cross

cross

Saturday, July 25, 2015

" သွေးကြောထုံးရောဂါ..."

သွေးကြောထုံးရောဂါကို အင်္ဂလိပ်လို
Varicose Veins လို့ခေါ်ပါတယ်...

တစ်ချို့က သွေးကြောတွေ ကြိုးလိုထုံးတာမျိုး
အချင်းချင်းရစ်ပတ် တုပ်နှောင်သွားတာမျိုးလို့
ယူဆတတ်ကြပါတယ်...
တကယ်တော့ ကြိုးထုံးတာနဲ့ သွေးကြေထုံးတာက
ဖြစ်စဉ်မတူပါဘူး...

လူ့ခန္ဓာကိုယ်ထဲမှာ သွေးလွှတ်ကြောနဲ့
သွေးပြန်ကြောဆိုပြီး သွေးကြော နှစ်မျိုးနှစ်စား
ရှိပါတယ်...

နှလုံးထဲက သွေးတွေဟာ နှလုံးရဲ့ညှစ်အားနဲ့
သွေးလွှတ်ကြောတွေထဲကို တွန်းပို့ခံလိုက်ရပြီး
စီးဆင်း ခရီးနှင်ကြရတာပါ...

ခန္ဓာကိုယ်အနှံကသွေးတွေ နှလုံးဆီ ပြန်ရောက်လာဖို့ကျတော့ သွေးပြန်ကြောတွေရဲ့
တစ်လမ်းမောင်းဖြစ်အောင် စီမံထားတဲ့
leaflet valves အဆို့ရှင်တွေက နှလုံးဆီ
ဦးတည်သွားနေတဲ့ သွေးကို အောက်ပြန်မကျအောင် ထိန်းသိမ်းပေးပါတယ်.

သွေးပြန်ကြောမှာရှိတဲ့ သွေးတွေ အပေါ်တက်နိုင်ဖို့
ဘေးမှာရှိတဲ့ ကြွက်သားတွေက ညှစ်ပေးပါတယ် ..

ပြီးရင် အထက်တက်တဲ့သွေးတွေ အောက်ပြန်မကျရအောင် ဒီအဆို့ရှင်တွေက
တားဆီးပေးပါတယ်...

သွေးကြောထုံးတယ်ဆိုတာက တကယ်တော့
အပေါ်မှာရှိတဲ့ သွေးဖိအားနဲ့ အောက်မှာရှိတဲ့
သွေးပြန်ကြောအပေါ် သက်ရောက်လို့ပါဘဲ...

သွေးပြန်ကြောအလုပ်လုပ်ပုံကို နားလည်ရင်
သွေးပြန်ကြော ဘာ့ကြောင့်ထုံးရတာလဲဆိုတဲ့
အချက်ကို လွယ်လွယ်သိနိုင်ပါပြီ...

မတ်တပ်ရက်တဲ့အခါ ကမ္ဘာ့ဆွဲငင်အားအရ
သွေးတွေဟာ အောက်ဖက်(ခြေထောက်)မှာ စုပုံလာတယ် ..

ကြာလာတော့ သွေးတွေ အိုင်လာတယ်...
ဖိအားများလာပြီး သွေးနံရံတွေ ဖောင်းလာတယ်...

ဒီလိုဖောင်းလာတဲ့ သွေးကြောနံရံတွေကြောင့်
အဆို့ရှင်တွေ မလုံတော့ဘဲ အားအင်ချည့်နဲ့လာခဲ့ပြီး
ထိန်းသိမ်းနိုင်စွမ်းကျကာ အောက်ပြန်ယိုစီးမှုတွေ
ရှိလာပါတယ်...

ဒီလိုနဲ့ အောက်ဖက်ပိုရောက်လေ သွေးဖိအား
ပိုများလေဖြစ်ပြီး သွေးကြောတွေဟာ အိုင်ထွန်း
ဖောင်းကားလာပြီး ပိုမိုဖောင်းလာကာ နောက်ဆုံး
တွန့်လိမ်ကောက်ကွေး လာတော့တာပါဘဲ...

ဒါကို သွေးကြောထုံးတယ်လို့ ခေါ်ပါတယ်...

ဒီရောဂါဟာ သွေးပြန်ကြောတွေမှာသာ
ဖြစ်လေ့ရှိတာပါ..
ခြေထောက်တစ်ခုတည်းလားဆို မဟုတ်သေးပါ..

စအိုမှာလည်း ဖြစ်တတ်ပါတယ်...
စအိုတွင်းက သွေးပြန်ကြောတွေ ဖောင်းကား တွန့်လိမ်လာရင်တော့ လိပ်ခေါင်းရောဂါလို့
ခေါ်ဆိုကြပါတယ်...

ဒါတင်မကသေးပါ..
ယောင်္ကျားကပ်ပယ်အိပ်ထဲမှာလည်း ဖြစ်တတ်တာမို့
သားသမီးမရနိုင်ဘဲ မြုံသွားတဲ့အထိ ဖြစ်နိုင်ပါတယ်...

သာမန်အခြေအနေမှာ ခြေထောက်က ပြဿနာ မဟုတ်သေးပါ...အကြည့်ရ ဆိုးရုံလောက်သာ...

နှစ်ချီလာရင်တော့ ခြေသလုံးမှာ စတင် ကိုက်ခဲလာမယ်...ထုံကျင်လာမယ်...
ခြေထောက်တွေ လေးလံလာမယ်..တင်းလာမယ်...

ညနေပိုင်းမှာ ပိုဆိုးလာတတ်တယ် ...ရောင်လာမယ်...
ရုတ်တရက်ထမိရင် ကြွက်တက်လာမယ်..
မတ်တပ်ရပ်ရင် ပိုနာမယ်...

အရေပြား ယားမယ်..အဖုအဖောင်းတွေ ပိုထွက်လာမယ်...နေရာအနှံ့ ဖြစ်လာမယ်..

သွေးကြောနေရာ စိမ်းတာ ပြာတာ မဲတာ အရောင်အမျိုးမျိုး ဖြစ်လာနိုင်တယ်...

နောက်ပိုင်း အရေပြားအရောင် ရင့်လာမယ်...
အရေပြားရောဂါဝင်လာပြီး ခြေထောက်အနာ ဖြစ်လာမယ်...
ခြေထောက် ခြေချင်းဝတ် စတဲ့နေရာတွေမှာ
နှင်းကူနာလိုပါ ဖြစ်လာနိုင်တယ်...

အနာဖြစ်လာရင် ကြာလာတာနဲ့အမျှ သွေးတွေ
စုပုံလာတာကြောင့် သွေးခဲပြီး သွေးကြောပါ
ပိတ်နိုင်တယ်...

ခြေထောက်အတွက်သာမက နှလုံး အဆုပ် ဦးနှောက်ကိုပါ ဒုက္ခပေးနိုင်တယ်...

တစ်ချို့ကျ အနာက Carcinoma
or Sarcoma ကင်ဆာ ပြောင်းသွားတတ်သေးတယ်..

ဒီရောဂါက အသက် ၅၀ ကျော်ရင် ၂ ယောက်မှာ
တစ်ယောက်လောက် အနည်းနဲ့အများ ရှိလာတတ်တယ်...

အမျိုးသမီးတွေ ပိုအဖြစ်များတယ်..မျိုးရိုးလိုက်တတ်တယ်...
ကိုယ်ဝန်ဆောင်ရတာ ..အဝလွန်တာ.. အဆီများတာ
သွေးဆုံးတာ..တားဆေးကဒ်တွေ အသုံးများတာ ...
အသက်ကြီးတာ..အကြာကြီးရပ်ရတာ..ခြေထောက်ထိခိုက်မိတာ တွေကြောင့် ဖြစ်လာစေနိုင်တယ် ..

တကယ်လို့များ သွေးကြောအထုံးထဲ သွေးခဲလေးတွေ
ပေါ်ထွန်းလာခဲ့ရင် အဆုပ်ထဲကို သွားရောက် ပိတ်ဆို့
နိုင်ပြီး ရုတ်တရက် ရင်ဘတ်အောင့် နှလုံးခုန် ရပ်ဆိုင်းသွားတာထိ ဖြစ်လာနိုင်ပါတယ်...

ပူပြင်းတဲ့နွေရာသီမှာ ဦးနှောက်သွေးကြော ပေါက်တတ်တဲ့အတွက် မွေးရာပါ သွေးကြောထုံးရောဂါ ရှိသူတွေ ပိုသတိထားရမှာပါ...

ဝမ်းဗိုက်အတွင်း သွေးကြောထုံးတာ ဖြစ်ခဲ့ရင်
ဝမ်းဗိုက်အောက်ပိုင်း စူးစူးရှရှအောင့်ခြင်း...
မနက်ခင်းမှာ သိပ်မနာပဲ တဖြည်းဖြည်း ပိုမို နာကျင်လာခြင်း ...လဲလျောင်းလိုက်တဲ့အခါ
ဒါမှမဟုတ် အပူကပ်တဲ့အခါ နာကျင်မှု ပိုလာခြင်းတွေ
ဖြစ်စေတတ်ပါတယ်...

ကုသနည်း အမျိုးမျိုးရှိပါတယ်...
မကုသခင် အရင်ဆုံး ပြုပြင်ရမှာက
အစားအသောက် အနေအထိုင် ပါဘဲ...
အာဟာရ မျှတအောင်စားပြီး ဝမ်းချုပ်တာကို ကာကွယ်ပါ...
အရက် ဆေးလိပ် ရှောင်ပါ...
သိပ်မဆိုးသေးရင် သက်သာသွားနိုင်ပါတယ်...

မတ်တပ်အကြာကြီး ရပ်တဲ့အလုပ်မျိုး မလုပ်ပါနဲ့..
ရပ်ရရင်လည်း နာရီဝက်တစ်ခါ ခန္ဓာကိုယ် ပြောင်းလဲပေးပါ...မကြာခဏ နားပေးပါ..

ခြေထောက်လိမ်ယှက်ပြီး မထိုင်ပါနဲ့..
ခါးပတ် ခါးစည်း အတွင်းခံ ကျပ်ကျပ်သိပ်သိပ် ဝတ်ခြင်းတွေက ရောဂါဖြစ်စေဖို့ အားပေးသလို
ဖြစ်စေပါတယ်...

ကြွက်သားလေ့ကျင့်ခန်း လုပ်ပေးပါ..အဝမလွန် အဆီမများ ပါစေနဲ့...
အိပ်တဲ့အခါ ခြေထောက်မှာ တစ်ခုခု မြှင့်တင်ပေးထားပါ...

အသားကပ်အိတ်တစ်မျိုး Compressing Stocking ကို တစ်နေကုန်ဝတ်သင့်ပါတယ်...
ညအိပ်ခါနီးမှ ချွတ်အိပ်ပါ...

ရောဂါဆိုးရွားလာရင်တော့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့
ပြသ တိုင်ပင်ပါ..
ခွဲစိတ်ကုသနည်း...ပေါင်ရင်းက သွေးပြန်ကြောကို ထုံဆေးပေးပြီး လေဆာရောင်ခြည်နဲ့ ခွဲထုတ်ပစ်တဲ့နည်း တခြားနည်း တွေရှိပါတယ်...

ခြေထောက်ကနေ နှလုံးဆီပြန်လာတဲ့ သွေးတွေရဲ့
၉၀ % က အတွင်းပိုင်းက သွေးပြန်ကြောတွေကနေ လုပ်ပေးတာမို့ သွေးကြောထုံး ဖြစ်စေတတ်တဲ့ အပေါ်ယံသွေးကြောကို ခွဲစိတ်ထုတ်ပြစ်တာ ပြဿနာမရှိပါဘူးဆိုတဲ့အကြောင်း ဒေါက်တာတင့်ဆွေရဲ့ ဆေးဆောင်းပါးအရ သိရပါတယ်...။ ။

အားလုံး ကျန်းမာ အသက်ရှည်ကြပါစေ...

ကိုးကား...
- ဒေါက်တာတင့်ဆွေ
Varicose Veins သွေးကြောထုံးခြင်း...

- ဒေါက်တာမြင့်ဦး(ဂျီပီ)
စွဲငြိတဲ့ ကျန်းမာရေးဆောင်းပါးများ...

- ဒေါက်တာအေးမင်းထူး
Health Care Journal
April 25, 2014...

0 comments:

Post a Comment