cross

cross

Saturday, September 19, 2015

မွတ်စလင်တွေဘာသာခြားစားသောက်ဆိုင်မှာဘာလို့ မစားကြတာလဲ? ---------------------------------------------------------------------------------

(လိုရင်းတိုရှင်း) “ဟလာလ်” ဆိုတဲ့စကားလုံးက အာရဗစ်စကားလုံးဖြစ်ပြီး Lawful ၊ တရားဝင်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ “ဟလာလ်” က အစ္စလာမ်ဘာသာဝင်တွေရဲ့ စားသုံးခြင်းဆိုင်ရာ ဥပဒေသတစ်ခုဖြစ်ပြီး ဘယ်အစားအစာက “စားပိုင်တယ်” ဘယ်အစားအစာက “မစားပိုင်ဘူး” ဆိုတာကို သတ်မှတ်ပေးထားပါတယ်။ ဘာသာခြားတချို့ အထင်လွဲနေသလို “ဟလာလ်” ဆိုတာဟာ လည်ပင်းလှီးဖြတ်ခြင်းတမျိုးထဲကို အဓိပ္ပါယ်သက်ရောက်ခြင်း လုံးဝမဟုတ်ပါ။ “ဟလာလ်” ရဲ့ ဆန့် ကျင်ဘက်စကားလုံးကတော့ “ဟရာမ်” ပါ။ အဓိပ္ပါယ်ကတော့ တားမြစ်ချက်၊ တရားမ၀င်ခြင်းဖြစ်ပြီး အစားအသောက်ဥပဒေမှာသုံးမယ်ဆိုရင်တော့ “မစားပိုင်ဘူး” လို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ အသားတစ်မျိုးမျိုး “ဟလာလ်” စားသုံးပိုင်ခွင့်ရှိဖို့ အတွက် အစ္စလာမ်ဘာသာရဲ့ လမ်းညွှန်ပြသမှုအတိုင်း ဖန်ဆင်းရှင် “အလ္လာဟ်အရှင်မြတ်” ရဲ့ နာမည်တော်ကို တသပြီး သားကောင်ရဲ့ လည်ပင်းကိုလှီးဖြတ်ရပါမယ်။ သားကောင်ကိုလည်ပင်းလှီးသတ်ဖြတ်ဖို့ အတွက် ဓားဟာထက်နေရပါမယ်၊ အမြန်ဆုံးလှီးဖြတ်ရပါမယ်၊ လည်ပင်းသွေးပြန်ကြောမကြီးဖြစ်တဲ့ Jugular Vein ထိပြတ်အောင်လှီးရပါမယ်။ သားကောင်ရဲ့ ခန္ဓာကိုယ်ထဲက သွေးတွေအကုန်ထွက်အောင်စောင့်ရပါမယ်။ သားကောင်မလှုပ်ရှားတော့ပဲလုံးဝ ငြိမ်သွားတဲ့ထိအောင် စောင့်ဆိုင်းပြီးမှာ ခုတ်ထစ်ရပါမယ်။ သားကောင်ကို “ဟလာလ်” ဖြစ်အောင် ကိုယ်တိုင်လှီးဖြတ်ဖို့ မဖြစ်နိုင်ဘူးဆိုရင်လည်း “ဟလာလ်” အဖြစ်သတ်ဖြတ်တဲ့သားသတ်ရုံ၊ အသားဆိုင်တွေကနေ ၀ယ်ယူစားသောက်ရပါတယ်။ အရက်နဲ့ အရက်ပါဝင်တဲ့စားသောက်ကုန်တွေ၊ ၀က်နဲ့ ဝက်သား၊ ကလီစာပါဝင်တဲ့စားသောက်ကုန်တွေကတော့ “ဟရာမ်” မစားပိုင်ဘူးလို့ သတ်မှတ်ထားပြီး “ဟလာလ်” အစားအစာချက်ပြုတ်တဲ့အချိန်မှာလည်းအတူတကွချက်ပြုတ်ခြင်း၊ အရက်၊ ၀က်ပါတဲ့စားသောက်ကုန်တွေအသုံးပြုပြီးချက်ပြုတ်ခြင်းကလည်း “ဟရာမ်” ပါပဲ။ အစ္စလာမ်ဘာသာကိုကိုးကွယ်တဲ့မွတ်စလင်တွေက ရေသတ္တ၀ါတွေကိုတော့ လည်ပင်းလှီးဖြတ်စရာမလိုပဲ စားသောက်နိုင်ကြပါတယ်။ ဒါပေမယ့်လည်း အစ္စလာမ်ဘာသာရဲ့ တချို့  “လမ်းမှန် ဂိုဏ်းကွဲ” တွေမှာ ရေသတ္တ၀ါတိုင်း စားမပိုင်ကြပါဘူး။ တချို့ က ပုဇွန်၊ ကဏန်း၊ ကမာကောင် စတဲ့ရေသတ္တ၀ါတွေစားမပိုင်ကြဘူး။ ၀က်မဟုတ်ပဲ တခြားစားသုံးပိုင်ခွင့်ရှိတဲ့သားကောင်တွေကို အစ္စလာမ့်နည်းကျ လည်ပင်းလှီးဖြတ်ထားခြင်းမရှိဘူးဆိုရင်တော့ “ဟရာမ်” မစားပါဘူး။ “ဟလာလ်” စားပိုင်ခွင့်ရှိတဲ့အစားအသောက်၊ အသားငါးတွေကို “ဟရာမ်” မစားပိုင်တဲ့ အရာတွေနဲ့ ထိတွေ့ ခွင့်လုံးဝမရှိပါဘူး။ အစ္စလာမ်ဘာသာတရားရဲ့ ခေါင်းစင်အောက်မှာရှိနေတဲ့ လမ်းမှန်တဲ့ ဂိုဏ်းကွဲတွေ အားလုံးအတွက် ခြုံငုံပြီးအကြုံးဝင်တဲ့ လည်ပင်းလှီးသတ်ဖြတ်ရင်လည်း စားသုံးပိုင်ခွင့်မရှိတဲ့ “ဟရာမ်” သားကောင်တွေကိုဖော်ပြရမယ်ဆိုရင်တော့ … ၁) ၀က်သားနဲ့ ဝက်ပါတဲ့စားသောက်ကုန် ၂) အစ္စလာမ့်တရားတော်နည်းကျလည်ပင်းလှီးမသတ်ဖြတ်ခင် သေဆုံးသွားတဲ့ စားပိုင်တဲ့သားကောင် ၃) ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်နာမည်တော်ကို မတသပဲ လည်ပင်းလှီးသတ်ဖြတ်ထားတဲ့သားကောင် ၄) သွေး၊ သွေးနဲ့ သက်ဆိုင်တဲ့စားသောက်ကုန်များ ၅) အရက် ၆) သားစား၊ သားရဲတိရစ္ဆာန်များ ၇) ကုတ်ဖဲ့ကိုက်ကာသတ်ဖြတ်စားသောက်တတ်တဲ့ ငှက်များ ၈) နားရွက်မပါတဲ့ကုန်းနေသတ္တ၀ါများ …၊ စတဲ့သားကောင်တွေပဲဖြစ်ပါတယ်။ “ဟလာလ်” စားပိုင်ခွင့်ရှိတဲ့အစားအစာကိုချက်ပြုတ်တဲ့အချိန်နဲ့ တည်ခင်းတဲ့အချိန်မှာ ပန်းကန်၊ ခွက်ယောက်တွေကလည်း အထူးသန့် ရှင်းဖို့ လိုအပ်ပြီး “ဟရာမ်” စားမပိုင်တာတွေနဲ့ ထိတွေ့ ခြင်းကနေ ကင်းရှင်းရပါမယ်။ သားခုတ်တဲ့ စဉ်းနီတုံး၊ ဓား၊ စတဲ့အသုံးအဆောင်တွေကလည်း “ဟရာမ်”စားသောက်ကုန်တွေမှာအသုံးပြုထားခြင်းမရှိတာတွေဖြစ်ရပါမယ်။ ဆီကလည်း “ဟရာမ်” အစားအစာတွေချက်ပြုတ်ကျော်လှော်ထားတဲ့ဆီဖြစ်လို့ မရပါဘူး။ အကယ်လို့ မဖြစ်မနေ “ဟလာလ်” နဲ့ “ဟရာမ်” အစားအစာကို အတူတူချက်ပြုတ်ရတော့မယ်၊ ပြင်ဆင်ရတော့မယ်ဆိုရင် (ဥပမာ- စားသောက်ဆိုင်) ခွက်တစ်ခု၊ အိုးတစ်ခုထဲမှာအတူတူထည့်ခြင်းကိုရှောင်ကျဉ်ရပါမယ်။ အိုဗင်း၊ မိုက်ခရိုဝေ့ဗ်တွေမှာ ချက်ပြုတ်တော့မယ်ဆိုရင်လည်း “ဟလာလ်” အစားအစာကိုအပေါ်ထပ်မှာထားပြီး “ဟရာမ်” ကိုအောက်ထပ်မှာထားရပါမယ်။ “ဟလာလ်” နဲ့ “ဟရာမ်” ထိတွေ့ တာကိုရှောင်ရပါမယ်။ ခွက်၊ ဇွန်း၊ ခက်ရင်း၊ ပန်းကန်စတာတွေကိုလည်း သီးသန့် သုံးရပါမယ်။ ထောပတ်၊ စားသုံးဆီ၊ ဘီစကစ်၊ ကိတ်မုန့် စတဲ့ စားသောက်ကုန်တွေမှာလည်း “ဟရာမ်”ဖြစ်တဲ့ အရာ (ဥပမာ-၀က်ဆီ) ပါဝင်မှု ကင်းရှင်းရပါမယ်။ တချို့ အသီးကိတ်တွေမှာ အရက်ကိုသုံးတာမျိုးရှိသလို တချို့ ဟင်းလျာတွေချက်ပြုတ်တဲ့အချိန်မှာလည်း အရက်ကိုအသုံးပြုတတ်ကြပါတယ်။ ဒါကြောင့်ပဲ အစ္စလာမ်ဘာသာဝင်တွေက တခြားဘာသာဝင်တွေလို ကြုံတဲ့ဆိုင်မှာ အသားနဲ့ မစားသုံးကြတာပါ။ အစားအသောက်ကို မွတ်စလင်ဆိုင်မဟုတ်ရင်ရှောင်ကျဉ်ကြတာပါ။ “ဟလာလ်” တံဆိပ်မပါရင် ရှောင်ကျဉ်ကြတာပါ။ ဘာသာခြားဆိုင်ဖြစ်နေလို့ ဝယ်ယူအားမပေးဘူးဆိုတာမျိုးလုံးဝမရှိပါဘူး။အစားအသောက်ဆိုင်ရာ ပညတ်ချက်နဲ့ လွတ်ကင်းတဲ့အရာမှန်သမျှကို ဘာသာလူမျိုးမခွဲခြားပဲ ၀ယ်ယူအားပေးကြတယ်၊ စားသုံးကြပါတယ်။ အစ္စလာမ်ဘာသာဝင်တွေဟာ “ဟလာလ်” အမှတ်တံဆိပ်ကို လခြမ်း+ကြယ်ပုံ သို့ မဟုတ် အရဗစ်စာနဲ့ حلال လို့ ရေးပြီးအသုံးပြုကြပါတယ်။ အရှေ့ အလယ်ပိုင်းနဲ့ ဥရောပက အစ္စလမ္မစ် Site တွေကနေ ကိုးကားပါတယ်။ အမှားပါရင် ပြင်ပေးကြပါ။ ပုံအညွှန်း > ကမ္ဘာအရပ်ရပ်မှာ “ဟလာလ်” အမှတ်တံဆိပ်များ။ လွတ်လပ်စွာ ‪#‎Share‬ နိုင်ပါတယ်။ ကူးယူဖော်ပြနိုင်ပါတယ်။ မေတ္တာဖြင့် ...

0 comments:

Post a Comment