းတန်းကြီး Meridian ဦးခေါင်း မျဉ်းကို ဆိုလိုခြင်း ဖြစ်၏။
နေလ-သွားရာ လမ်း တို့သည် နေရာ ဒေသ၏ လတ္တီတွဒ် အနေအထား အရ လည်းကောင်း၊ နွေ မိုး ဆောင်း အနေအထား အရ လည်းကောင်း- ၂၃.၅ ဒီဂရီ ခန့် စောင်းနေသော ကမ္ဘာလုံးကြောင့်- နေ-လတို့သည် ဦးခေါင်း တည့်တည့် မျဉ်းကြောင်း၏ မြောက် ဘက်၊ တောင်ဘက် အနည်းငယ် အပြောင်း အလဲ ရှိနေသည် ကို နားလည် ရမည် ဖြစ်ပါသည်။ အောက် ဖေါ်ပြပုံ ကို ကြည့်ပါ။


လ-ကို ကြည့်၍- လက်တွေ့ - အချိန် ကို ရှာဖွေခြင်း။

အောက် ဖေါ်ပြ ဘယ်ဘက် ပုံတွင်- နေ သည်- အရှေ့ဘက် အရပ် မိုးကုတ် စက်ဝိုင်း မှ နေ၍ - ၄၅ ဒီဂရီ ခန့် အကွာတွင် ရှိခြင်းကို ဖေါ်ပြ၍- လဆန်း ၈-ရက်နေ့ ဖြစ်သည်ဟု ပေးထားသည်။ ၄င်းတွင် ဖြည့်စွက် ကွက်လပ် ဖြည့်ပေးရမည် က- လ-၏ တည်နေရာ- ယခု ကာလ၏ အချိန် တို့ကို ဖြစ်သည်။ နေမင်းသည် အရှေ့ဘက် မိုးကုတ် စက်ဝိုင်း နှင့် ဦးခေါင်းမျဉ်း အကြား- ၄၅ ဒီဂရီတွင် ရှိခြင်း ကို - နံနက် ၉း၀၀ နာရီ ဟု နားလည် ရပါမည်။ တောင်မြောက် မျဉ်း နှင့် တည့်တည့် (ဦးခေါင်းလမ်းကြောင်း သို့ ရောက်လာလျှင် နေ့လည် ၁၂-နာရီ ဖြစ်၏။) ဤသည်မှာ ဒေသ စံတော်ချိန် Local Mean Time ဖြစ်ပြီး- နိုင်ငံတော်မှ သတ်မှတ် ထားသော Standard Time မှာ- ဒေသ နာရီမှန် နှင့် ကွာနေတတ်၏။  အကယ်၍- ထိုနေ့၏ လခြမ်း အနေအထားသည် လဆန်း ၇-၈ ရက် (တစ်နည်း အားဖြင့် ညာဘက် တစ်ခြမ်း တိတိ လင်းနေသည်။) ဟု ပေးထားခြင်းဖြင့် လ- သည် နေ မှ ၉၀ ဒီဂရီ ကွာခြင်းကို သိရမည် ဖြစ်သောကြောင့်- လ-သည် ယခု အခါတွင်- မိုးကုတ် စက်ဝိုင်း၏ အောက်ဘက်ခြမ်း နေရာ ၄၅ ဒီဂရီ (နံနက် ၃း၀၀) နေရာတွင် ရှိသည် ကို သိရှိပြီး ကွက်လပ် ကို ဖြည့်စွက် ရမည် ဖြစ်၏။
အနက်ရောက် စက်ဝိုင်း ဖြင့် ပြထားခြင်းသည် နေဖြစ်၍- အဖြူရောက် စက်ဝိုင်းသည် လ- ဖြစ်သည်။


0 comments:

Post a Comment