cross

cross

Monday, July 27, 2015

ကွမ်း နဲ့ ပါတ်ဝန်းကျင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

ကွမ်းနဲ့ ပါတ်ဝန်းကျင်ကတော့ ကြာလေ သဟဇာတမဖြစ်လေ၊ ညစ်ပါတ်လေ နှာခေါင်းရှုံ့ခံရမှု များလာလေဖြစ်သည်။ ပါးစပ်ကလဲ ရွံစရာ၊ စကားပြောတော့လဲ ကွမ်းရည်ကြီး ပါးစပ်ထဲ အပြည့်နဲ့ ၀ရူး ၀ရူး နဲ့ ပြောလိုပြော၊ ကွမ်းသွေးကလဲစင် နဲ့ အတော်ပင် ပါတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်သည်။ ရန်ကုန်တို့ မန်းလေးတို့ဆိုလျှင် ပိုဆိုးသည်။ နေကလဲပူလိုက်တာ တောက်လို့ လူတွေကလဲ ကြပ် လူသွားလမ်းတွေကြတော့လဲ ကွမ်းရည်တွေ တနီနီနဲ့။မိုးရာသီ မိုးရွာထဲ ဗွက်တွေက ဗျစ်ဗျစ်နဲ့ ရွံစရာ အခင်းအကျင်းကြီးတွေကြားမှာ ကွမ်းရည်စီးကြောင်းတွေကလဲ တသွင်သွင်။ ဒီကြားထဲ ဗျစ်ကနဲ မစင်မခြင် ထွေးလိုက်တာတွေကလဲ ခြေဖမိုးတွေ လာလာစင်တတ်သည်။ လမ်းလျှောက်နေတုန်း ကွမ်းငုံထားသူရဲ့ လှုပ်ရှားဟန်ကိုလည်း အကဲခတ်ရသေးသည်။ ထွေးခါနီး ပါးစပ်လား၊ အခုမှ ငုံကာစလား စသဖြင့်၊ မတော် ဗျစ်ကနဲ အထွေးကို ဖျက်ကနဲ ရှောင်ရန်ဖြစ်သည်။

ပါးစပ်ထဲက ထွက်လာတဲ့ တံတွေး၊ ပြီးတော့လဲ သွေးတွေလိုနီရဲရဲကြီး၊ စကားပြောတော့လဲ သွားတွေက ဂျိုးတွေနဲ့၊ ပြီးတော့လဲ စင်က စင်သေးသည် ၊ အဲ့ထက်ဆိုးတာ ကွမ်းမထွေးထုတ်ပဲ ပလုပ်ပလောင်းကြီး နဲ့ ပြောနေတုန်း ပါးစပ်မနိုင်ပဲ ဗြွတ်ကနဲ လျှံကျလာတာလဲ ရှိသည်။ ဝေါ့...။ ကွမ်းသမား အချင်းချင်းနှင့် ရိုးမယ်ဖွဲ့ဖို့ အကြောင်းမထူးတော့တဲ့ ပါတ်ဝန်းကျင်မှာတော့ မသိသာပေမယ့် နိုင်ငံခြားသားတွေ အတွက်တော့ အတော့်ပင် စိတ်ပျက်စရာ ကောင်းမည်မှာ အမှန်ဖြစ်သည်။

အဲ့လို ပြောရတာလဲ အကြောင်းရှိသည်။ ကိုယ်သည် ရန်ကုန်မှာ အလုပ်လုပ်စဉ်က ကွမ်းစားတတ် သွားသည်။ အကြောင်းကလဲ ရှိသည် ညတော်တော်များများကို အလုပ်နှင့် ညည့်နက်သန်းခေါင် ပင်ပမ်းစွာ ဖြတ်သန်းရတော့ ကွမ်းသည်သာလျှင် အရာအားလုံး ချုပ်ငြိမ်းစေ ဖိအားကျဆင်းစေသည်၊ ဗိုက်ဆာလျှင်တောင် ကွမ်းငုံထားလိုက်လျှင် သက်သာသည်။ ပါးစပ်ထဲ ငုံထားရလျှင် နှပ်ဆေးရည် ပြင်းပြင်းနှင့် ပါးစောင်ထဲ ပစ်ထည့်ထားလိုက်လျှင် ယူပေတော့ အာရုံ။ အလုပ် လုပ်လို့လည်း ကောင်းသည်။ အာရုံစူးစိုက်မှု လည်း ကောင်းသည်။ အဲ့လိုတွေကြောင့်လည်း ကွမ်းလောကတွေထဲက ပြန်ထွက် လာနိုင်သူတွေဆိုသည်မှာ မရှိသလောက် ရှားလေသည်။ မူးယစ်ဆေးဝါး အနုစားလေ ဘယ်လိုလုပ် ဖြတ်လို့လွယ်မလဲ။ (တကယ်တော့ အနုစားမဟုတ်ပါ)။

ကိုယ်ကတော့ ထွက်လာနိုင်သည်။ အဓိက,က ပါတ်ဝန်းကျင်ကြောင့်လို့ ပဲ ပြောရမည်။ စင်္ကာပူ ရောက်ပြီး အတန်ကြာသည်အထိ ကွမ်းစားသည်။ ကွမ်းကို သီးသန့်သွားဝယ်မှသာ ရသဖြင့် တပါတ်စာ ထုံး ကွမ်းသီး ဆေးရွက်ကြီး ကိုဆောင်ထားသည်။ ၀ါးပေတော့။ ဒါပေမယ့် ပါတ်ဝန်းကျင်မှာ မဖြစ်။ အထူးသဖြင့် ရုံးမှာ ဖြစ်သည်။ ရုံးထဲမှာ ဖြစ်သဖြင့် တခါတလေ မဆင်ခြင်မိလျှင် တရုံးလုံး ကွမ်း၏ စူးရှရှ အနံ့တွေပျံ့ကုန်သည်။ ကိုယ့်အတွက် မွှေးပေမယ့် သူတို့အတွက်တော့ မခံနိုင်စရာဖြစ်သည်။ ထို့အပြင် ကွမ်းသွားညစ်ညစ်ကို သူတို့က သွားဂျေးလို့ပဲ မြင်သည်။ ကျန်တဲ့အခတ်အခဲတွေလဲ အများကြီး ရှိသေးသည်။ ခြုံပြောရလျှင် လူတော မတိုးဘူးလို့သာ ပြောရတော့မည်။ ထို့ကြောင့်ပင် ကွမ်းကို စားဖို့ ကိုယ်တိုင်ပင်တွန့် လာခဲ့တော့သည်။
သည်လိုနှင့်ကွမ်းဖြတ်သည်။ လွယ်သည့်ကိတ်စ မဟုတ်တာကို ကွမ်းသမားတွေမှ သိသည်။ ဖြတ်မည့်နည်းက ကွမ်းစပြီး မစားသည့်နေ့တွင် ဆေးရွက်ကြီး အရိုးလေးတွေကို ကိုက်ထား (ငုံထား)ပါ။ ကွမ်းစားချင်စိတ်သက်သာသည်။ တပါတ်လောက်နေလျှင် ဆေးရိုးအစား ကွမ်းသီးကို ငုံထားပါ ကိုက်လိုက ကိုက်ပါ။ ကွမ်းအရသာမဟုတ်သော်လည်း သွေဖီသွားခြင်း သိပ်မရှိသဖြင့် ကွမ်းကို အာရုံမလာတော့ပေ။ ထိုသို့ဖြင့် နှစ်ပါတ်မှ သုံးပါတ်အတွင်း တဖြည်းဖြည်း ကွမ်းနှင့် ဝေးသွားတော့သည်။ မစားပဲ နေနိုင်သွားသည်။

တကယ်ဆိုလျှင်ကွမ်းစားခြင်းသည် ဘယ်နေရာမှ မကောင်း၊ ကျောက်ဖြစ်မည့် ထုံးရည်နှင့် အသဲကို ဒုက္ခပေးမည့် ဆေးရွက်ကြီး အရည်တို့သည် ဗိုက်အတွင်းသို့ စိမ့်ဝင်ကြသည်။ ထို့ထက်ဆိုးသည်မှာ အန္ဒိကမှလာသည့် နိုင်တီတူးနှင့် ဆစ်ကနဲ ဆေးများဖြစ်သည်။ စားရတာ ပြင်းသဖြင့် အရသာရှိသည်။ ထိုဆေးများထည့်စားလျှင် ယူလို့ကောင်းသည်၊ တက်လာသည့် အရသာကား အတော်မိုက်လှသည်။ မယုံကွမ်းသမားတွေ မေးကြည့်။ သို့သော် ထိုဆေးတို့သည် အူကိုစားသည်၊ လိင်အားလျော့သည်၊ မျိုးဆက်တို့ကို ဥာဏ်ရည် လျော့စေသည် ကင်ဆာဖြစ်အားကောင်းသည် ဟု ဖတ်ဖူးသည်။အဲ့ထက်ဆိုးသည်က ထိုဆေးတို့သည် ဈေးကြီးသဖြင့် အတုတွေ ထွက်လာကြခြင်းဖြစ်သည်။ ထိုအတုတို့သည် ပြင်းအားကြီးကြသည်။ ဘလိတ်ဓါး ပါးပါးကို ဆေးဗူးထဲ နှစ်ပြီးထည့်ထားလျှင် တပါတ်လောက်ကြာလျှင် ပျောက်သွားသည်ဟု ဆိုကြသည်။ ကဲ စဉ်းစားကြည့်ပါလေ။အခြေခံလူတန်းစားတို့တွင်းမှာတော့ ကွမ်းသမား တစ်ယောက်အိမ်မှာရှိလျှင် စားဝတ်နေရေးကိုပင် ထိခိုက်သည်။ ကွမ်းယာသည် ဈေးကြီးလာသည်။

တခါတခါမှာ တွေ့နိုင်သည် နိုင်ငံနှင့်ချီပြီး အရေးကြီးသည့် ပုဂ္ဂိုလ် အချို့ပင်လျှင် ကွမ်းရည် အထွေထွေ ပါးစပ်နီနီနှင့် ဘယ်လိုမှ ကြည့်မကောင်း။ နိုင်ငံခြားသတင်းဌာနတွေနဲ့ အင်တာဗျူးတွေ ၀င်တော့လဲ ကွမ်းဂျေးအထပ်ထပ်နှင့် ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေ နိုင်တော့။ မြန်မာပြည်လည်း ကမ္ဘာထဲ ၀င်လာနေပြီဖြစ်သည့် အခုလို အချိန်သည် ကွမ်းလောကသားတွေ ဆင်ခြင်ရမည့် အချိန်၊ ကွမ်းလောက ကို တင်းကြပ်သည့် စည်းကမ်းတွေနဲ့ ရှင်းထုတ်ရတော့မည့်အချိန်ဖြစ်သည်။ ။

0 comments:

Post a Comment